spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းထိုင်း- ကရင်နယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းကင်းစင်ရေး ကြိုးပမ်းနေဟု KNU ဆို

    ထိုင်း- ကရင်နယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းကင်းစင်ရေး ကြိုးပမ်းနေဟု KNU ဆို

    -

    ၂၀၂၅ ခုနှစ်အတွင်း ထိုင်း-ကရင် နယ်စပ်တစ်လျှောက်ရှိ  စစ်ကောင်စီနယ်စပ်စခန်းတို့ကို ၉၀ ရာခိုင်နှုန်းကျော်အထိ ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်၍ ရာနှုန်းပြည့်ထိန်းချုပ်နိုင်ရေး ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU တာဝန်ရှိသူတို့ကဆိုသည်။

    KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၅နှင့် တပ်မဟာ ၄ အတွင်းရှိ စစ်ကောင်စီ နယ်စပ်စခန်းအားလုံးရှင်လင်းနိုင်ခဲ့ပြီး လက်ရှိ တပ်မဟာ ၇  မယ်သဝေါတစ်ဝိုက်နှင့် တပ်မဟာ ၆ တွင်ကျန်ရှိနေသည့် ဝေါ်လေဗျူဟာအနီးရှိ စစ်ကောင်စီတပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နေဆဲဖြစ်သည်။

    သက်ဆိုင်ရာ နယ်မြေအလိုက် စစ်ရေးစစ်ရာမဟာဗျူဟာကျကျ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်သဖြင့် KNU အနေဖြင့် တော်လှန်ရေးခရီး နောက်တစ်ဆင့်တတ်လှမ်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း KNU ပြောရေးဆိုခွင့်ရှိသူ ဗဒိုစောတောနီးက ပြောသည်။

    “ထိုင်း- ကရင်နယ်စပ်တကြောလုံးမှာ စကစ စခန်းတွေသိပ်မရှိတော့ဘူး။ တပ်မဟာ ၅ ဖက်မှာလုံးဝ ကင်းစင်သွားပြီး။ တပ်မဟာ ၇ ဖက်မှာတော့ မယ်သဝေါတစ်ဝိုက်ပဲကျန်တော့တယ်။ တပ်မဟာ ၆ ကတော့အခု တိုက်နေတဲ့ ဝေါ်လေဗျူဟာကျန်မယ်။ တပ်မဟာ ၄ ဖက်မှာက မရှိတော့ သလောက်ပါပဲ။ နယ်စပ်တကြောမှာတော့ စစ်ကောင်စီ ကင်းစင်အောင်တော့ကြိုးစားနေတာ ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းကျော် အောင်မြင်လာပြီးလို့ပြောလို့ရတယ်" ဟု ဆိုသည်။

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိစစ်ကောင်စီ၏ ထီးကပလယ်တပ်စခန်းကို KNU နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ယမန်နေ့ ဇွန်လ ၂၂ ရက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုမှ ထုတ်ပြန်ထားသည်။

    အဆိုပါထီးကပလယ်တပ်စခန်းသည် KNU ၏ ဌာနချုပ်ဟောင်းနေရာဖြစ်ပြီး စစ်တပ်လက်အောက်တွင်၂၈ နှစ်ကြာကျရောက်ခဲ့သည့်နောက် ပြန်လည်ရယူနိုင်ခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်အရသိရသည်။

    လတ်တလော စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာတွင် စစ်ကောင်စီတပ်သားအများစုတို့ ပြန်လည်ခုခံတိုက်ခိုက်ခြင်းမပြုလုပ်ဘဲ စခန်းစွန့်ခွာထွက်ပြေးမှုများပြားကြောင်း KNU တပ်မဟာ ၄ တာဝန်ခံ ဗဒိုစောအယ်နာကပြောသည်။

    “စကစစစ်သားတွေရဲ့ အခြေအနေကျတော့ တိုက်ရည်ခိုက်ရည်မရှိသလောက်ပါပဲ၊ သူတို့ကအင်အားရှိတယ်။ ဒါမဲ့ ကျနော်တို့တိုက်တဲ့အချိန်တွေမှာများသောအားဖြင့် စခန်းကိုစွန့်ခွာပြီးတော့ ထွက်ပြေးတာ။ အကြမ်း ဖျင်းပြောမယ်ဆိုရင်သူတို့မှာ စိတ်ဓါတ်တွေမရှိတော့ဘူး။ ကြောက်တယ်၊ ထွက်ပြေးဖို့ပဲ စဉ်းစားတော့တာ"ဟု ၎င်းက ဆိုသည်။

    စခန်းစွန့်ထွက်ပြေးရာတွင်လည်း တစ်ဖက်ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်သွားပြီး ထိုင်းတာဝန်ရှိသူတို့မှလည်း ၎င်းတို့ကို ကူညီဆောင်ရွက်နေသဖြင့် စစ်ကောင်စီတပ်သားတို့အတွက် အခွင့်အရေးကောင်းဖြစ်နေကြောင်းလည်း ဆက်ပြောသည်။

     တစ်ဖက်တွင်လည်း KNU တပ်မဟာအတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့်နယ်မြေအများစုတို့ကို ထိန်းချုပ်ထားနိုင်သော်လည်း နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဦးဆောင်လည်ပတ်နိုင်သည့် အခြေအနေမရှိသေးပေ။

     နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တော်လှန်ရေးတို့အတွက် ဝင်ငွေပေါက် တိုးလာနိုင်သကဲ့သို့ ဒေသတွင်းသွားလာရေး၊ ဒေသတွင်းစီးပွားရေးနှင့် စစ်ရေးတို့ အလားလာကောင်းနိုင်သည့်အတွက် KNU အနေဖြင့် ထိုင်းတာဝန်ရှိသူတို့နှင့် ဆက်ဆံရေး ပိုမိုတည်ဆောက်ရန်လိုအပ်ကြောင်း KNU တပ်မဟာ ၄ မှ နိုင်ငံရေး၊စစ်ရေးလေ့လာသုံးသပ်နေသူတစ်ဦးကပြောသည်။

    “KNU ရဲ့တော်လှန်ရေးအခြေအနေဟာ အများကြီး အလားလာကောင်းလာတယ်၊ နယ်မြေထိန်းချုပ်မှု ရလာတာနဲ့အမျှ စစ်ရေး၊ တော်လှန်ရေးလည်း အရင်ကထက်ပိုမြင့်လာမယ်လို့ ကျနော်ယူဆတယ်။ ဒါပေမဲ့ KNU  တပ်မဟာ တစ်ခုနှစ်တစ်ခု ချိတ်ဆက်မှု COC မရှိတဲ့အပေါ်မှာ သူတို့လိုလားတဲ့ပန်းတိုင် တော်လှန်ရေးကို အမြန်ပြီးချင်တဲ့ဆန္ဒ ဖြစ်အုံးမှာမဟုတ်ဘူးလို့ ကျနော်သုံးသပ်ချင်ပါတယ် ” ဟု ၎င်းကပြောသည်။

    ထို့အတူ  ကရင်လူမျိုးတို့ ဦးဆာင်သည့် BGF အဖွဲ့သည် စစ်ကောင်စီတို့၏ တပ်ပုံစံဖြင့် တော်လှန်ရေးအဖွဲ့စည်းတို့ကို နှောင့်ယှက်ဟန့်တားပြီး စစ်ကောင်စီနှင့်အတူ တိုက်ပွဲဝင်နေသည့်အပေါ်  တော်လှန်ရေး နှောင့်နှေးနိုင်ကြောင်းလည်း ဆက်ပြောသည်။

    လက်ရှိ မြန်မာနှင့်ထိုင်းနယ်စပ်တွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နယ်စပ်နှင့် တနင်္သာရီတိုင်း ကော့သောင်း-ရနောင်း ရေကြောင်းလမ်းကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တော့ကြောင်းလည်း တော်လှန်ရေးအဖွဲ့တို့၏ ပြောပြချက်အရ သိရသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU သည် စစ်အာဏာသိမ်းမှုအလွန် စစ်ကောင်စီ၏ စခန်းကြီး/ငယ် ၂၀၀ နှင့်အထက်ကို သိမ်းပိုက်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျူး (ISP- Myanmar)မှ ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ချက်အရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks