spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းမလွှဲတောင်စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု တင်းကြပ်စစ်ဆေးလာ

    မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု တင်းကြပ်စစ်ဆေးလာ

    -

    မွန်နှင့်တနင်္သာရီဒေသအစပ် မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှုကို စစ်ကောင်စီတပ်တို့က ပိုမိုတင်းကြပ်စွာ စစ်ဆေးလာကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် အိမ်သုံးဆေးဝါး၊ ဆန်၊ ဆီစသည့် စားနပ်ရိက္ခာနှင့် စက်သုံးဆီ သယ်ယူပို့ဆောင်မှုတို့ကို တင်းကြပ်စွာ စစ်ဆေးနေပြီး ၎င်းတို့သတ်မှတ်ထားသည့် အရေအတွက်ထက် တင်ဆောင်လာပါက ဖမ်းဆီးမှုများပါ ပြုလုပ်လာသည်ဟု ဆိုသည်။

    “မလွှဲတောင်ဂိတ်မှာ စစ်ဆေးမှု ပိုကြမ်းလာတယ်။ အဓိကကတော့ ဆန်ရယ်၊ ဆီနဲ့ စက်သုံးဆီ သယ်ဆောင်နေတဲ့ မော်တော်ကားတွေကို အခုတလော စစ်ဆေးတင်းကြပ်နေတယ်။ ဒီရက်ပိုင်းမှာ တနင်္သာရီဒေသအတွင်းက ကုန်တင်ကားသမားတချို့က သူတို့သတ်မှတ်ထားတဲ့ ဆန်အိတ်အရေ အတွက်ထက် ပိုတင်လာတယ်ဆိုပြီး ကားတွေကိုရော ဖမ်းဆီးလိုက်တယ်။ အဓိက ကံပေါက်တိုက်နယ်က ကားသမားတွေ ပိုထိကြတယ်။ အဲဂိတ်ကကောင်တွေနဲ့ ပြောဆိုညှိနှိုင်းပြီး တစ်စီးကို ပစ္စည်းပေါ်မူတည်ပြီး ၁၀ သိန်းကနေ သိန်း ၄၀ အထိ ပေးကြရတယ်” ဟု ကံပေါက်တိုက်နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    တနင်္သာရီတိုင်းဒေသကြီးရှိ တော်လှန်ရေးအားကောင်းသည့် နယ်မြေဒေသများတွင် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှုကို စစ်ကောင်စီတပ်တို့က ပိုမိုတင်းကြပ်လာကြောင်း၊ အချို့မြို့နယ်တွင် ဆေးဝါးနှင့် စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်တို့က လုံးဝပိတ်ပင်လာသည့်အနေအထားလည်း ရှိနေသည်ဟု FE5 Tanintharyi အဖွဲ့မှ အယ်ဒီတာကိုကျော်က ပြောသည်။

    “စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကတော့ ဂိတ်တိုင်းနီးပါးက ဆေးဝါးနဲ့ ဆန်ဆီ၊ လောင်စာဆီတွေ သယ်ယူတာကို တော်တော်တားဆီးပိတ်ပင်နေတာ တွေ့ရတယ်။ အထူးသဖြင့်တော့ တော်လှန်ရေးအားကောင်းတဲ့ဒေသတွေကို ပိတ်ပင်တားဆီးလာနေတာ တွေ့ရတယ်။ မြိတ်ကနေ တနင်္သာရီမြို့နယ်ဘက်ကို သွားတဲ့ လမ်းပိုင်းက စစ်ဆေးရေးဂိတ်တွေကလည်း ပိုမိုတင်းကြပ်စွာ စစ်ဆေးလာနေတယ်။ တစ်ချို့စစ်ဆေးရေးဂိတ်တွေက ဆေးဝါးနဲ့ ရိက္ခာ သယ်ယူတာကို လုံးဝပိတ်ထားတဲ့သဘောတောင် ရှိတယ်။ ပြီးခဲ့တဲ့လတွေမှာ ဆေးဝါးသယ်လာတာကို မိတယ်လို့ဆိုပြီး ဖမ်းဆီးခံရတဲ့ ယာဉ်မောင်း အယောက် ၂၀ ကျော်အထိ ရှိတယ်” ဟု ကိုကျော်က ပြောသည်။

    တနသႅာရီဒေသအတွင်းရှိ မြို့နယ်အချို့တွင် တိုက်ပွဲဖြစ်ပွားနေမှုပေါ် မူတည်ပြီး စစ်ကောင်စီတပ်ဘက်က စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ပိတ်ပင်နေခြင်းကြောင့် ကုန်ပစ္စည်းပြတ်လပ်နေသည့်အပြင် ဈေးနှုန်းများလည်း မြင့်တက်နေခဲ့သည်ဟု ဆိုသည်။

    လက်ရှိတွင် ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်တို့တွင် တော်လှန်ရေးအားကောင်းသည့် နယ်မြေဖြစ်ကြသလို တိုက်ပွဲများ ပိုမိုဖြစ်ပွားနေသည့်အတွက် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ခွင့်ကို စစ်ကောင်စီတပ်က ပိုမိုကန့်သတ်ပိတ်ပင်လာခဲ့သည်။

    စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့မှ ဆန်၊ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့် ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်နေသည့်အတွက် စစ်ရှောင်ပြည်သူထောင်ချီတို့ကလည်း စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့လာနေကြသည်ဟု FE5 Tanintharyi ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks