spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းနေအိမ်ဖယ်ရှားခံထားရသည့် လှိုင်ရပ်ကွက်မြေယာတို့ကို အကွက်ရိုက်ရောင်းချနေ

    နေအိမ်ဖယ်ရှားခံထားရသည့် လှိုင်ရပ်ကွက်မြေယာတို့ကို အကွက်ရိုက်ရောင်းချနေ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နှင့်သာယာအေးရပ်ကွက်တို့တွင် ကျုးကျော်နေအိမ်တို့ကို အတင်းအဓမ္မဖယ်ရှားရှင်းလင်းစေပြီးနောက် မြေကွက်တို့ကို လှိုင်မြို့သစ်စီမံကိန်းအဖြစ် ပြန်လည်ရောင်းချနေကြောင်း မြို့ခံသတင်းအရင်းအမြစ် တစ်ဦးကပြောသည်။

     အဆိုပါလှိုင်နှင့် သာယာအေးရပ်ကွက်ရှိ မြေကွက်တို့ကို  စစ်မှူးထမ်းဟောင်းများနေထိုင်ရန် ရောင်းချပေးသွားမည်ဆိုသော်လည်း  ကနဦးအနေဖြင့် စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှုးတို့က လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပြီးအရောင်းအဝယ်လုပ်နေသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

    “စစ်မှူးထမ်းဟောင်းတွေကိုရောင်းပေးတယ်၊မြိုင်သာယာလိုမျိုးပေါ့၊ စစ်မှူးထမ်းဟောင်းတွေက မဝယ်နိုင်ဘူးဆိုရင် ပိုက်ဆံရှိတဲ့ အိမ်ခြံမြေသမားတွေ လုပ်ငန်းရှင်တွေက ယူထားလိုက်တယ်၊ သူဌေးတွေကတော့ ထားထားတယ်၊ သူတို့အမြတ်ရရင် ပြန်ရောင်းချင် ရောင်းမှာပါ။ ဒါက နိုင်ငံတော်အဆင့် လုပ်ဆောင်နေတယ်ဆိုတော့”ဟု ၎င်းကပြောသည်။

    ယင်းနေရာတွင် လမ်းမကြီးဖောက်၊ မီးတိုင်စိုက်ကာ အချောသတ်ပြင်ဆင်၍ ရောင်းချနေသော်လည်း စစ်ကောင်စီနှင့်နီးစပ်သည့် လုပ်ငန်းရှင်သူဌေးများနှင့်သာ အရောင်းအဝယ်ဖြစ်နေပြီး သာမန်လုပ်ငန်းရှင်နှင့် မြို့ခံတို့က ဝယ်ယူမှုမလုပ်ဆောင်ရဲကြောင်း ၎င်းကဆက်ပြောသည်။

    မော်လမြိုင်မြို့လှိုင်ရပ်ကွက်အတွင်း နေအိမ်ဆောက်လုပ်ကာ ကျူးကျော်နေထိုင်သူတို့အား ဧပြီလ ၁၀ ရက်နေ့မတိုင်မှီ အပြီးတိုင်ဖယ်ရှားပေးရန် စစ်ကောင်စီစည်ပင်နှင့် အုပ်ချုပ်ရေးမှူးအဖွဲ့မှစာထုတ် ပြန်ခဲ့ပြီးနောက် ရပ်ကွက်အတွင်းနေထိုင်သူတို့ ပြောင်းရွှေ့ခဲ့ကြရသည်။

    နိုင်ငံရေးအပြောင်းအလဲဖြစ်နေစဉ်နှင့် အရပ်သားအစိုးရပ်တစ်ရပ်အဖြစ် ပြည်သူလူထုတို့ အသိအမှတ် မပြုရသေးသည့် အခြေအနေတွင်ဖော်ဆောင်သည့် မည်သည့် စီမံကိန်းမဆို တရားဝင်မဖြစ်ကြောင်း မွန်ဒေသတွင်း လူ့အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက သတိပေးပြောဆိုသည်။

    “ အရပ်သား အစိုးရတရပ်ရယ်လို့ ပြည်သူလူထုက အသိအမှတ်မပြုတဲ့ ဘယ်အစိုးရကဖော်ဆောင်တဲ့ အိမ်ယာ၊ မြို့သစ် စီမံကိန်းမဆို ဘယ်လိုမှ တရားဝင်တယ်လို့ပြောလို့မရဘူး။ မွန်စစ်အုပ်စုက ဖော်ဆောင်နေတဲ့ လှိုင်ရတနာမြို့ကွက်သစ်စီမံကိန်းလိုမျိုးပေါ့။ အရင်ကလည်း ဒီမြေကွက် တွေဟာဘယ်သူပိုင်ခဲ့ တယ် ဘယ်သူတွေနေထိုင်ခဲ့တယ်ဆိုတာ မြို့ခံတွေ သိတာပါပဲ ပြည်သူတွေကို ကျူးကျော်ပါလို့ ဘယ်လိုပဲပြောပြော အခုလိုအခြေအနေမျိုးမှာ ဒီလိုစီမံကိန်းတွေ အိမ်ယာတွေမဖော်ဆောင်သင့်ဘူး” ဟု၎င်းက ဆိုသည်။

    အာဏာသိမ်းကာလ၌ မွန်ပြည်နယ်တွင်  ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဟုဆိုကာ ပြည်နယ်အစိုးရ၊ စည်ပင်သာယာရေးအဖွဲ့နှင့် စီးပွားရေး လုပ်ငန်းရှင်များပူးပေါင်းကာ မြေဧရိယာတို့ကိုစိတ်ကြိုက်ခြယ်လှယ်ပြီး ပုဂ္ဂလိကစီးပွားရေးအဖြစ် ပြောင်းလဲလုပ်ကိုင်လျှက်ရှိသည်။

    လက်ရှိတွင် ချောင်းဆုံမြို့နယ်တွင်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း၊ မုဒုံမြိုနယ် ကော့ပရံနှင့် ဘလောက်၊ညောင်ဝိုင်းကျေးရွာရှိ နိုင်ငံတကာအဆင်မီလေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်း၊ မော်လမြိုင် ကမ်းနားလမ်းမြစ်ကမ်းသာအပန်းဖြေစီမံကိန်းတို့ကို အကောင်ထည်ဖော်ဆောင်ရွက်နေဆဲဖြစ်သည်။

    သို့သော် စီမံကိန်းဧရိယာအတွင်းပါရှိသွားသည့် မြေယာတို့အတွက် လျော်ကြေးပေးဆောင်မှုလုပ်ငန်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခြင်းမရှိဘဲ မြေယာပိုင်ဒေသခံတို့ နစ်နာမှုရှိနေကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks