spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်ခြင်းကြောင့် ယခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦး သေဆုံး

    ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်ခြင်းကြောင့် ယခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦး သေဆုံး

    -

    မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်ခြင်းကြောင့် ယခုနှစ် ၆ လအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦး သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ အချက်အလက်အရ သိရသည်။

    နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် ဆေးဝါးကုသမှု လုံလုံလောက်လောက်မရှိခြင်း၊ အရေးပေါ်ကုသမှုတို့ကို အချိန်မီ မလုပ်ဆောင်ခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးဝန်ဆောင်မှုများ မရရှိခြင်းတို့ကြောင့် အကျဉ်းသားများအသက်ဆုံးရှုံးမှု ဖြစ်ပေါ်နေသည်။

    PPNM ၏ အချက်အလက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ သေဆုံးခဲ့ရသူတို့သည် မန္တလေးတိုင်းလွှတ်တော်ဥက္ကဠဟောင်း ဦးအောင်ကျော်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးအထိရှိကြောင်း ဖော်ပြထားသည်။

    “နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားတွေက ဆေးဝါးစောင့်ရှောက်မှု ဘယ်လိုမျိုးတွေ အခက်ကြုံနေရလဲဆိုရင် အထဲမှာရှိတဲ့ သူနာပြုကနေပြီးတော့ ဆေးပေးတာမျိုးတွေရှိတယ်။ ဆေးပေးတဲ့အခါမှာ ပါရာစီတမော (Paracetamol)လိုမျိုး၊ အိုမီပါရာစောလိုမျိုးတွေပဲ ပေးတာများတယ်။ ဗိုက်အောင့်လဲ ဒီဆေးပဲပေးတာများတယ်၊ ဆေးဝါးနဲ့ပတ်သတ်ပြီးလုံလောက်တာမျိုးမရှိဘူး။ ရှိတဲ့ဆေးတွေဆိုရင်လည်း ဗူးအဖုံးတွေ အပိတ်တွေနဲ့ လုံအောင် ထားတာမျိုးမရှိဘူး၊ ဖောက်ထားတဲ့ဆေးတွေပဲ ဖြစ်တာပေါ့နော်။ အဲဒီဆေးတွေက expired dateရှိလား မရှိဘူးလားတောင် မသိရတဲ့ အခြေအနေမျိုးပေါ့နော်” ဟု PPNM ပြောရေးဆိုခွင့်ရှိသူ မရောင်နီလင်းက ဆိုသည်။

     စစ်ကောင်စီအောက်ထောင်စနစ်အတွင်း ကျန်းမာရေးဆိုင်ရာအရေးပေါ်ပြုပြင်ရေးများ ပြုလုပ်ရန် PPNM နှင့် တခြားလူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုလျက်ရှိကြသော်လည်း၊ ထိရောက်သည့် တုံ့ပြန်မှုတို့ကို မမြင်ရသေးကြောင်းလည်း ဆိုသည်။

    ထို့ကြောင့် ပြီးခဲ့သည့် ၆လ အတွင်း ဆေးဝါးမလုံလောက်ခြင်းနှင့် အရေးပေါ်အခြေအနေတွင် ဆေးကုသခွင့် အချိန်မှီမရှိခြင်းတို့ကြောင့် ကော့သောင်းအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား(၁) ဦး၊ အိုးဘိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား(၅)ဦးနှင့် အကျဉ်းသူ(၂)ဦး၊ သာယာဝတီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား(၂)ဦး၊ မြောင်းမြထောင်မှ နိုင်ငံရေးအကျဉ်းသား(၁) ဦး၊ ဒိုက်ဦးထောင်မှ  နိုင်ငံရေးအကျဉ်းသား (၂) ဦးနှင့် ကသာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၁)တို့ အသက်ဆုံးရှုံးခဲ့ရသည်။

    “အကျဉ်းထောင် တစ်ထောင်နဲ့တစ်ထောင်တော့ ညှင်းပန်းနှိပ်စက်မှုတွေက မတူဘူးပေါ့နော်၊ တချို့ထောင်တွေမှာဆို ရေကို ဝယ်သုံးရတယ်။ ဆေးဝါးရှောက်စောင့်မှုမရတာကတော့ ထောင်တိုင်းလိုလိုပဲပေါ့နော်။ တချို့ထောင်တွေမှာက ထမင်းကိုပျော့တဲ့ဟာတွေပဲ ကျွေးတာ၊ ဆန်မကောင်းတာ။ ဒီနောက်ပိုင်းဆို သူတို့က ဘတ်ဂျက်လျှော့ချတယ်ဆိုပြီး အခုဆိုရင် ၂ နပ်ပဲကျွေးတော့တာမျိုးတွေပေါ့နော်။ ဒါကနိုင်ငံရေးအကျဉ်းသားတွေမကပဲ တခြားအကျဉ်းသားတွေလဲ ဒီလိုမျိုးခံစားနေရပါတယ်” PPNM တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်

    PPNM ၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်တစ်နှစ်လုံးတွင် နိုင်ငံတဝန်းက အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ညှဉ်းပန်းနှိပ်စက်ခံရသည့် နိုင်ငံရေးအကျဉ်းသားများ၏ ပေးဆပ်မှုနှင့်စွန့်လွှတ်မှုများအတွက် တရားမျှတမှု ရရှိရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်မှုအသင်း (AAPP)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် (PPNM)၊ နိုင်ငံရေးအကျဉ်းသူအဖွဲ့ (WOPP)၊ ထောင်ဝင်စာပို့ကြမယ်နှင့် နွေဦးတမန် နိုင်/ကျဉ်း ကူညီရေး အဖွဲ့တို့မှ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင်း ပူးပေါင်းထုတ်ပြန်ထားသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks