စာရေးသူ – နိုင်လဝီအောင် (နိုင်ငံရေးသိပ္ပံနှင့် ပထဝီနိုင်ငံရေးလေ့လာသူတစ်ဦး)
နိဒါန်း
“… လူမျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် အကျိုးစီးပွားကို အကြောင်းပြုပြီး၊ တော်လှန်အရေးအရာအကြောင်း ပွဲခင်း ပြောဆို လာလျှင် နိုင်ငံရေးအကြောင်းကို ဥပေက္ခာပြုထား၍မရသလို နိုင်ငံရေးဟုဆိုလိုက်လျှင် နယ်မြေကိစ္စပဓါနပြုလာကြောင်း ဤအခင်းအကျင်းကို နယ်မြေနှင့် နိုင်ငံရေး (သို့မဟုတ်) နိုင်ငံရေးနှင့် နယ်မြေ တစ်နည်းအားဖြင့် ပထဝီနိုင်ငံရေး Geopolitics ပါမှသာလျှင် လူမျိုးအတွက် လျှောက်လှမ်းနေသည့် တော်လှန်ရေးခရီးစဥ်အကြောင်းများကို ပြောဆိုဆွေးနွေးကြတာ ပိုမို ပြည့်စုံနိုင်လိမ်မည်” ဟု အစပြုမိတ်ဆက်ပါရစေ … ။
[ပထဝီနိုင်ငံရေး Geopolitics ဝေါဟာရကို ဆွီဒင်နိုင်ငံသား ပထဝီပညာရှင် ရှီလင်း Shelin] မှ စတင်သုံးစွဲလာခဲ့ပြီး၊ ယနေ့ခေတ်နိုင်ငံရေးလောကမှာ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအတွက်ဖြစ်စေ၊ ကမ္ဘာ့နိုင်ငံရေးအတွက်ဖြစ်စေ အလွန် အရေးပါလာကြသည်ကို တွေ့နေရပါသည်။ နိုင်ငံရေးသည် ပထဝီ (ဥပမာ – မြေ၊ ရေ၊ သယံဇာ စသဖြင့်) ဆိုင်ရာ အချက်အလက်များဖြင့် လေ့လာလျှင် ပထဝီနိုင်ငံရေး ဖြစ်ပေသည်။ နိုင်ငံ သို့မဟုတ် လူမျိုးတို့သည် နိုင်ငံရေးကို ပထဝီဆိုင်ရာအချက်အလက်များကို အခြေပြု၍ လေ့လာကြည့်လျှင် ထိုနိုင်ငံ သို့မဟုတ် ထိုလူမျိုး၏ ကောင်းခြင်း ဆိုးခြင်း ကံကြမ္မာပေါ်တွင် အများအပြားလွှမ်းမိုးမှုရှိနေကြသည်။ မြေ၊ ရေ၊ လေ စသည့် ပထဝီဆိုင်ရာအချက် အလက်များအပေါ်မူတည်၍ မိမိတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားအလိုက် ဖြစ်ထွန်းလာအောင် စွမ်းဆောင်ပေး နိုင်ခြင်းသည် ဒါဟာ “ပထဝီနိုင်ငံရေး၏ အခြေခံသဘောတရား” ဖြစ်ပေသည်။ ပထဝီပညာရှင် ရှီလင်၏ အဆိုအရ “ပထဝီနိုင်ငံရေးပညာရပ်သည် ရေပုံ၊ မြေပုံတို့ကို နိုင်ငံရေးနှင့်ပေါင်းစပ်ထားပြီး လေ့လာနေခြင်းသည် အခြေခံ အားဖြင့် ပထဝီနိုင်ငံရေးပါပဲ” ဟု ရိုးရှင်းစွာဖြင့် ဖွင့်ဆိုထားသည်။ နိုင်ငံ သို့မဟုတ် လူမျိုးနှင့်သက်ဆိုင်နေသော ပထဝီနိုင်ငံရေးကို ဆွေးနွေးတော့မည်ဆိုလျှင် ထိုနိုင်ငံ သို့မဟုတ် ထိုလူမျိုးနှင့်ဆက်စပ်နေကြသော ပထဝီဆိုင်ရာ သဘောသဘာဝနှင့် သဘောတရားများကို ဦးစွာပထမ လေ့လာရပါသည်။ ဆိုတော့ … ယနေ့မွန်ဒေသသည် ပထဝီ နိုင်ငံရေးရှုထောင့်ဖြင့် ခပ်ရိုးရိုး ပုံဖော်လေ့လာမယ်ဆိုရင် အားသာချက် နှင့် အားနည်းများကို ပထဝီနိုင်ငံရေး၏ အခြေခံသဘောတရားအရ အရေးပါသော ရှုထောင့်တချို့ဖြင့် အကျယ်တစ်ဝင့် တင်ပြပေးသွားပါမည်။

ပထဝီနိုင်ငံရေးသည်မှာ အဘယ်နည်း။
ပထဝီနိုင်ငံရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ ဒေသတစ်ခုအပေါ် ပထဝီဝင်အခြေအနေများ၊ သမိုင်းနောက်ခံအခြေအနေများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည်အားဖြင့် နိုင်ငံတကာအခြေအနေ အရပ်ရပ်တို့အပေါ်လေ့လာသုတေသနပြုသောပညာရပ်ဖြစ်၏။ နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံခြားရေးမူဝါဒ ချမှတ်ရန်အတွက် နိုင်ငံရေးပထဝီဝင်အသိပညာနှင့် နည်းနာများကို အသုံးချနေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပထဝီနိုင်ငံရေးဆိုသည်မှာ သဘာဝအဖြစ်အပျက်မှုများအပေါ်မူတည်၍ နိုင်ငံရေးရာကိစ္စရပ်များ ဖြစ်ပေါ်နေသည့် အကြောင်းအရာကို လေ့လာသည့် သိပ္ပံပညာရပ်ဖြစ်သည်။ ပထဝီနိုင်ငံရေး၏ အခြေခံအားဖြင့် မျိုးကွဲ (၃)မျိုးဖြင့် ဖွင့်ဆိုကြသည် –
- နိုင်ငံရေးနှင့် ပထဝီတည်ရှိပုံတို့အကြား ဆက်နွယ်မှုကို လေ့လာခြင်း။
- နယ်မြေဒေသတစ်ခု၏ ရှေ့အလားအလာကို ခန့်မှန်းဆန်းစစ်တွက်ချက်ခြင်းနှင့် ယင်းနယ်မြေဒေ သတွင် နိုင်ငံရေးသြဇာအာဏာကို အသုံးပြုခြင်း။
- နိုင်ငံရေးတွင် ပထဝီအနေအထားကို အခွင့်အရေးယူ အသုံးချခြင်း။
ရှုထောင့် (၁) – ပထဝီနယ်မြေအကျယ်အဝန်းအခြေခံ (Size)
နယ်မြေအကျယ်အဝန်းများသည် နိုင်ငံ သို့မဟုတ် လူမျိုး၏ အရှိန်အဝါကို အများအပြားသက်ရောက်မှုရှိသည်ဟု ဆိုနိုင်ပါသည်။ နယ်မြေနယ်နိမိတ်ကျယ်ဝန်းသော နိုင်ငံ သို့မဟုတ် လူမျိုးသည် သဘောသဘာဝအရ “သြဇာသက် ရောက်မှု Influence” နှင့် “အရှိန်အဝါကြီးမှု Great Influence” ရှိကြပါသည်။ နိုင်ငံငယ် သို့မဟုတ် လူမျိုးငယ်တိုင်း သြဇာအာဏာနည်းပါး Lack of Influence သည်ဟု မဆိုနိုင်လည်း အရှိန်အဝါးနည်းပါးသော နိုင်ငံ သို့မဟုတ် လူမျိုး တိုင်းသည် အရွယ်အစားငယ်ကြသည်။ ယေဘုယျအားဖြင့် နိုင်ငံ သို့မဟုတ် လူမျိုး၏ နယ်မြေနယ်နိမိတ်ကြီးလျှင် ကြီးသလောက် “စစ်အင်အားလည်း ကြီးရန်လိုလာသဖြင့် စစ်အသုံးစရိတ်များလည်း များစွာကုန်ကျနိုင်သည်” ဟု ဆိုရပါမည်။ နိုင်ငံအတွင်း မတည်ငြိမ်မှုများ သို့မဟုတ် လူမျိုးအတွင်း လုံးစည်းညီညွတ်မှုကျဆင်းခြင်း ရှိနေပါက နယ်မြေထိစပ်မှုကိုလည်း မထိန်းသိမ်းနိုင်ငံခြင်း၊ အကာအကွယ်မပေးခြင်း ဖြစ်လာလျှင် ဆိုးကျိုးများစွာ ကြုံတွေ့ ရပါလိမ့်မည်။ ဥပမာ – မွန်လူမျိုးသည် ဖက်ဒရယ်စနစ်အရ အခြားလူမျိုးများနှင့်အတူ ပြည်နယ်အဖြစ် တန်းတူ ယှဥ်တွဲနေထိုင်သည်ဖြစ်စေ၊ လွတ်လပ်ပြီးနိုင်ငံသစ်ထူထောင်သည်ဖြစ်စေ၊ ကွန်ဖက်ဒရိတ်အဖြစ် နေသည်ဖြစ်စေ စဥ်းစားရမည့်အချက်ကတော့ “လူမျိုး အခွင့်အရေး၊ ရပိုင်ခွင့်၊ အကျိုးစီးပွားများကို ဖော်ဆောင်ရာ၌ နယ်နိမိတ် နယ်မြေ၏ အရေးပါပုံကို အမြဲတမ်းထည့်သွင်းစဥ်းစားကြရမည်” ဟု တင်ပြလိုပါသည်။ ၂၀၂၁ ခုနှစ် နောက်ပိုင်း ငါးနှစ်ခန့်ကာလတွင် ကိုယ့်နယ်မြေကို ပြန်လည်ရရှိပိုင်ဆိုင်ရေး၊ ကိုယ့်နယ်မြေစိုးမိုးမှုရရှိရေး၊ ကိုယ့်နယ်မြေလုံခြုံ မှုရရှိရေး စသည်တို့ကို နိုင်ငံရေးဦးဆောင်မှုအောက်ကနေ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းဖြင့် ဦးစားပေး လုပ်ငန်းတာဝန်များအဖြစ် ဖော်ဆောင်နေကြသည်ကို မြင်တွေ့ရပါသည်။ ယနေ့မွန်ဒေသသည် အိမ်နီးချင်းနိုင်ငံ (ထိုင်း)နှင့် နယ်မြေထိစပ်သည့်လူမျိုး (ကရင် နှင့် ဗမာ)အပါအဝင် အဓိကအကျိုးစီးပွားများနှင့်နှိုင်းယှဥ်ကြည့်ပါက နယ်မြေနှင့်စပ်လျဥ်း၍ အငယ် Small၊ အလယ်အလတ် Middle၊ အကြီး Wide ဟူ၍ သုံးမျိုးခန့်ခွဲရပါမူ မွန်မြေသည် “အငယ်စာရင်း” ထဲမှာ ပါနေပါသည်။ သို့သော် အရှေ့တီမော၊ စင်္ကာပူ၊ အစ္စရေး၊ ဗာတီကန် စသောနိုင်ငံများနှင့်နှိုင်း ယှဥ်ကြည့်လျှင် မွန်နယ်မြေက အများကြီး ကျယ်ဝန်းနေပါသည်။
ရှုထောင့် (၂) – မွန်လူမျိုးတည်နေရာအနေအထား (Location)
နိုင်ငံဖြစ်ဖြစ်၊ လူမျိုးဖြစ်ဖြစ် ပထဝီနိုင်ငံရေးရှုထောင့်ဖြင့် လေ့လာလျှင် ထိုနိုင်ငံ သို့မဟုတ် ထိုလူမျိုး တည်ရှိသော အနေအထား Location မပါမဖြစ် ထည့်စဥ်းစားရမည်။ အကြောင်းရင်းကတော့ အမျိုးသားအကျိုးစီးပွားကို ဦးတည်၍ နိုင်ငံရေးစနစ်များကို ကြိုက်သလို ပုံဖော်နိုင်သော်လည်း နိုင်ငံ သို့မဟုတ် လူမျိုး၏ တည်နေရာသည် လိုအပ်သလို ပြောင်းရွှေ့ရနိုင်သည် မဟုတ်ပေ။ ထို့ပြင် နိုင်ငံနှင့် လူမျိုးဆက်စပ်နေလျက်ဖြစ်ပြီး ထိုနိုင်ငံ၏ တည် နေရာနှင့်ပတ်သက်သော ထိုနိုင်ငံ၏ ငြိမ်းချမ်းခြင်း၊ မတည်ငြိမ်ခြင်း၊ ဆင်းရဲခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း စသည်တို့ကို “နိုင်ငံရေးကံကြမ္မာအပေါ်တွင် များစွာ သက်ရောက်မှုရှိနေခြင်း” ဆိုနိုင်ပါသည်။ နိုင်ငံ သို့မဟုတ် လူမျိုး နေထိုင်ရာ တည်နေရာကို အမျိုးအစားခွဲကြည့်လိုက်လျှင် – ကုန်းတွင်းပိတ် Land Lock၊ ကမ်းရိုးတန်းရှိ Open နှင့် ကျွန်းနိုင်ငံ Island – ဟူ၍ သုံးမျိုးပိုင်းခြားနိုင်သည်။ ယနေ့မွန်လူမျိုးတို့ နေထိုင်ရာဒေသသည်လည်း ဒုတိယအမျိုးအစားထဲမှာ ပါဝင်ပါလိမ့်မည်။ ကုန်းတွင်းပိတ်ဒေသ မဟုတ်လို့ “နိုင်ငံရေးဆိုင်ရာမူဝါဒ ချမှတ်ရာတွင် အမြဲတမ်းလိုက်လျော သည့်ပုံစံမျိုး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အခြားနိုင်ငံ သို့မဟုတ် အခြားလူမျိုးကို အလွန်မှီခိုနေရခြင်း အတားအဆီးမျိုး မရှိပါ။” ဥပမာ – ရှည်လျာသော မွန်ဒေသသည် ကမ်းရိုးတန်း နှင့် ကုန်းတွင်း ချိတ်ဆက်ထားမှုကို လူမှု-စီးပွားရေး Socio-Economic ရှုထောင့်အရလည်း အားသာချက်များစွာ ရှိနေပါသည်။ အရှေ့တောင်အာရှကို ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ပေါင်းကူးသွားလာနိုင်မည့် ဆုံမှတ် Junction ရှိနေပြီး စီးပွားရေး၊ နိုင်ငံရေးသာမက စစ်ရေးအရပါ မဟာဗျူဟာကျသည့် နေရာတစ်ခုလည်း ဖြစ်နေသည်ဟု မှတ်ချက်ပြုလိုပါသည်။ မွန်ဒေသသည် အရွယ်အစားအားဖြင့် အငယ်အစား Small ထဲမှာ ပါဝင်နေသော်လည်း ပထဝီနိုင်ငံရေး သဘောတရားအရ အချက် အချာကျသော အားသာချက်မျိုး ရှိနေပါသည်။ သို့သော် အချက်အချာကျသည်ဆိုတိုင်းလည်း ကောင်းလွန်းသည် ဟူ၍ ဆိုနိုင်သည်မဟုတ်။ လူမျိုးအတွင်း အချင်းချင်း အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားစည်းလုံးညီညွတ်မှု၊ ထိရောက်မှန်ကန်သောခေါင်းဆောင်မှုစွမ်းရည်၊ ခေါင်းဆောင်များ၊ သင့်တင့်သော ကာကွယ်အင်အား ရှိမနေပါက ကိုယ့်လူမျိုးအကျိုးစီးပွားများကို နည်းမျိုးစုံအန္တရာယ်ကျရောက်နိုင်သည်ဟု မီးမောင်းထိုးပြရန် လိုအပ်ပါသည်။
ရှုထောင့် (၃) – မွန်ဒေသကို နယ်မြေပုံသဏ္ဌာန် (Shape of the Mon Land)
လူမျိုးများ အခြေချနေထိုင်သည့် နယ်မြေသည် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ထိုနယ်မြေ၏ ပုံသဏ္ဌာန်ကို လေ့လာကြည့်လျှင် မြောက်အမေရိကတိုက်ရှိ ချီလီ Chile နိုင်ငံကဲ့သို့ ရှည်မျောမျောပုံသဏ္ဌာန် Elongated Shape ဥရောပတိုက်အလယ်ပိုင်းရှိ ပိုလန်း Poland နိုင်ငံကဲ့သို့ အချက်ပြားပုံသဏ္ဌာန် Compact Shape အရှေ့တောင်အာရှ ရှိ ထိုင်း Thailand နိုင်ငံကဲ့သို့ အစွန်းထွက်များပါသောပုံသဏ္ဌာန် Prorupted Shape အင်ဒိုနီးရှား နှင့် ဖီလစ်ပိုင်နိုင်ငံ ကဲ့သို့ ကျွန်းပေါင်းများစွာနှင့် ဖွဲ့စည်းထားသည့် အစိတ်အပိုင်းများသည့်ပုံသဏ္ဌာန် Fragmented Shape နှင့် အခြား နိုင်ငံများ ဝိုင်းပတ်ထားသည့် အီတလီနိုင်ငံကဲ့သို့ အပေါက်ပါသည့်ပုံသဏ္ဌာန်ဟူ၍ ငါးမျိုးခွဲခြားနိုင်သည်။ မွန်လူမျိုး နေထိုင်သည့်ဒေသသည် အထက်ပါ ပုံသဏ္ဌာန် ငါးမျိုးဖြင့် မည်သည့်ပုံသဏ္ဌာန်ကိုက်ညီသနည်း တွေ့ပါလိမ့်မည်။ ရှည်မျောမျောပုံသဏ္ဌာန်ကို ပိုင်ဆိုင်ထားသည့်နိုင်ငံများတွင် လမ်းပန်းဆက်သွယ်ရေး၊ အချင်းအချင်းဆက်သွယ်မှု၊ နယ်စပ်နိုင်ငံများနှင့် စီးပွားရေး စသော အားနည်းချက်များကြောင့် အမျိုးသားစည်းလုံးညီညွတ်မှု အားနည်းလေ့ ရှိတတ်ကြသည်။ ဥပမာ – တောင်တရုတ်ပင်လယ်ကမ်းစပ်တွင်ရှိသော ရှည်မျောမျောဖြစ်သည့် ဗီယက်နမ်နိုင်ငံမှာ တောင်နဲ့မြောက် ခွဲခြားသည့်ပြဿနာ ဖြစ်ပေါ်ခဲ့သလို၊ ကိုရီးယားဆိုလျှင်လည်း တောင်နဲ့မြောက်ဟူ၍ နှစ်နိုင်ငံကွဲ သွားရသည်ထိ ဖြစ်ခဲ့ရသည်။
ယနေ့မွန်တို့နေထိုင်ကြသည့်ဒေသသည်လည်း “ရှည်မျောမျောပုံစံ Elongated Shape” ဖြစ်နေရာ အမျိုးသားစည်း လုံးညီညွတ်ရေးအပိုင်းမှာ အားနည်းချက်များ ရှိနေသလို၊ မွန်ပြည်သူအချင်းချင်းကြားတွင်လည်းကောင်း၊ မွန်ပြည် သူနှင့် ထိစပ်နေသည့် ကရင်ပြည်သူများအကြားလည်းကောင်း မယုံကြည်မှုများ ရှိနိုင်လိမ့်မည်ဟု မှန်းဆပါသည်။ မွန်လူမျိုးကို ခေါင်းဆောင်နေသည့်ပုဂ္ဂိုလ်များသည် “တိုင်းပြည်တည်ဆောက်ရေး Nation-Building” နှင့် “နိုင်ငံ တော်တည်ဆောက်ရေး State-Building” တို့ကို ပါးနပ်စွာ မဆောင်ရွက်တတ်လျှင် ထိစပ်နယ်မြေများ တည်ငြိမ်မှု ထိန်းသိမ်းရာတွင် အခက်အခဲများစွာ ကြုံတွေ့ရလိမ့်မည်။ အလာတူပင် အမျိုးသားစည်းလုံးညီညွတ်ရေးအစီအမံ များကိုလည်း ဦးစားပေးလုပ်ငန်းတာဝန်အဖြစ် စနစ်တကျ ဆောင်ရွက်မှုမရှိပါက မွန်ပြည်သူနေထိုင်သည့်ဒေသ၏ ပုံသဏ္ဌာန်သည် “ပထဝီနိုင်ငံရေး Geopolitics” အရ ရေရှည်အားနည်းချက်ဖြစ်သွားနိုင်သည်။ အုပ်ချုပ်သူအစိုးရ ခေတ်အဆက်ဆက်တို့က ရာစုနှစ်နှင့်ချီကာ မွန်တော်လှန်ရေးမျိုးဆက်များ ခိုင်မာအားကောင်းသည့်ခေတ်ကာလ နှင့် လျော့ရဲအားနည်းသည့်ခေတ်ကာလ နှစ်ရပ်စလုံးယှဥ်ထိုးကြည့်လျှင် မွန်လူမျိုးအကျိုးစီးပွားကို ဦးထိပ်ထား သည့်အဖြေသိပါလိမ့်မည်။ ဥပမာ – ခေတ်အဆက်ဆက်ဗမာလူမျိုးကြီးဝါဒီ အုပ်စိုးသူများက ကရင်နယ်မြေနှင့် မွန်နယ်မြေ ရောယှက်ထားခြင်း၊ နယ်မြေရောလျှင် လူမျိုးအရ ကရင်နှင့် မွန်ပြည်လူတို့ ရောစပ်ခံရခြင်း၊ မွန်နှင့် ကရင်အကြား နယ်မြေအငြင်းပွားကနေ လက်နက်ပဋိပက္ခအသွင်သဏ္ဌာန်ကဲ့သို့ ကူးပြောင်းခဲ့ခြင်း စသောအချက် များသည် မွန်လူမျိုးအားနည်းချက်ကို စနစ်တကျ အကွက်ချစီမံအုပ်ချုပ်ဆောင်ရွက်ခဲ့ကြသည်ကိုဟုဆိုလိုက်လျှင် မှားနိုင်မည် မဟုတ်ပေ။ ထိုအားနည်းချက်များသည် အလျင်မြန်တုန့်ပြန်နိုင်ရန် နယ်စပ်စီးပွားရေး အားကောင်းလာ အောင် ပြုလုပ်ခြင်မှတစ်ဆင့် “ပထဝီနိုင်ငံရေး၏ အားသာချက်အသွင်သို့ ကူးပြောင်းသွားနိုင်သည်” ဟုမြင်သည်။
ရှုထောင့် (၄) – လူဦးရေးတည်ရှိမှု ပုံသဏ္ဌာန် (Demography)
လူမျိုးတစ်မျိုး နေထိုင်ကြသည့်နိုင်ငံတခုခုမှ ကောက်ယူလေ့ရှိကြသော “သန်းခေါင်စာရင်း Census” သည် အဓိက လူဦးရေပျံ့နှံ့တည်ရှိမှုပုံစံကို လေ့လာရန် ဖြစ်သည်။ သန်းခေါင်စာရင်းအရ ထိုနိုင်ငံ၏ စုစုပေါင်းလူဦးရေး၊ ကျားမ အချိုး၊ အလုပ်လုပ်နိုင်သောလူဦးရေ၊ ဝင်ငွေအဆင့်အတန်း၊ အလုပ်လက်မဲ့ဦးရေ၊ လူ့အရင်းအမြစ်တည်ရှိမှုများ၊ ကလေးနှင့် သက်ကြီးရွယ်အို၊ ပညာတတ်မြောက်မှုအခြေအနေ၊ ဖွံ့ဖြိုးတိုးတက်မှုအနေအထား စသည်တို့ကို သိရှိ နိုင်မည်။ အဆိုပါ ကိန်းဂဏန်းအချက်အလက်များကို ကြည့်ရှုတိုင်းတား၍ နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲ မွဲတေခြင်း စသောလက်ရှိအနေအထားမှန်ကို သိရှိနိုင်သလို အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အလားအလာကိုပါ ခန့်မှန်း တွက်ချက်နိုင်ပါမည်။ ထို့ကြောင့် လူဦးရေပျံ့နှံ့တည်ရှိမှုပုံသဏ္ဌာန်သည်လည်း ပထဝီနိုင်ငံရေးကို လေ့လာရာတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေခြင်းဖြစ်ပေသည်။ လူဦးရေများသော နိုင်ငံများသည်လည်း အင်အားပိုကောင်းကြသည်ဟုဆိုသော်လည်း လူဦးရေ များပြားပြီး နိုင်ငံဆင်းရဲလျှင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပဋိ ပက္ခများ ဖြစ်ပေါ်တတ်သည့် သဘောတရား ရှိပါသည်။ မွေးကင်းစကလေးသူငယ်မှစ၍ သေခါနီးအထိရှိနေသော ပမာဏကို စုစုပေါင်း လူဦးရေး Population ဟု နားလည်နိုင်သော်လည်း လူဦးရေများတိုင်း လူမျိုး သို့မဟုတ် နိုင်ငံ တိုးတက်မည်ဟု မဆိုနိုင်ပါ။ ထိုလူဦးရေထဲတွင် ကျွမ်းကျင်လုပ်သားအင်အား Workforce မည်မျှရှိသည်၊ ပညာရှင် အဆင့်ရှိသော လူ့အရင်းအမြစ် Human Resource မည်မျှရှိသည် စသောအချက်အလက်များကသာ ပို၍ အရေး ပါနေသည်။ တစ်နည်းအားဖြင့် အရေအတွက် Quantity ရော အရည်အသွေး/အရည်အချင်း Quality ပါ ရှိနေရ မည်ဟု ထောက်ပြလိုပါသည်။
ယနေ့မွန်ဒေသထဲ၌ လူဦးရေအရ ရောနှောနေခြင်း၊ မွန်ရွာကြီးအတော်များများ ဘာသာစကားအရ ရောယှက်ခြင်း၊ မွန်ပြည်သူအများစုက ပြည်ပထွက်များပြားခြင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဗမာလူမျိုးအများစုက မွန်ဒေသထဲသို့ ဝင်ရောက်အခြေချလာခြင်း စသည့်အချက်များကြောင့် မွန်လူဦးရေအများစုသည် မြို့ပြပေါ်မှာမရှိဘဲ ကျေးလတ် ဒေသအသီးသီးအများစု နေထိုင်ကြခြင်း ဒီအချက်သည် လူဦးရေရှုထောင့်အရဆိုလျှင် မွန်ဒေသသည် မွန်လူမျိုး အတွက် အလွန်စိုးရိမ်းဖွယ်ကောင်းသည်ဟု ဆိုရပါမည်။ ထို့ကြောင့် မွန်ဒေသကို ဦးဆောင်မည့် အမျိုးသားခေါင်း ဆောင်များသည် ဤအားနည်းချက်ကို သတိပြုရန် လိုပါသည်။ မွန်လူမျိုးထဲ၌ “လူ့စွမ်းအားအရင်းအမြစ်မွေးထုတ် ခြင်းကို ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်သင့်ပါသည်။ အသုံးပြုသည့်လူ့အဖွဲ့အစည်း User Society မှတဆင့် ထုတ်လုပ်သည့်လူ့အဖွဲ့အစည်း Producers Society ဖြစ်လာအောင် အရှိန်မြှင့်လုပ်ဆောင်နိုင်လျှင် အားနည်းချက် များကို အားသာချက်အဖြစ် ပြောင်းလဲပေးနိုင်ရန် မွန်လူမျိုးခေါင်းဆောင်များ နှင့် ခေါင်းဆောင်မှုစွမ်းဆောင်ရည် နည်းလမ်းကောင်းများ ဖြစ်သည်။ ဥပမာ – စင်္ကာပူနိုင်ငံ၊ အစ္စရေးနိုင်ငံတို့သည် နယ်မြေအကျယ်အဝန်း၊ လူဦးရေ အားနည်းချက်ဖြစ်သော်လည်း “ကျွမ်းကျင်သူများ နှင့် လူ့စွမ်းအားအရင်းအမြစ်များကို အပြင်းအထန် ကြိုးစား အားထုတ်တည်ဆောက်ခဲ့ကြသဖြင့် ကမ္ဘာ့အလယ်မှာ မာမာမတ်မတ် ရပ်တည်နိုင်ခဲ့သည်” ဟုဆိုရပါမည်။ အမျှော် အမြင်ရှိသော ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် အားတက်သရော လိုက်ပါလျှောက်လှမ်းခဲ့ကြသော ထိုနိုင်ငံငယ် သို့မဟုတ် လူမျိုးငယ်များမှာ လူဦးရေ နည်းခြင်းတည်းဟူသော ပထဝီနိုင်ငံရေးအရ ဖြစ်နေကြသော အားနည်းချက်တစ်ခုကို အားသာချက်အဖြစ် ပြောင်းလဲသွားကာ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြသည်။
ရှုထောင့် (၅) – သဘာဝသယံဇာတရရှိပိုင်ဆိုင်မှု Natural Resources
သဘာဝသယံဇာတရှိတိုင်း ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ သို့မဟုတ် လူမျိုး မဖြစ်နိုင်သော်လည်း သဘာဝသယံဇာတ ပိုင်ဆိုင်ထားခြင်းသည် ဖွံ့ဖြိုးတိုးတက်ခြင်း၏ အဓိကအကြောင်းရင်းကြီးဖြစ်ပါသည်။ သဘာဝသယံဇာတသည် နဂိုအတိုင်းပင် အဖိုးတန်နေပြီး၊ ၎င်းကို နည်းပညာနှင့်သာ ထပ်ပေါင်းထည့်နိုင်ပါက တန်ဖိုး ပိုမြင့်လာသောသဘော ရှိပါသည်။
မွန်ဒေသ၌ အထက်ဖော်ပြပါ အရင်းအမြစ်များ နှင့် အမွေအနှစ်များကို ထပ်မံ၍ အုပ်စုခွဲရလျှင် ခရီးသွား လုပ်ငန်းဆောင်ရွက်နိုင်သောအရင်းအမြစ်များ၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သော အရင်းအမြစ်များ၊ ဆိပ် ကမ်းများ နှင့် စီးပွားရေးဇုံများ တည်ဆောက်နိုင်သော အရင်းအမြစ်များ၊ စက်မှုကုန်ကြမ်းများ ထုတ်လုပ်နိုင်သော အရင်းအမြစ်များ ဟူ၍ အများအပြား တွေ့နိုင်ပါသည်။ ကမ်းခြေများ၊ ရေတံခွန်များ၊ အမြဲစိမ်းလန်းသစ်တော်ကြီး များ၊ ကိုလိုနီချန်ထားခဲ့သော အမွေအနှစ်များ၊ မွန်သမိုင်းနှင့် ယဥ်ကျေးမှုအမွေအနှစ်များကို အသုံးပြု၍ ခရီးသွား လုပ်ငန်းများကို ရေရှည်တိုးမြှင့်ဆောင်ရွက်နိုင်ပါက မွန်လူဦးရေ၏ အနည်းဆုံး ဆယ်ပုံတစ်ပုံခန့်ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်။ ပင်လယ်ရေပြင်မှ ငါးပုစွန်၊ ဆားထုတ်လုပ်ခြင်းဖြင့်သော်လည်းကောင်း၊ လွင်ပြင်ကျယ်များ၊ တောတောင်များ၊ ဆည်မြောင်းတာတမံများ၊ ရေချိုမြစ်ကြီးများ နှင့် ချောင်းမြောင်းအင်းအိုင် များကို အသုံးပြု၍ ဆန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးစုံ၊ ငါး၊ ရေသန့်ကိုသာ စနစ်တကျ ထုတ်လုပ်နိုင်မည်ဆိုပါက မွန်ဒေသရှိ လူဦးရေအတွက် ဖူလုံ welfare နိုင်သည်သာမကဘဲ အိမ်နီးချင်းထိုင်းနိုင်ငံများသို့တိုင်အောင် ဖြန့်ဖြူး ရောင်းချနိုင်သောအနေအထားတွင် ရှိနေသည်။ ကမ်းလွန်မုတ္တမပြင်လယ်ကွေ့ထဲရှိ ထုထည်ကြီးမားသော သဘာဝ ဓာတ်ငွေ့သိုက်ကြီးများကို စနစ်တကျ တူးဖော်ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ (ဒေါ်လာ)သန်းချီရရှိနိုင်သော အခြေအနေမျိုးကိုလည်း ပိုင်ဆိုင်ထားပါသည်။ မွန်ဒေသအတွင်းရှိ မြစ်ချောင်းများကို ရေအားလျှပ်စစ်ထုတ်လုပ် နိုင်မည်ဆိုပါက မွန်ဒေသတစ်ခုလုံး ၂၄ နာရီအပြည့် မီးထိန်ထိန်လင်းစေနိုင်သည်သာမက လျှပ်စစ်ဖြန့်ဖြူးရောင်းချ နိုင်သည့်အနေအထားတွင် ရှိနေပါသည်။ ထိုသဘာဝအရင်းအမြစ်များနှင့် အမွေအနှစ်များကို လူ့လုပ်အားနှင့် နည်း ပညာတို့ကိုသာ ထပ်ပေါင်းထည့်နိုင်မည်ဆိုပါက မွန်ဒေသသည် နေ့ချင်းညချင်း ကြီးပွားတိုးတက်ချမ်းသာလာရန် မုချပါပဲ။
အတိုချုပ်တင်ပြရလျှင် မွန်ဒေသသည် ပထဝီနိုင်ငံရေးသဘောတရားရှုထောင့်များအရ အားသာချက်များရှိသလို အားနည်းချက်လည်း ရှိပါသည်။ ဥပမာ – မြေပိုင်နက်၊ ရေပိုင်နက် အကျယ်အဝန်းအားဖြင့် မွန်ဒေသတွင် နယ်မြေအကျယ်အဝန်း နှင့် တည်နေရာအနေအထားအားဖြင့် အရှေ့တောင်အာရှနိုင်ငံတို့ကို ရေလမ်းဖြင့် နယ်စပ်၊ ကုန်းလမ်းဖြင့် ပိုင်ဆိုင်ထားသဖြင့် စီးပွားရေး နှင့် စစ်ရေး နှစ်မျိုးစလုံးအတွက် အားသာချက်များစွာ ရှိနိုင်သည်။ ဥပမာ – အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနှင့် တရုတ်ဦးဆောင်သော အာရှကုန်းမြေအုပ်စု Heart Land အုပ်စုတို့အကြား နိုင်ငံခြားဆက်ဆံရေးနယ်ပယ်တွင်လည်း အထူးသတိထားရမည့်အခြေအနေတွင် ရှိနေပါသည်။ မွန်ဒေသ ပုံသဏ္ဌာန်သည်လည်း “ရှည်မျောမျောအနေအထား” ဖြစ်နေသည့်အပြင် မတူကွဲပြားသောအုပ်စုများပါ စုစည်းနေထိုင်ကြခြင်းဖြစ်သည့်အတွက် နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ နယ်မြေတည်ငြိမ်ရေးနှင့် အမျိုးသားရေး စည်းလုံးညီညွတ်မှုကို အထူးဦးစားပေးရမည့်အချက်ဖြင့် နည်းလမ်းမှန်ကန်မှုဖြင့် စည်းရုံးအုပ်ချုပ်နိုင်သည့် အရည် အချင်းကောင်းများ ရှိရန်လိုပါသည်ဟု ရှုမြင်ပါသည်။
နိဂုံးချုပ်
- ယနေ့မွန်ဒေသ(နယ်မြေ)သည် ရာသီဥတုရှုထောင့်အရဆိုလျှင် ရေကြီးရေလျှံတတ်ခြင်း၊ မုန်တိုင်းများ ကျရောက်တတ်ခြင်း၊ တောင်ပြိုတတ်ခြင်း စသော “သဘာဝ၏ အဖျက်စွမ်းအား Natural Disasters”ကို ကြုံတွေ့ရတတ်သည်ဖြစ်ရာ ကြိုတင်ကာကွယ်ရေးအစီအမံများသာမက အိမ်းနီးချင်းကောင်းများ နှင့် မိတ်ဆွေကောင်းများရှိအောင် ကြိုးစားရမည်။ ဤအားနည်းချက်များသည် မလိုမုန်းတီးသူများအတွက် ချက်ကောင်းတစ်ခုပမာ နိုင်ငံရေး နှင့် စစ်ရေး ကစားစရာ ဖြစ်လာနိုင်သည်ဟု ယူဆပါသည်။
- မြေမျက်နှာသွင်ပြင်ရှုထောင့်အရဆိုလျှင် အထူးကောင်းမွန်နေသည်ဟု ဆိုရမည်ဖြစ်ကြောင်း “ပျိုတိုင်း ကြိုက်သည့် နှင်းဆီခိုင်ဖြစ်လာသည့်နည်းတူ အပြိုင်အဆိုင် ချစ်ခွင့်ပန်လာကြမည့်အရေး” ကိုလည်း ထည့်သွင်းတွက်ချက်တတ်ရန် လိုပါသည်။ ဥပမာ – မွန်နယ်မြေကို ဗမာလူမျိုးဆီးဝင်လာ ကရင်လူမျိုး နယ်ချဲ့ရာ ကုလားလူဦးရေတိုးပွားပမာ ဆိုသလိုပါပဲ ဟူ၍ ထောက်ပြလိုပါသည်။
- မွန်ဒေသတွင် နေထိုင်ကြသည့် လူဦးရေ နှင့် မွန်လူမျိုး၏ လူဦးရေအရဆိုလျှင် ပထဝီနိုင်ငံရေးသဘော တရားအရ အားနည်းချက်များစွာ ရှိနေပါသည်။ အကြောင်းရင်းကတော့ မွန်နယ်မြေအတွင်းရှိ လူဦးရေ ဖောင်းပွမှု အန်မတန်များသော ဗမာ၊ ဟိန္ဒူ၊ မူဆလင် အလာတူပင် ထိုင်းနိုင်ငံဖက်ကလည်း နယ်မြေခိုးယူ မှုအခြေအနေ မွန်လူဦးရေကလည်း ပြည်ပသို့ ပျံ့နှံ့ထွက်သွား၍ မျိုးရိုးဗီဇရောယှက်သွားခြင်း ထိုနည်း တူစွာ မွန်နယ်မြေအတွင်း “ဗမာ့စိုးမိုးထားသော ပညာရေးစနစ်နှင့် ဗမာ့အုပ်ချုပ်သူများမှ ကျင့်သုံးသော အုပ်ချုပ်ရေးစနစ်အမျိုးမျိုးကြောင့်” မွန်လူဦးရေ အများအပြားကိုမူ “သွေးရောနှောခံရခြင်း၊ ဘာသာ စကားရောယှက်ခံရခြင်း”၊ တချို့ကလည်း ဗမာစကားပြောဆိုသည့် လူဦးရေတွေအကြား နေထိုင်သည့် မွန်အများစုသည်လည်း မိမိတို့ကိုယ်တိုင် “ဗမာအဖြစ် အသွင်ပြောင်းခံယူခြင်း” များလည်း ရှိနေပါသည်။ ဤအားနည်းချက်တွင် မွန်လူမျိုး၏ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် အကျိုးယုတ်စေပါသည်။ မွန်လူမျိုး မျိုးချစ်ပုဂ္ဂိုလ်များ နှင့် မွန်ခေါင်းဆောင်များ အမြဲတမ်းသတိပြုရန် လိုအပ်ပြီး အကောင်းဆုံး နည်းလမ်းကို လျင်မြန်စွာ ရှာထားကြရန် လိုသည်ဟု အကြံပြုအပ်သည်။
- မွန်လူဦးရေနှင့် ခေတ်ပညာရေးရှုထောင့်အရဆိုလျှင် မွန်လူမျိုး၏ အကျိုးစီးပွားများကို ဦးထိပ်ထားကြရန် လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ Skill Labors နှင့် လူ့စွမ်းအားအရင်းအမြစ်များ Human Resources ကိုပါ ကြိုတင်ပြင်ဆင်ထားကြရန် နှင့် မွေးထုတ်ပျိုးထောင်ကြရန် အလာတူပင် ခေတ်မှီနည်းပညာများကို လည်း အားပေးလုပ်ဆောင်ရန် အထူးလိုအပ်နေပါသည်ဟု အကြံပြုအပ်ပါသည်။
- သယံဇာတရှုထောင့်အရဆိုလျှင် မွန်နယ်မြေဒေသကို ဦးဆောင်အုပ်ချုပ်မည့် အာဏာပိုင်များအနေဖြင့် သယံဇာတကျိန်စာ ထောင်ချောက်ကို မမိအောင် အထူးသတိထားကြရန် ထိုသို့ကျော်လွှားနိုင်ရန်အတွက် မွန်နယ်မြေကို စီမံအုပ်ချုပ်သည့် မွန်မျိုးချစ်ခေါင်းဆောင်များက “လူမှု-စီးပွားရေး Socio-Economic” ထိခိုက်မှု ဆန်းစစ်ချက် Social Impact Assessment – SIA ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်း စစ်ချက် Environment Impact Assessment – EIA ကိုလည်းကောင်း၊ တာဝန်ယူတာဝန်ခံမှုရှိသော စီးပွား ရေးရပ်ဝန်း Responsible Businesses Climate – RBC ကိုလည်းကောင်း ဘဏ္ဍာငွေရယူသုံးစွဲမှုဆိုင်သော ပွင့်လင်းမြင်သာမှု Extractive Industries Transparency Initiative – EITI ကိုလည်းကောင်း စနစ်ကျကျ အမြော်အမြင်ရှိစွာဖြင့် ဖော်ဆောင်သွားနိုင်ရမည်ဟု ထပ်မံအကြံပြုလိုပါသည်။
- မွန်နယ်မြေဒေသ၏ ပထဝီနိုင်ငံရေး အားနည်းချက် နှင့် အားသာချက်များကို ဖြစ်နိုင်ခြေရှိသလို အားနည်း ချက်နှင့် အားသာချက်တို့ကို မည်သည့် ပုံစံ/ပုံသဏ္ဌာန်ဖြင့် အုပ်ချုပ်မည့် မွန်မျိုးချစ်ခေါင်းဆောင်များ၏ အရည်အချင်း၊ စွမ်းဆောင်ရည်၊ အမြော်အမြင်၊ တွေးခေါ်၊ ဗဟုသုတ နှင့် ကျွမ်းကျင်မှုများအပေါ်တွင်သာ များစွာ မူတည်နေသည်ဟု ထောက်ပြလိုပါသည်။