စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပြည်ထောင်စုတစ်ဝှမ်းလုံးရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများဖြစ်သည့် ပြည်သူ့ပါတီ(PP)၊ ရှမ်းနှင့် တိုင်းရင်းသာများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ အမျိုးသားတိုးတက်ရေးပါတီ(NDP) နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)မှ လက်ရှိမွန်ပြည်နယ်တွင် ပါတီရုံးအပြိုင်အဆိုင် ဖွင့်လှစ်လျှက်ရှိကြောင်း သိရသည်။
ပြည်သူ့ပါတီ(PP) မှ မွန်ပြည်နယ်အတွင်း ၅ မြို့နယ်၊ ကျားဖြူပါတီမှ ၄ မြို့နယ်၊ အမျိုးသားတိုးတက်ရေးပါတီ(NDP) မှ ၇ မြို့နယ်နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) မှ ၅ မြို့နယ်အထိ ပါတီရုံးများ ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပါတီအဖွဲ့ဝင်တာဝန်ရှိသူတို့ ပြောပြချက်အရ သိရသည်။
သို့သော် လုံခြုံရေးအခြေအနေကြောင့် ဘီးလင်း၊ ကျိုက်ထိုနှင့် ရေးမြို့နယ်များတွင် နိုင်ငံရေးပါတီများ ပါတီရုံးဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။
ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီများမှ လက်ရှိရုံးဖွင့်လှစ်ထားသည့် နေရာတို့တွင် ဌာနေတိုင်းရင်းသားတို့၏ အကျိုးစီးပွားကိုရှေးရူ့၍ ရရှိလာမည့် စီးပွားရေးလုပ်ငန်းအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးသွားမည့်အပြင် ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့်ကိစ္စတို့ကိုလည်း ဝိုင်ဝန်းဆောင်ရွက်ပေးနေသည်ဟု အမျိုးသားတိုးတက်ရေးပါတီ(NDP) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
"ကျနော်တို့နိုင်ငံရေးက ရိုးသားပါတယ်၊ Public အတွက်ပဲ ရည်ရွယ်လုပ်သွားမှာပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့ Nationalism ပါတီတစ်ခုပါ။ ဘာအနှောင်အဖွဲ့မှမရှိပါဘူး၊ ဒေသခံပြည်သူတွေအပြင် တစ်နိုင်ငံလုံးကောင်းမွန်တဲ့ စနစ်ဖြစ်ဖို့ အရေးကြီးတဲ့ မူဝါဒတွေရေးဆွဲတင်ပြဖို့၊ အဆိုပြုတောင်းဆိုဖို့ မွန်ပြည်နယ်မှာ ပါတီရုံတည်ထောင်ရခြင်းဖြစ်တယ်"ဟု ဆိုသည်။
အမျိုးသားတိုးတက်ရေးပါတီ (NDP) အနေဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ပါတီရုံးဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး လုံခြုံရေးအခြေအနေပေါ်မူတည်၍ ကျန်ရှိနေသည့်နေရာတို့တွင် ဆက်လက်ဖွင့်လှစ်သွားမည်ဟုလည်း ဆိုသည်။
နိုင်ငံရေးဘောင် ကျယ်ပြန့်ပါက စစ်ဘောင်ကျဉ်းလာမည်ဆိုသည့် နိုင်ငံရေးသမားတို့၏ ယူဆချက်ကို ဆက်လက်ဆုတ်ကိုင်ထားရှိပြီး နိုင်ငံရေးဘောင်ကျယ်ပြန့်လာရန် ကြိုးစားသွားမည်ဟုလည်း ပြည်သူ့ပါတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
"ကျန်နေတဲ့ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင် ကိုလည်း ဖွင့်လှစ်သွားဖို့ရှိပါတယ်၊ အကိုတို့နိုင်ငံရေးပါတီအနေနဲ့ကတော့ အခက်အခဲကာလကတော့ နိုင်ငံရေးဘောင်ကျယ်ရင် စစ်ဘောင်ကျဉ်းမယ်၊ စစ်ဘောင်ကျယ်ရင် နိုင်ငံရေးဘောင်ကျဉ်းမယ်ဆိုတဲ့ နိုင်ငံရေးသမားတွေယူဆချက်အရ နိုင်ငံရေးဘောင်ကျယ်တဲ့ကာလဖြစ်ဖို့ အကိုတို့ကြိုးစားနေပါတယ်"ဟု IMNA ကိုပြောသည်။
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်နယ်အဆင့်တွင် ဝင်ပြိုင်မည့် မွန်ညီညွတ်ရေးပါတီ(MUP) နှင့် ပြည်ထောင်စုတစ်ဝန်းလုံးတွင် ဝင်ပြိုင်မည့်ပါတီ ၉ ပါတီနှင့်ဆိုလျှင် မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီ ၁၀ ပါတီခန့် ရှိနိုင်သည်။
လတ်တလော မွန်ပြည်နယ်အတွင်း ပြည်ထောင်စုတစ်ဝှမ်းလုံး စည်းရုံးမည့်ပါတီများဖြစ်ကြသည့် ပြည်သူ့ပါတီ(PP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)နှင့် အမျိုးသားတိုးတက်ရေးပါတီ(NDP) မှ မြို့နယ်ရုံးဖွင့်လှစ်ခြင်းအပါအဝင် ပါတီဝင်စုစည်းခြင်းများကိုလည်း လုပ်ဆောင်လျှက်ရှိသည်။
ပြီးခဲ့သည့် ဇူလလိုင် ၁၀ ရက်နေ့အထိ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်းရုံးမည့်ပါတီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပါတီ ၅၅ ပါတီရှိကြောင်း သိရသည်၊
ရေးမြို့နယ်တွင် စစ်ကောင်စီ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ဆောင်ရွက်နေမှုများကို အုပ်ချုပ်ရေးမှုးများ၊ Non CDM ဝန်ထမ်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ရန် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF) နှင့် ဒေါနတပ်ရင်း(၂) သတိပေးထုတ်ပြန်ထားသေးသည်။


