spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းစစ်မှူးထမ်းပြီးနောက် အလုပ်အကိုင်ပေးမည့် စစ်ကောင်စီ၏အစီအစဉ် လက်တွေ့မကျသည့်မက်လုံးသာဖြစ်ဟုဆို

    စစ်မှူးထမ်းပြီးနောက် အလုပ်အကိုင်ပေးမည့် စစ်ကောင်စီ၏အစီအစဉ် လက်တွေ့မကျသည့်မက်လုံးသာဖြစ်ဟုဆို

    -

    စစ်ခေါင်းဆောင်၏ စစ်မှုထမ်းတာဝန်ကျေပွန်သူများ အလုပ်အကိုင်ရရှိရေးအစီအစဉ်သည် မြေပြင်အနေအထားအရ လက်တွေ့မကျသည့်မက်လုံးသာဖြစ်သည်ဟု စစ်မှုထမ်းအရေးနှင့် လူ့အခွင့်အရေး စောင့်ကြည့်နေသူများက ဆိုသည်။

    စစ်မှူးထမ်းတာဝန်ကျေပွန်သူများ အလုပ်အကိုင်ရရှိရေးအတွက် “စစ်မှူးထမ်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီကို” ၂၀၂၅ ဇွန်လ ၈ ရက်နေ့တွင်ဖွဲ့စည်းကြောင်း စစ်ကောင်စီမှထုတ်ပြန်ခဲ့သည်။

    အဆိုပါကော်မတီမှ ပြန်လည်နေရာချမှု ခံယူလိုသည့် အမြဲတမ်းစစ်မှုထမ်းနှင့် ပြည်သူ့စစ်မှုထမ်းများ ၎င်းတို့လိုအပ်သည့် အသက်မွေးဝမ်းကျောင်းသင်တန်းများပေးရန်၊ အစိုးရ၊ ပုဂ္ဂလိကနှင့် ဌာနများမှ အသိမှတ်ပြု၍ အလုပ်အကိုင်ခန့်ထားရန် ဆောင်ရွက်သွားရန် ပါရှိသည်။

    စစ်မှူးထမ်းခေါ်ဆောင်ခံရလူငယ်များ အကောင်းပကတိ ကျန်းမာစွာပြန်လာ နိုင်သည့် အခွင့်အလမ်းနည်းပါးသည့်အပြင် ရည်ရွယ်ချက်ရှိရှိ လူသတ်ကွင်းသို့ ပို့ဆောင်ခံနေရသည့်အခြေနေတွင် လူသားဒိုင် Target ပြည့်ရန်အတွက် မက်လုံးပေးနေခြင်းဖြစ်သည်ဟု မွန်မှလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးကပြောသည်။

    “ အခုက အဓမ္မနည်းလမ်းမျိုးစုံနဲ့ စစ်မှုထမ်းဖို့ အတင်းခေါ်တဲ့ လူငယ်တွေအနေနဲ့ အကောင်းပကတိ ကျန်းမာစွာနဂိုဘဝကို ပြန်လာဖို့ဆိုတဲ့ အခွင့်အလမ်းက ဘယ်လောက်မှရှိမနေဘူး။ အလုပ်နေရာတွေအတွက် သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ဆိုပြီး မရေရာမသေချာတာတွေ တွေ့ရတယ် အဆင်ပြေသလို လစ်လပ်နေရာတွေမှာ စွမ်းရည်ရှိတဲ့ သူတွေကိုညှပ်ထည့်တဲ့သဘောလားပေါ့” ဟု ၎င်းကပြောသည်။

    ထို့ပြင် စစ်မှူးထမ်းများကိုဦးစားပေးအလုပ်ခန့်ရမည်ဖြစ်သဖြင့် ပုဂ္ဂလိက လုပ်ငန်းများကို စစ်ကောင်စီအဖွဲ့မှ ဖိအားပေးလာနိုင်ကြောင်း ဆက်ပြောသည်။

    စစ်ကောင်စီမှ လက်တွေကျလုပ်ဆောင်ပေးရမည့်အရာသည် မြေပြင်တွင် အကျိုးခံစားခွင့်ရရှိသင့်သည့် အောက်ခြေစစ်မှုထမ်းများ၏အခြေအနေကို ပြန်လည် စုံစမ်းကာ အသက်အာမခံနှင့်ကျန်ရှိသည့် စစ်မှူးထမ်းမိသားစုများအတွက်သာ ဆောင်ရွက်ပေးသင့်သည်ဟုလည်း ထောက်ပြပြောဆိုလျှက်ရှိသည်။

    မွန်ပြည်နယ်တွင် စစ်မှူးထမ်းသင်တန်းပြီးစီးသည့်သူများကို ရှေ့တန်းသို့ပို့ဆောင်ခံမှာဖြစ်ကြောင်းနှင့် စစ်ကောင်စီနှစ်ဖက်အကြားစစ်သားလိုအပ်ချက်အရ ရသည့်နည်းလမ်းဖြင့် စုဆောင်းနေကြသည် ဟုပေါင်မြို့နယ်မှစစ်တပ်နှင့်နီးစပ်သူတစ်ဦးကပြောသည်။

    “အသက်ရှင်လျက်ပြန်လာနိုင်အောင်ပဲ ဆုတောင်းရတာ၊ သင်တန်းဆင်းပြီးတာနဲ့ ခရီးဝေးရှေ့တန်းတန်းပို့တာ၊ တိုင်းပြည်ငြိမ်ချမ်းသွားရင်တော့ စစ်သားလိုအပ်ချက်တွေလျော့သွားမယ်၊ အခုချိန်မှာတော့ လိုအပ်ချက်မြင့်နေလို့ ရှာမရရင်အတင်းကြပ်ခေါ်မယ်၊ တရားဝင်အစိုးရရှိလာရင်တော့ ပြေလျော့သွားနိုင်မယ်” ဟု ၎င်းက ပြောသည်။

    စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းပြီးနောက် မြန်မာနိုင်ငံအထက်ပိုင်း အရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံထားရသည့် မွန်ပြည်နယ်မှ လူငယ်တို့သည် ယနေ့အထိ အဆက်သွယ်ရရှိနေသူများရှိသလို သတင်းအစနမရရှိဘဲ ပျောက်ဆုံးနေသူတို့လည်း များစွာရှိနေသည်။

    မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာပြောင်းလဲလာသည့် နိုင်ငံရေး အကျပ် အတည်းနှင့်အတူ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင်စစ်မှူးထမ်းဥပဒေကို အသက်သွင်း၍ နိုင်ငံသားများကိုစစ်မှူးထမ်းခေါ်ယူခဲ့သည်မှ အပတ်စဉ် ၁၅ အထိ ရှိလာပြီးဖြစ်သည်။

    စစ်မှူးထမ်းများကို အပတ်စဉ်တစ်ခုလျှင် လူဦးရေ ၅၀၀၀ နှုန်းခေါ်ယူခဲ့သည့်အတွက် ယခု အပတ်စဉ် ၁၅ တွင် လူဦးရေ ၇၅၀၀၀ ရှိဖြစ်ကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks