Wednesday, April 1, 2026
More
    spot_img
    Homeသတင်းကျုံဒိုးမြို့နှင့်အနီးတစ်ဝိုက်တွင် စစ်ဘေးရှောင် ၈၀၀ ကျော် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုအကူညီလိုအပ်

    ကျုံဒိုးမြို့နှင့်အနီးတစ်ဝိုက်တွင် စစ်ဘေးရှောင် ၈၀၀ ကျော် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုအကူညီလိုအပ်

    -

    ကရင်ပြည်နယ်၊ကျုံဒိုးမြို့နှင့် အနီးတဝိုက်တွင် စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူ ၈၀၀ ကျော် စစ်ဘေးဒုက္ခဒဏ်ခံနေရပြီး အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု မြေပြင်ရဲဘော်နှင့် စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်နေသည့် 33 society မှ ဖော်ပြချက်အရသိရသည်။

    မုန်တိုင်းအရှိန်ကြောင့် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေပြီး လေပြင်းတိုက်ခတ်နေသဖြင့် အမိုးအကာ မလုံလောက်မှုကြောင့် စစ်ဘေးရှောင်တို့ ရာသီဥတုဒဏ်ခံနေရသည်။

     မိုးရာသီအတွင်း စစ်‌ဘေးရှောင်တို့နေထိုင်သည့် ယာယီတဲအတွက် အမိုးအကာလုံလောက်မှုမရှိသည့်အပြင် အခြားအခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ်အကူအညီများကို စစ်ဘေးရှောင်သူ (၈၀၀) ကျော်၊ အိမ်ထောင်စု (၂၅၀)တို့အတွက် လိုအပ်လျှက်ရှိသည်ဟု သိရသည်။

    “မိုးတွင်းဆိုတော့ ယာယီတဲထိုးပြီး နေကြတယ်ဆိုတော့ မိုးလုံဖို့အမိုးအကာတော့ အတော်လေးလိုအပ်နေတယ်၊ အဖွဲ့စည်းဘက်ကတော့ ရိက္ခာအနေနဲ့က ဆန်တစ်မျိုးပဲ ပေးနိုင်တယ် စားနပ်ရိက္ခာ လိုအပ်တော့ တချို့မိသားစုတွေက ကိုယ့်အိမ်ကိုပြန်ပြီ ယူကြတယ် ” ဟု  33 society မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    နေအိမ်၊ကျေးရွာအတွင်းသို့ စားနပ်ရိက္ခာ ပြန်လည်ယူဆောင်သည့် စစ်ဘေးရှောင်အချို့ စစ်ကောင်စီ၏ လက်နက်ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးရသူများလည်း ရှိနေသည်။

    ပြီးခဲ့သည့် ဧပြီလမှစ၍ ယ‌နေ့အချိန်ထိ ကျုံဒိုးမြို့အနီးတဝိုက်ရှိ ဖားပုတ်၊ သမိန်တွတ်၊ ရေပူကြီး၊ ဝိဇ္ဇာကုန်း၊ မြောက်ကြာအင်း၊ လှိုင်ကွယ်၊ လှိုင်ဝ၊ ကော့ဝါးလဲ၊ နောင်တမန် အစရှိသည့် ကျေးရွာပေါင်း ၄၀ နီးပါး တိုက်ပွဲဖြစ်ပွားခြင်းနှင့် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခံနေရခြင်းကြောင်း ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ထွက်ပြေးတိမ်းရှောင်နေကြသူများကို  ကေအဲန်ယူ _ ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်အတွင်း အုပ်စုအလိုက် နေထိုင်ရန်စီစဉ်ထားသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာနေရာသို့ သွားလာရန် အခက်ခဲရှိနေကြောင်းနှင့် ဆေးဝါးလုံလောက်မှုလည်းမရှိကြောင်း အထက်ပါ စစ်ဘေးရှောင်အရေးကူညီပေးနေသူက ဆက်ပြောသည်။

    “ ဆေးခန်းတို့၊ ကျေးလက်ဆေးပေးခန်းတို့က တချို့နေရာတွေနဲ့ဝေးတော့ သွားလာရတာအခက်ခဲတွေရှိတယ် ကလေးငယ်တွေလဲများတော့ အခုချိန်က ခြင်ပေါတော့ ငှက်ဖျားအဖြစ်များတယ် နို့တိုက်ကလေးတွေ မိခင်တွေအတွက်လဲ အာဟာရဖြစ်စေမဲ့ ဖြည့်စွက်စာ ဆေးဝါးတွေလဲ လိုအပ်ချက်ရှိတယ်၊ တစ်ချို့လသားကလေးငယ်တွေဆို ကာကွယ်ဆေး ထိုးရမယ့်အချိန်တွေမှာ မထိုးနိုင်တဲ့ အခြေနေတွေလဲရှိတယ်” ဟုပြောသည်။

    ထို့ကြောင့် တော်လှန်မိဘပြည်သူများ အရေးပေါ်အကူအညီများ ပေးနိုင်ရန် Page messanger မှတစ်ဆင့်(သို့)  33 society  Network Agent များမှတစ်ဆင့် လာရောက်ဆက်သွယ်ရန်လည်း တိုက်တွန်းထားသည်။

    ပြီးခဲ့သည့် ဧပြီလမှ စတင်ဖြစ်ပွားနေခဲ့သည် ကော့ကရိတ်-ကျုံဒိုးတိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှု့ကြောင့် ကျုံဒိုးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများ သာသနိက အဆောက်အဦး၊ နေအိမ်နှင့် စာသင်ကျောင်းပျက်စီးမှုများရှိပြီး၊ အရပ်သား ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရမှုများလည်း ဆက်ရှိနေသည်ဟု သိရသည်။

     ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်စိုးမိုးရန် စစ်ကောင်စီအဖွဲ့တို့ မကြာခဏ စစ်ကြောင်းထိုးနေပြီး ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့က ကျုံဒိုးအခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ- ၅၄၆ မှတပ်ဖွဲ့ဝင်များက ခွဲထွက် DKBA ဗိုလ်ဘိအဖွဲ့နှင့်အတူ စစ်ကြောင်းထွက်ထိုးစဉ် တော်လှန်ရေးပူးပေါင်းတပ်တို့နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

    အဆိုပါ ကျုံဒိုး-ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်တို့ လက်နက်ချ၊ ထွက်ပြေးနေမှုကို ကြည့်ခြင်းအားဖြင့် စစ်မှုထမ်းတပ်သားသစ်များဖြင့် အင်အားဖြည့်အသုံးချနေသည်ကို ခန့်မှန်းနိုင်ကြောင်းလည်း စစ်ရေးသုံးသပ်သူတို့က ပြောဆိုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks