spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်နေသူများကို စစ်ကောင်စီအဖွဲ့မှ ထောက်ပံ့ကြေးပေးအပ်၊ အမှန်တကယ် စစ်ဘေးရှောင်နေသူများမရရှိ

    မွန်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်နေသူများကို စစ်ကောင်စီအဖွဲ့မှ ထောက်ပံ့ကြေးပေးအပ်၊ အမှန်တကယ် စစ်ဘေးရှောင်နေသူများမရရှိ

    -

    မွန်ပြည်နယ်အတွင်းရောက်ရှိနေသည့် စစ်ဘေးရှောင်( ၁၉၈၂၁) ဦးအတွက် လစဉ်ထောက်ပံ့ကြေးငွေ ၃ လစာကို စစ်ကောင်စီပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပေးအပ်ခဲ့ပြီး အမှန်တကယ် စစ်ဘေးရှောင်နေသူများ မရရှိနေကြောင်း သိရသည်။

    စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မွန်ပြည်နယ်အတွင်းရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ငွေကြေးထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

    စစ်ဘေးရှောင်သူတစ်ဦးလျှင် တစ်လထောက်ပံ့ကြေး ၂၀၀၀၀ နှုန်းဖြင့် သုံးလစာပေးအပ်ခဲ့ပြီး စုစုပေါင်း ငွေကျပ်သိန်း ၁ သောင်း ၁ ထောင်ကျော် ထောက်ပံ့ပေးအပ်ခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။

    သို့သော် ထောက်ပံ့ကြေးနှင့်ပတ်သတ်၍ တစ်စုံတစ်ရာ မကြားသိရကြောင်း မော်လမြိုင်မြို့ပေါ်ရှိ စစ်ဘေးရှောင်နေသူအမျိုးသမီးတစ်ဦးက ဆိုသည်။

    ပုံ/
    စစ်ဘေးရှောင်သူများကို စစ်ကောင်စီပြည်နယ်အစိုးရအဖွဲ့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ထောက်ပံ့ကြေးပေးအပ်ခဲ့စဉ်

    “ထောက်ပံ့ငွေပေးတဲ့ကိစ္စက ကျွန်မတို့ ဘာမှမကြားဘူး။ ဘာမှလည်း မရဘူး။ ဘာသတင်းမှ မရတာ။ ခုလက်ရှိက မော်လမြိုင် မှာပဲရှိနေတာ။ ကျွန်မတို့အသိတွေထဲကလည်း ဘယ်သူမှမရဘူး”ဟု ကျိုက်မရောဒေသမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

    သက်ဆိုင်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှုးထံ စာရင်းပေးသွင်း၍ ယာယီနေထိုင်နေသော်လည်း မည်သည့်အကြောင်းကြောင့် မရရှိသည်ကို မသိရကြောင်း အမျိုးသမီးက ဆက်ပြောသည်။

    အလားတူ စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ရေးနှင့် သံဖြူဇရပ် စစ်ဘေးရှောင် ပြည်သူအများစုကလည်း စစ်ကောင်စီမှ ပေးအပ်သည့် ထောက်ပံ့ကြေးများကို အများစုက ခံစားခွင့်မရနေကြောင်းလည်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။

    “စစ်ကောင်စီကနေပြီးတော့ ထောက်ပံ့ငွေက မပေးတာမဟုတ်ဘူး ပေးတယ်။ သူတို့ဆီမှာ စာရင်းရှိတဲ့ သူတွေကပဲ ရတာများတယ်။ စာရင်းရှိတဲ့သူတွေဆို နှစ်လတစ်ခါ သုံးလတစ်ခါပေးတယ်။ စာရင်းမပါရင်တော့ ခံစားခွင့်မရှိဘူး”ဟု မြို့ပေါ်အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

     မွန်ပြည်နယ်အတွင်း ယာယီစစ်ဘေးတိမ်းရှောင်နေသူများသည် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံ စာရင်းပေးသွင်းနေထိုင်နေသူများရှိသကဲ့သို့ လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် စာရင်းပေးသွင်းထားခြင်းမရှိပဲ နေထိုင်နေသူများလည်းရှိသည်။

    စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း မွန်ပြည်နယ်အတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်နေသူများကို တစ်ဦးလျှင် တစ်လထောက်ပံ့ကြေး ၂၀၀၀၀ နှုန်းဖြင့် ငွေကျပ်သိန်း ၃၇၀၀ ကျော်ကို ပထမအကြိမ် ထောက်ပံ့ပေးအပ်ခဲ့သေးသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းရှိ လက်နက်ကိုင်ပဋိပက္ခများကြောင့် မွန်ပြည်နယ်တွင် စစ်ဘေးရှောင်တိမ်းရှောင်နေသူ နှစ်သိန်းကျော်ရှိသည်ဟု စစ်တမ်းများအရသိရသည်။

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများကို မွန်ပြည်သူသစ်ပါတီနှင့် စစ်ဘေးရှောင်အရေးကူညီနေသူများက ကူညီထောက်ပံ့နေသလို၊ KNU ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်ပြည် သူများကိုလည်း KNU မှ ကူညီထောက်ပံ့မှုနေပြီး အလှူရှင်နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းတို့ကလည်း ကူညီထောက်ပံ့မှု လုပ်ဆောင်နေသည်ဟု သိရသည်။

    သို့သော် ကာလရှည်ရာ တောတောင်အတွင်း စစ်ဘေးရှောင်နေသူများ အမိုးအကာနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks