စစ်ကောင်စီသည် နိုင်ငံရေးကိစ္စများတွင် ဝင်ရောက်ခြယ်လှယ်နေသ၍ တိုင်းပြည်သည် ငြိမ်းချမ်းမည်မဟုတ်ကြောင်း ရာမည ဖက်ဒရယ်အင်အားစုသစ် (NRFF) မှ ပြောရေးဆိုခွင့်ရှိသူ မင်းသံလွင်က ပြောသည်။
ထို့အတူ တိုင်းပြည်မတည်ငြိမ်ခြင်းကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများမှာလည်း ဆက်လက်ဆုတ်ယုတ်နေမှာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အကြမ်းဖက်စစ်တပ်က နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက်ခြယ်လှယ်နေသ၍ ကျနော်တို့ တိုင်းပြည်က ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ပါဘူး။ ဒီလိုမှမဟုတ်ရင် ငြိမ်းချမ်းသယောင် အခြေအနေဖြစ်သွားလိုက် စစ်တပ်ကပြန်အာဏာသိမ်းလိုက် ပြည်သူတွေ သေကြေပျက်စီး ထိခိုက်မှု စတဲ့ ဒုက္ခသံသရာက ပြီးတော့မှာ မဟုတ်ဘူး။ ဒီအတွက်ကြောင့် ပြဿနာအားလုံးရင်းခံ အကြမ်းဖက်စစ်တပ်နဲ့ အာဏာရှင်စနစ်ကို ကျတော်တို့ အားလုံး ဒီအချိန်မှာ အတူတကွ တိုက်ဖျက်ပစ်နိုင်မှသာလျှင် လွတ်လပ်ပြီး တည်ငြိမ်အေးချမ်းမှုရှိတဲ့ တိုင်းပြည်ကိုတည်ဆောက်နိုင်မှာဖြစ်ကြောင်းပြောချင်ပါတယ်” ဟု မင်းသံလွင်က ပြောသည်။
စစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်အရေအတွက်၂၅ ရာခိုင်းနှုန်းကို ရယူထားပြီး တပ်ချုပ်က တိုက်ရိုက်ရွေးချယ် ခန့်အပ်ထားသည်။
ထို့အတူ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် ပြည်သူ့ဆန္ဒမဲဖြင့် ရွေးကောက်ထားသည့် အရပ်သားအစိုးရ ထိန်းချုပ်မှုအောက်တွင် မရှိဘဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိသော အဖွဲ့အစည်းလည်း ဖြစ်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းမှားယွင်းသည်ဟုဆိုသည့် အကြောင်းပြချက်ဖြင့် စစ်တပ်သည် အရပ်သားအစိုးရထံက နိုင်ငံတော် အာဏာကို လုယူခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျှက်ရှိသည်။
နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်ပြီး လက်နက်ကိုင်ပဋိပက္ခများ ရှိနေသမျှကာလပတ်လုံးသည် ပြည်သူလူထု အကျပ်အတည်းများဖြင့် ရင်ဆိုင်ကြုံတွေ့နေရမှာဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ဦးဇော်မင်းနိုင်က ပြောသည်။
“ကျနော်တို့ မြန်မာပြည်သည် စိုက်ပျိုးရေးနိုင်ငံပေါ့၊ စိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့အတွက်မို့ စိုက်ပျိုးရမှာ သူ့အချိန်နဲ့သူ စိုက်ရပျိုးရ ထုတ်ရမှာ၊ ထုတ်ပြီးတော့မှ ကျနော်တို့ Export သွားတဲ့ဟာသွား၊ ပြည်တွင်းဈေးကွက်ကို သွားတဲ့ဟာသွား ဒီလိုမျိုးတွေ လည်ပတ်ရတာ၊ Conflict (ပဋိပက္ခ) တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတဲ့အခါမှာ တောင်သူတွေက စပါးပုံမှန်မစိုက်နိုင်တော့ဘူး။ ပုံမှန်သီးနှံတွေ မထုတ်နိုင်တော့ဘူး။ အခုဆိုရင် နိုင်ငံခြားကို ပို့ဖို့မပြောနဲ့ ပြည်တွင်းမှာကိုပဲ Hunger (ငတ်မွတ်မှု) ဖြစ်တာပေါ့နော်၊ ငတ်မွတ်မှုဒဏ်ကို ခံနေရတာသည် ခုနားက ဒေတာအရဆိုရင် 20 million ရှိတာပေါ့နော်၊ သန်း ၂၀ တော့ လူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီ ဆိုတဲ့ဟာပေါ့နော်၊ ဒီလိုအနေအထားမျိုးမှာ ကျနော်တို့က ပြည်သူတွေ သက်သာရာ ဆိုတဲ့ဟာမျိုးက မဖြစ်နိုင်ဘူးပေါ့နော်၊ အေးချမ်းနေတဲ့ နေရာတွေမှာ ရှိနေတဲ့ သူတွေကလည်း သူ့နည်းသူ့ဟန်နဲ့ ရုန်းကန်နေကြရတဲ့ သူတွေကြီးပဲပေါ့လေ၊ ကျနော်ရဲ့ တခွန်းထဲဖြေရမယ်ဆိုရင်တော့ Peace မရှိဘဲနဲ့ တိုင်းပြည်တိုးတက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။
ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခနှင့်အတူ ငလျင်နောက်ဆက်တွဲ ဆုံးရှုံးမှုများကြောင့် မြန်မာ့စီးပွားရေး တိုးတက်လာဖို့ အခြေအနေ မရှိသေးဘဲ ရှိရင်းစွဲ အနေအထား ထပ်မကျရန် ထိန်းထားရသည့် ပုံစံမျိုး ဖြစ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏ ကဏ္ဍအရပ်ရပ်ကို စစ်တပ်က ရယူထိန်းချုပ်ထားပြီး လက်ရှိတွင်လည်း အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေကြောင်း သိရသည်။
ယခင် အရပ်သားအစိုးရ လက်ထက်ကတည်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ နှင့် စစ်တပ်တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများတွင် နိုင်ငံရေးမှ စစ်တပ်ထွက်ခွာရန် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။