spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းကော့သောင်းတွင် စစ်ကောင်စီထောက်တိုင်နှစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

    ကော့သောင်းတွင် စစ်ကောင်စီထောက်တိုင်နှစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင်နှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့က ယနေ့ ဇူလိုင် ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

    ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာကျေးရွာရှိ စစ်ကောင်စီထောက်တိုင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် ချောကလက် (ခ) မြင့်ရှိန်နှင့် ဆိပ်ဖူးကျေးရွာမှ အယုက် ၅၉ အရွယ်ရှိ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှနိုင် (ခ) ဦးအုန်းတို့ကို ဇူလိုင်လ ၂ ရက်နေ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    အဆိုပါပစ်ခတ်ရှင်းလင်းခံရသူနှစ်ဦးသည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး တော်လှန်ရေးအင်အားစုများ၏ သတင်းအချက်အလက်များကို စုဆောင်းခြင်းနှင့် ရရှိလာသည့် သတင်းအချက်အလက်များကို စစ်ကောင်စီထံ ပေးပို့နေသည်ကို မပြုလုပ်ရန် တားဆီးသော်လည်း ဆက်လက်သတင်းပေးပို့နေသည့်အပြင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါးများကို အဓိက ဖြန့်ဖြူးရောင်းချနေသူများ ဖြစ်သည်ဟု ကော့သောင်းခရိုင် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးက ပြောသည်။

    “ချောကလက်ဆိုသူကတော့ ရွှေပြည်သာမှာ ဈေးရောင်းနေတာတော့ ဟုတ်တယ်။ ဒါပေမဲ့ အဓိကကတော့ မူးယစ်ဆေးဝါးတွေကို ဖြန့်ဖြူးရောင်းချနေတယ်။ ရောင်းချတဲ့နေရာမှာလည်း ရဲတို့၊ စခ၊ ရခတွေနဲ့ အဲဒီလိုလူတွေနဲ့ ပေါင်းပြီးတော့ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးတာကို လုပ်နေတယ်ပေါ့နော်။ အရင်ကတော့ လာလိုက် ပြန်သွားလိုက် လုပ်နေတယ်။ ၂၀၂၂ ခုနှစ်ကစပြီးတော့ အေးချမ်းသာရွာထဲကို အတည်တကျ အခြေချပြီးတော့ မူးယစ်ဆေးဝါးတွေ ရောင်းလာတယ်။ အဲဒီအပြင် တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းအချက်အလက်တွေကို လိုက်စုံစမ်းတယ်။ အဲဘက်က စစ်ကောင်စီတပ်တွေကို လှမ်းသတင်းပို့ပေးတယ်။ ဆိပ်ဖူးရွာအုပ်ကြီးကလည်း စကစရဲ့ ထောက်တိုင် လူတစ်ယောက်ပဲ။ အုပ်ကြီးတိုင်းလည်း ကျနော်တို့ မရှင်းဘူး။ တော်လှန်ရေးအင်အားစုသတင်းတွေကို စကစတွေကို သတင်းပေးနေလို့၊ ပုဂ္ဂိုလ်ရေးအရ ပြည်သူတွေကို အနိုင်ကျင့် ဗိုလ်ကျနေလို့ ရှင်းလင်းရတာ ဖြစ်တယ်” ဟု ကိုကျားကြီးက ပြောသည်။

    ချောကလက်ဆိုသူကို ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာကျေးရွာရှိ ၎င်း၏နေအိမ်ထဲတွင် သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး ဆိပ်ဖူးကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးလှနိုင်ကို ကျေးရွာလမ်းပေါ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဆိုသည်။

    ကော့သောင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီယန္တယားတွင် ပါဝင်ဆောင်ရွက်နေသူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ လူငယ်များကို ပျက်စီးစေသည့် စိတ်ကြွဆေးပြား ရောင်းဝယ်သူ၊ သုံးစွဲသူများကို တွေ့ရှိလျှင် လာရောက်တိုင်ကြားနိုင်ပြီး ထိရောက်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks