spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းနတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မွန်၊ ကရင်၊ ထားဝယ်ပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့

    နတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မွန်၊ ကရင်၊ ထားဝယ်ပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့

    -

    တနသႅာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အရှေ့ဘက်ခြမ်း ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်ရန် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို မွန်၊ ကရင်၊ ထားဝယ်တော်လှန်ရေးပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ဇူလိုင်လ ၁၁၊ ၁၂၊ ၁၄ နှင့် ၁၅ ရက်နေ့အထိ လေးရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ရာ၌ ဗိုလ်မှုးအောင်ဘိုဟိန်းအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

    “ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး အမှတ် ၈ လမ်းမကြီးမှာရှိတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ နတ်အိမ်တောင်နယ်စပ်စခန်းဘက်ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တယ်။ အခုတော့ စကစဘက်ကတော့ ပြန်လည်ဆုတ်ခွာသွားပြီ။ ဆုတ်ခွာသွား ပေမဲ့ သူတို့ဘက်က အစီအစဉ်တစ်မျိုးမျိုးနဲ့ ထပ်လာဖို့တော့ ရှိနေတယ်။ နတ်အိမ်တောင်နယ်စပ်စခန်းကို အင်အားဖြည့်ဖို့တော့ အစီအစဉ် ရှိနေသေးတယ်” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှုး ပဒိုစောအယ်နားက IMNA သို့ ပြောသည်။

    ထိုလေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦးအရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ငယ် (‌၉) လက် ၊ RPG (၁) လက် ၊ ၆၀ မမ (၁) လက် နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိကာ ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများကို ကရင်အမျိုးသားအစည်းအရုံး KNU မှ ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်းလည်း သိရသည်။

    နတ်အိမ်တောင်နယ်စပ်စခန်းသို့ အင်အားဖြည့်တင်ရန် စစ်ကြောင်းထိုးလာသည့် တပ်ရင်းများမှာ စစ်ကောင်စီကမ်းရိုးတန်းစစ်ဌာနချုပ်လက်အောက်ခံ ကလိန်အောင်မြို့အခြေစိုက် ခလရ-၂၈၂၊ ခလရ-၂၇၃၊ ခမရ- ၄၀၈၊ ခမရ- ၄၀၉ နှင့် ခမရ-၄၁၀ တို့ဖြစ်ကြောင်း သိရသည်။

    “အခုက ကျနော်တို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက နတ်အိမ်တောင်နယ်စပ်စခန်းကို သိမ်းနေတာက တစ်ပိုင်း၊ စစ်ကြောင်းထိုး မဝင်ရောက်လာနိုင်အောင် တိုက်ခိုက်နေတာကတစ်ပိုင်း အဲလိုတော့ ရှိတယ်။ ကျနော်တို့ကတော့ ဖြတ်တောက်မှုတွေကို တောက်လျောက်လုပ်နေတယ်။ သူတို့ကတော့ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့ လုပ်နေတယ်။ ဒါပေမဲ့ သူတို့တက်လာဖို့က လမ်းကြောင်းမရဘူး ဖြစ်နေတယ်။ စစ်ကူလာတဲ့ လမ်းကြောင်းတွေကို ကျနော်တို့ ဖြတ်တောက်နေတယ်။ နတ်အိမ်တောင်ဗျူဟာ ကုန်းကိုတော့ သူတို့အကျခံမှာ မဟုတ်ဘူး။ မကျအောင်တော့ သူတို့တတ်နိုင်သလောက်တော့ ကြိုးစားလာမှာပဲ။ ကျနော်တို့ဘက်ကလည်း ပူးပေါင်းအင်အားနဲ့ အားကောင်းကောင်းနဲ့ ထိုးစစ်ဆင်နေတယ်။ အခုငြိမ်နေတယ်ဆိုပေမဲ့ မကြာခင် အဖြေတစ်ခုတော့ ပေါ်လာမယ်” ဟု ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ-၄ စစ်ကြောင်းမှူး ကိုအောင်ပန်းက ပြောသည်။

    အဆိုပါ တိုက်ပွဲဖော်ဆောင်မှုကို ဒေါနစစ်ကြောင်း-၂ ၊ ဒေါနစစ်ကြောင်း-၃ ၊ KNLA တပ်မဟာ-၄ ပူးပေါင်းတပ်များ၊ တပ်မဟာ-၆ တပ်ရင်း ၂၇ ပူးပေါင်းတပ်များ၊ NMSP(AD) ရာမညမွန်တပ်တော် R.M.A၊ မွန်ပြည်‌တော်လှန်ရေးတပ် MSRF၊ KTLA၊ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိစစ်ကောင်စီ၏ နယ်စပ်စခန်းများသည့် ထီးခီး၊ ထီးထ၊ ဘောဒီ၊ ငါးရံ့နီနှင့် သုခစခန်းများကို ယခုနှစ်အတွင်းမှာပင် KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် တပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ရန် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks