spot_img
Tuesday, June 17, 2025
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်အနာဂတ်လူငယ်များနှင့် ဘိန်းစာရွက်အန္တရာယ်

    အနာဂတ်လူငယ်များနှင့် ဘိန်းစာရွက်အန္တရာယ်

    -

    အတွေးအမြင်၊ နေသူရိန်

    နံနက်စောစော (၇) နာရီခန့်ပင်ရှိသေးသော်လည်း ဘုရားသုံးဆူမြို့ အမှတ် (—) ရပ်ကွက် (—) လမ်းရှိ ကိုတုတ်ပေါ၏ အာစီယံဟုခေါ်သည့် ဘိန်းစာရွက်ပြုတ်ရည် ရောင်းသောဆိုင်တွင် သောက်သုံးသူများနှင့် စည်ကားလျှက်ရှိနေပြီဖြစ်သည်။ ဆယ်ကျော်သက်အရွယ်မှစ၍ အသက် (၄၀) ကျော်အရွယ်အထိ ဘိန်းစာရွက်ပြုတ်ရည် သောက်နေကြသူများထဲတွင် လူငယ်အများစုနှင့် ကုန်တင်ကုန်ချ အလုပ်သမားများ၊ ပန်းရံလုပ်သားများ၊ အလုပ်ကြမ်းလုပ်သူများ ပါဝင်ကြသည်။ ထူးဆန်းသည်က ထိုသောက်သုံးသူနေကြသူများထဲတွင် အမျိုးသမီးတစ်ချို့လည်း ပါဝင်သောက်သုံး နေကြသည်ကို တွေ့မြင်နေရသည်။

    ဧရိယာအကျယ်အဝန်း နှစ်မိုင်ပတ်လည်ခန့်သာ ကျယ်ဝန်းသော ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့လေးတွင် မူးယစ်ဆေးဝါးအုပ်စုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် အာစီယံဟုခေါ်သည့် ဘိန်းစာရွက်ပြုတ်ရည်ကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ရောင်းချနေကြသည့် ဆိုင်ပေါင်း (၂၀၀) ကျော်ခန့်ရှိသည်။ မြို့တွင်း မြို့ပြင် နေရာအနှံ့အပြားတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းသောဆိုင်များကို တွေ့မြင်နေရသည်။ နယ်စပ်ဒေသဖြစ်သည့်အလျောက် ယ္ခင်က ထိုင်းဆင်းကဒ်များ အင်တာနက်များကို အသုံးပြုကြရသည်၊ ထိုင်းက မီးများ၊ ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်သည့်အချိန်မှစ၍ ဘုရားသုံးဆူမြို့တွင် စီးပွားရေးအကွက်မြင်သော လုပ်ငန်းရှင်တစ်ချို့က  Star Link ဟုခေါ်သည့် Wi-Fi များကို တပ်ဆင်ရောင်းချပေးခဲ့သည်။

    ထို့ကြောင့်လည်း အပြုတ်ရည်ရောင်းသောဆိုင်များက သောက်သုံးသူများကို ဖြူဆွယ်စည်းရုံးသောအနေဖြင့် မိမိတို့၏ ဆိုင်များအတွင်း Wi-Fi များကို တပ်ဆင်လာခဲ့ကြသည်။ ဖုန်းလိုင်းနှင့် အင်တာနက်ကို အသုံးပြုရန် ခက်ခဲနေသော အချိန်တွင် Wi-Fi အခမဲ့ အသုံးပြုရသည်။ အပြုတ်ရည်ဆိုင်များတွင် နေ့ကော ညပါ သောက်သုံးသူများနှင့် ပြည့်နှက်နေလျှက်ရှိသည်။ ဘိန်းစာရွက်ပြုတ်ရည် (၁.၅) လီတာ တစ်ဘူးလျှင် ဘတ် (၅၀) ပေးဝယ်သောက်သုံးကာ ဖုန်းလိုင်းကို အသုံးပြု၍ အချိန်ဖြုန်းနေကြလျှက်ရှိသည်။ ထိုအထဲတွင် အမျိုးသမီးများလည်း အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ဘိန်းစာရွက်ပြုတ်ရည်သောက်ကာ ဖုန်းသုံးရင်း အချိန်ဖြုန်းနေကြ သည်ကိုလည်း တွေ့မြင်နေရပေသည်။

    ၁၉၉၀ ခုနှစ် ဘုရားသုံးဆူနယ်စပ်ကို မြို့ (မြို့နယ်ခွဲ) အဖြစ်သတ်မှတ်ပြီးသည့်နောက် ၁၉၉၇ ခုနှစ် လောက်မှစ၍ အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့နှင့် အတ္တသမားစီးပွားရေး လုပ်ငန်းရှင်တစ်ချို့က မက်သာအက်ဖီတမင်းဟုခေါ်သည့် WY စိတ်ကြွဆေးများကို အကြီးအကျယ် ရောင်းဝယ်ခဲ့ကြသည်။ ဒေသခံ လူငယ်လူရွယ်များ မူးယစ်ဆေးသုံးစွဲကာ မူးယစ်ဆေး၏ သားကောင်ဘဝ မူးယစ်ဆေး၏ ကျေးကျွန်ဘဝသို့ ရောက်ခဲ့ကြရသည်။ မူးယစ်ဆေးအလွန်အကျွံ သုံးစွဲမှုကြောင့် စိတ်ဖောက်ပြန်ရူးသွပ်သွားသူများ ရှိသလို စိတ်မထိန်းနိုင်ပဲ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြသူများလည်းရှိသည်။ ခိုးဆိုးလုယက်သူများလည်းရှိခဲ့သည်။ လွန်ခဲ့သည့် (၂၀၁၀) ကျော်လွန်သည့်ကာလမှစ၍ ဘုရားသုံးဆူမြို့တွင် အာစီယံဟုခေါ်သည့် ဘိန်းစာရွက်ပြုတ်ရည် သောက်သုံးသူများ မြောက်မြားလာကြသည်။ WY စိတ်ကြွဆေးအစား ဘိန်းစာရွက်ပြုတ်ရည်ကို အစားထိုးသောက်သုံးလာကြခြင်းဖြစ်သည်။

    ထိုအချိန်က ဘုရားသုံးဆူမြို့တွင် န-အ-ဖ စစ်အစိုးရ၏ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ရှိနေခြင်းနှင့် အပစ်ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီ NMSP ၏ တပ်ဖွဲ့များ ရှိနေခြင်းတို့ ကြောင့်လည်း ဘိန်းစာရွက်ပြုတ်ရည်ကို ပေါ်ပေါ်ထင်ထင် တွင်ကျယ်စွာ ရောင်းချခြင်းမရှိပဲ တိုးတိုးတိတ်တိတ်သာ ရောင်းချနေခဲ့ကြရသည်။ မွန်ပြည်သစ်ပါတီ၏ မူးယစ်ဆေးဝါး နှိမ်နှင်းရေးတပ်ဖွဲ့ကလည်း ဘုရားသုံးဆုမြို့နှင့် ထိစပ်နေသော တပ်ရင်းသုံးရွာရှိ စိုက်ပျိုးထားသော ဘိန်းစာရွက်အပင်များကို ခုတ်ထွင်ရှင်းလင်း ဖျက်စီးပစ်ခြင်း၊ ပိုင်ရှင်များအားလည်း ထိုက်သင့်သလို အပစ်ပေးအရေးယူမှုများကို ပြုလုပ်ခဲ့ကြသည်။ သို့သော် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချခြင်းနှင့် သောက်သုံးခြင်းကတော့ ပျောက်ကွယ်မသွားသည့်အပြင် တိုးတိတ်စွာနှင့် ပိုမို၍ ကျယ်ပြန့်လာခဲ့သည်။ တစ်ချို့သောသူများက မြို့ဧရိယာနှင့် ဝေးသောနေရာများတွင် ဘိန်းစာရွက်အပင်များကို စီးပွားရေးအဖြစ် စိုက်ပျိုးလာကြသည်။

    WY စိတ်ကြွဆေးနှင့် ice ဟုခေါ်သော ရေခဲသုံးစွဲမှု အားနည်းလာကြပြီး လူငယ်များမှ အစ အပြုတ်ရည်ဘက်သို့ အာရုံစိုက် သောက်သုံးလာကြသည်။ ၂၀၂၀ ခုနှစ်အလွန်တွင် ဘုရားသုံးဆူမြို့တွင်း မြို့ပြင်များတွင် ဘိန်းစာရွက်အပြုတ်ရည် ရောင်းသောဆိုင်များကို ပေါ်ပေါ်ထင်ထင် တွေ့မြင်လာရသည်။ ဘိန်းစာရွက်အပြုတ်ရည်တွင် ကိုကာကိုလာအချိုရည်နှင့် ချောင်းဆိုးဆေးရည် ရောစပ်ထားမှုကြောင့်လည်း WY စိတ်ကြွဆေးကဲ့သို့ ပြင်းထန်စွာ မူးယစ်ထုံထိုင်းစေသည်မဟုတ်ပဲ ရီဝေဝေနှင့် မူးယစ်စေခြင်းသာ ဖြစ်သည်ဟုလည်း သောက်သုံးသူတစ်ချို့က ဆိုပါသည်။

    မည်သည့်အရာမဆို လွန်လျှင်ဘေး တန်လျှင်ဆေးဆိုသကဲ့သို့ ဘိန်းစာရွက်ပြုတ် ရည်သည်လည်း ဆေးဝါးအဖြစ် အသုံးပြုပါက သွေးတိုးရောဂါ၊ ဆီးချိုရောဂါများကို သက်သာပျောက်ကင်းစေသည်ဟု ဆီးချိုဝေဒနာရှင်တစ်ဦးက ပြောဘူးသည်ကို အမှတ်ရမိသည်။ ဘိန်းစာရွက်အစိမ်းကို တစ်နေ့လျှင် (၃) ရွက်ခန့် အစိမ်းလိုက်ဝါစား၍ဖြစ်စေ ရေနွေးတွင် စိမ်သောက်၍ ဖြစ်စေ သောက်သုံးပေးပါက ဆီးချိုရောဂါကို ကာကွယ်နိုင်သည်ဟု ဆိုကြပါသည်။ သို့သော် ကိုကာကိုလာများ ချောင်းဆိုးဆေးရည်နှင့် ဓါတုဆေးဝါးများ ရောစပ်ထားသည့် ဘိန်းစာရွက်ပြုတ်ရည်ကို အလွန်အကျွံ သောက်သုံးမိပါက ဘေးဥပါဒ်ဖြစ်စေသည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ဘိန်းစာရွက်ပြုတ်ရည်ကို အလွန်အကျွံ သောက်သုံးမိ၍ အသဲခြောက်ရောဂါဖြစ်ကာ သေဆုံးခဲ့ရသူများလည်း ဘုရားသုံးဆုမြိုးတွင် မကြာခဏ ကြားသိနေရသည်။ ထို့ကြောင့် သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး ဖြစ်စေသည့် ဘိန်းစာရွက်တွင် ကောင်းကျိုးများရှိသလို ဆိုးကျိုးများလည်း အလွန်တရာပေါများလှပါသည်။

    ဘုရားသုံးဆူမြို့ပေါ်တွင် ဘိန်းစာရွက်ပြုတ်ရည်များ ရောင်အားကောင်းလာခြင်း ကြောင့်လည်း ဘိန်းစာရွက်ဈေးနှုန်းများ တက်လာခဲ့သည်။ ယ္ခုအချိန်တွင် ဘိန်းစာ ရွက် တစ်ကီလို ဘတ် (၁၅၀) ခန့်ပေးပြီး ဝယ်နေရပြီဟုလည်း ဘိန်းစာရွက်အပြုတ်ရည် ရောင်းသူတစ်ဦးက ပြောပါသည်။ ဘိန်းစာရွက်ကို ကျေညက်စွာ ပြုလုပ်ပြီးမှ ပြုတ်ရသည်ဟုလည်း ဆိုပါသည်။ ဘိန်းစာရွက် တစ်ကီလိုကို ရေ (၂၀) လီတာခန့် ထည့်ပြုတ်ရပြီး (၁၈) လီတာခန့် အကျန်တွင် မီးဖိုမှ ချပြီး အအေးခံရသည်ဟု ဆိုပါသည်။ ဘိန်းစာရွက်ပြုတ်ရည် (၁၈) လီတာကို ကိုကာကိုလာ (၁၈) လီတာနှင့် ချောင်းဆိုးပျောက်ဆေးရည်နှင့် ရောစပ်ရသည်ဟုလည်း ပြောသည်။ တစ်ချို့သော ဆိုင်များက အာနိသင်း ပိုမို၍ ထိရောက်စေရန်အတွက် ဓါတုဆေးတစ်ချို့နှင့် ရောစပ်သည်ဟုလည်း ပြောကြသည်။ တစ်ကီလိုပမာဏရှိသည့် ဘိန်းစာရွက်ပြုတ်ရည်နှင့် ကိုကာကိုလာ အတူရောစပ်ပြီးလျှင် ရောင်းရန်အသင့်ဖြစ်သော ဘိန်းစာရွက်ပြုတ်ရည် (၁.၅) လီတာဘူးနှင့် (၂၆) ဘူးခန့်ရသည်ဟုလည်း ဆိုပါသည်။

    ဘိန်းစာရွက်ပြုတ်ရည်သည် တစ်ခြားသော မူးယစ်ဆေးများကဲ့သို့ ပြင်းထန်စွာ မူးယစ်စေသည်မဟုတ်ပဲ နေထိုင်၍ ကောင်းရုံမျှ ရီဝေဝေနှင့် မူးယစ်စေခြင်း ပင်ပမ်းနွမ်းနယ်မှုကို လျှော့ကျစေခြင်းတို့ကြောင့်လည်း စိတ်အလိုလိုက်သည့် လူငယ်လူရွယ်များနှင့် ခွန်အားကို အသုံးပြုရသည့် အလုပ်ကြမ်းသမားများက စွဲလမ်း စွာ သောက်သုံးကြသည်ဟုလည်း ဘိန်းစာရွက်ပြုတ်ရည်သောက်သုံးသူများက ဆိုပါသည်။ လက်ရှိ ဘုရားသုံးဆူမြို့တွင် ဘိန်းစာရွက်ပြုတ်ရည် သောက်သုံးသူဦးရေ ခန့်မှန်းခြေတစ်နေ့လျှင် ခြောက်ထောင်နှင့် တစ်သောင်းဝန်းကျင်ခန့်ရှိသည်ဟုလည်း လေ့လာသူများက ပြောဆိုပါသည်။

    ဘိန်းစာရွက်ပြုတ်ရည် ရောင်းသောဆိုင်များကလည်း မိမိတို့ဆိုင်တွင် သောက်သုံးသူများလာစေရန် စွဲလမ်းလာစေရန်အတွက် သူ့ထက်ငါ အပြိုင်အဆိုင် အပြုတ်ရည်ကို သာမန်ရောစပ်မှုမျိုးမဟုတ်ပဲ ပိုမို၍ အာနိသင် ထက်မြက်စေမည့် ဓါတုဆေးဝါးများကို အသုံးပြုလာကြသည်။ ထို့ကြောင့်လည်း ဘိန်းစာရွက်ပြုတ်ရည်ကို လူကြီး လူငယ်၊ ယောက်ကျား မိန်းမ မရွေး စွဲလမ်းစွာ သောက်သုံးလာကြသည်။ (၁.၅) လီတာ တစ်ဘူးကို ဘတ် (၅၀) ပေးကာ သောက်သုံးနေကြသည့်သူများလည်း ဘိန်းစာရွက်ပြုတ်ရည်၏ သားကောင်များအဖြစ်သို့ ရောက်မှန်းမသိ ရောက်ရှိနေကြသည်ကိုလည်း တွေ့မြင်နေရသည်။

    ဒေသအုပ်ချုပ်ရေးအဖွဲ့များ အုပ်ချုပ်သူအမည်ခံထားသူများက ဖမ်းဆီးခြင်း၊ တားဆီးခြင်းမရှိပဲ လွတ်လပ်စွာ ရောင်းချခြင်း သောက်သုံးခြင်း ပြုလုပ်၍ ရနေကြသည့်အတွက်ကြောင့်လည်း အပြုတ်ရည်ရောင်းသော ဆိုင်များတွင်သာမက ကားလမ်းမများပေါ်တွင်လည်း အပြုတ်ရည်ဘူးများကို ကိုင်ဆွဲကာ သောက်သုံးနေကြသည့် လူငယ်များကိုလည်း တွေ့မြင်နေရပေသည်။ အကွပ်မဲ့ကြမ်း ဘရမ်းဘတာဆိုသကဲ့သို့ ထိန်းသိမ်းသူမဲ့နေသည့် လူငယ်များ၏ ဘဝမှာလည်း ရင်လေးစရာပင် ဖြစ်ပါသည်။ အတုမြင် အတတ်သင်ဆိုသကဲ့သို့ နေ့တဒူဝ (နိစ္စဓူဝ) အထိန်းအကွပ်မဲ့နေသည့် လူငယ်လူရွယ်များကို မြင်တွေ့နေရပြီး အတုမြင် အတတ်သင်ဆိုသကဲ့သို့ နောင်လာမည့် အနာဂတ်လူငယ်လေးများစွာလည်း ထိုကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်မိပါသည်။ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် အာစီယံဟုခေါ်သည့် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချခြင်းနှင့် သုံးစွဲခြင်းကို အချိန်မီ မတားဆီးနိုင်ပါက နောင်လာမည့် လူငယ်လူရွယ်များအတွက် ရင်လေးစွာဖြင့် အနာဂတ်လူငယ်များနှင့် ဘိန်းစာရွက်အန္တရာယ်အဖြစ် တင်ပြလိုက်ရပါသည်။ 

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,300SubscribersSubscribe
    spot_img

    Latest posts