spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမိုးဗြဲပြန်ရောက်လာသည့် စစ်ကောင်စီတပ် အရပ်သားနေအိမ်များကို မီးရှို့နေ

    မိုးဗြဲပြန်ရောက်လာသည့် စစ်ကောင်စီတပ် အရပ်သားနေအိမ်များကို မီးရှို့နေ

    -

    ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ် နယ်စပ်ရှိ မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်လိုက်သည့် စစ်ကောင်စီက ဒေသခံပြည်သူလူထု၏ နေအိမ်များကို မီးရှို့နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ထံမှ သိရသည်။

    နှစ်နှစ်နီးပါး လက်လွှတ်ထားရသည့် မိုးဗြဲမြို့ပေါ် ရပ်ကွက် ၁၄ ခုကို ပြန်လည်သိမ်းပိုက်ကာ မြို့ပေါ်သို့ ဝင်ရောက်လာပြီးနောက် မြို့ပေါ်ရှိ အရပ်သားနေအိမ်များကို မီးရှို့နေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောသည်။

    တိုက်ပွဲများ စတင်ဖြစ်ပွားစဉ်ကတည်းက ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်ခဲ့ကြပြီး နေရပ်ပြန်သူအချို့သာ ရှိခဲ့သည်။

    “စစ်ကောင်စီတပ်တွေ ဒီမိုးဗြဲမြို့ပေါ်ကို ပြန်ဝင်ရောက်လာတယ်ဆိုတာ မှန်ပါတယ်။ သူတို့ အင်အား တစ်ထောင်နီးပါးနဲ့ ၆ လကြာ ထိုးစစ်ဆင်ပြီးတော့ ပြန်ရသွားတာ။ အခုဆိုရင် ဒီမြို့ပေါ်က ပြည်သူနေအိမ် အလုံး ၂၀ လောက်ကို မီးရှို့နေတာလည်း တွေ့ရပါတယ်။ ဟုတ်ကဲ့ တိုက်ပွဲတွေကတော့ မြို့ပြင် ပတ်ပတ်လည်မှာတော့ ဆက်ရှိနေပါတယ်ဗျ။” ဟု KNDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်တာအယ်စိုးက ပြောသည်။

    မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

    စစ်ကောင်စီကတော့ မိုးဗြဲမြို့တိုက်ပွဲ ၆ လအတွင်း တိုက်ပွဲကြီး ၂၁၅ ကြိမ်၊ ထိတွေ့မှုပေါင်း အကြိမ် ၄၀၀ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်သား အလောင်း ၂၄ လောင်း၊ လက်နက် ၆၃ လက်အပါအဝင် အရေးကြီး စာရွက်စာတမ်းများ၊ ဗီဒီယိုဖိုင်များသိမ်းဆည်းရမိကြောင်း သတင်းစာတွင် ဖော်ပြသည်။

    မိုးဗြဲမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်သို့ ဝင်ရောက်နိုင်သလို တော်လှန်ရေးတပ်များ ဆက်လက်ထိန်းချုပ်ထားသည့် ဒီမော့ဆိုဒေသသို့ ဝင်ရောက်နိုင်သည့် လမ်းဆုံတွင် တည်ရှိသည့် မြို့ဖြစ်သည်။

    တော်လှန်ရေးပူးပေါင်းတပ်များက၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် မိုးဗြဲမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် မြို့ပြင်ရှိ ခြေလျင်တပ်ရင်း ခလရ ၄၂၂ ကို သိမ်းပိုက်နိုင်ရန် ဆက်လက်ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။

    ကရင်နီတပ်မတော် KA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဘုန်းနိုင်က “မိုးဗြဲက ကျွန်တော်တို့နဲ့တော့ လှမ်းပါတယ်။ ဒါပေမယ့် အခု စစ်ကောင်စီ အခုလုပ်တယ်ဆိုတာက လွိုင်ကော်ကို လမ်းပေါက်မယ်။ သူတို့လုပ်မယ့် ရွေးကောက်ပွဲအတွက်ပဲလေ။” ဟု မှတ်ချက်ပြုသည်။

    လက်ရှိတွင် မြို့ပေါ်၌ နေရာယူထားသည့် စစ်ကောင်စီတပ်က မိုးဗြဲမြို့အနီးရှိ စစ်ဘေးရှောင်စခန်းများဆီသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks