Home သတင်း လိုင်စင်မဲ့ယာဉ်များ ဖမ်းနေသော်လည်း လိုင်စင်မဲ့ယာဉ် တင်သွင်းမှုကို စစ်ကောင်စီ ခွင့်ပြုထားဆဲ

လိုင်စင်မဲ့ယာဉ်များ ဖမ်းနေသော်လည်း လိုင်စင်မဲ့ယာဉ် တင်သွင်းမှုကို စစ်ကောင်စီ ခွင့်ပြုထားဆဲ

မွန်ပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသော်လည်း တစ်ဖက်တွင် နယ်စပ်မှတဆင့် လိုင်စင်မဲ့ယာဉ်များ တင်သွင်းနေသည်ကို စစ်ကောင်စီက ခွင့်ပြုထားဆဲဖြစ်သည်။

လတ်တလောတွင် မော်လမြိုင်မြို့အတွင်း လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များ ရှာဖွေဖမ်းဆီးမှု ဆက်တိုက်လုပ်ဆောင်နေသော်လည်း မြို့အဝင်အထွက်ဂိတ်များမှတဆင့် မော်လမြိုင်မြို့အတွင်းသို့ လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များ တင်သွင်းနေခြင်းကို ဖမ်းဆီးမှုမရှိကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“လိုင်စင်မဲ့ယာဉ်တွေ၊ ဆိုင်ကယ်တွေကို စီမံချက်အနေနဲ့ လိုက်လံဖမ်းဆီးနေပေမယ့်လည်း နယ်စပ်တွေက တင်သွင်းလာတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုတော့ ဖမ်းဆီးအရေးယူမှုတွေ မရှိသေးဘူး။ လိုင်စင်မဲ့ယာဉ်တွေ တင်သွင်းလာတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ဖမ်းဆီးမှုတွေ မလုပ်နိုင်ပဲနဲ့ မြို့ထဲမှာ လိုင်စင်မဲ့ယာဉ်တွေ လိုက်ဖမ်းနေတာကတော့ သိပ်ပြီး သဘာဝမကျဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းပြင် လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များ လိုက်လံဖမ်းဆီးနေကြသည့် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့အနေနှင့်လည်း လိုင်စင်မဲ့ယာဉ်များကိုသာ စီးနင်းအသုံးပြုနေကြသည်ဟုလည်း ၎င်းက ဆိုသည်။

လိုင်စင်မဲ့ယာဉ်များကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှတဆင့် မြဝတီသို့ သယ်ဆောင်လာပြီး မြဝတီ – ဘားအံ – သထုံ – ရန်ကုန်လမ်းကြောင်းနှင့် မြဝတီ – မော်လမြိုင် – ရန်ကုန်လမ်းကြောင်းအတိုင်း စစ်တပ်၊ ရဲ၊ ယာဉ်ထိန်း၊ စစစ၊ SB တို့က အခကြေးငွေယူပြီး သယ်ဆောင်ခွင့်ပေးထားကြောင်းလည်း စစ်ကောင်စီနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

ထိုလမ်းကြောင်းများမှတဆင့် နေ့စဉ် လိုင်စင်မဲ့ယာဉ် အစီးရေ ရာနှင့်ချီ တင်သွင်းနေကြကြောင်းနှင့် စစ်ဆေးရေးဂိတ်တစ်ခုလျှင် ဂိတ်ကြေးအဖြစ် ကျပ်နှစ်သောင်းမှ ကျပ်ငါးသိန်းအထိ ပေးဆောင်နေကြရကြောင်းလည်း ဆိုသည်။

သံလွင်တံတား (ဘားအံ)၊ မော်လမြိုင်မြို့အဝင်အထွက်ဂိတ်များ၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးဂိတ်၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တို့တွင် ဂိတ်ကြေးအများဆုံးပေးဆောင်ကြရကြောင်း သိရသည်။

မေလ ၂၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီညှိနှိုင်းအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုင်စင်မဲ့ ယာဉ်များကို စိစစ်ဖော်ထုတ် အရေးယူရန် ညွှန်ကြားခဲ့ပြီးနောက် မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီထိန်းချုပ်ထားသည့် ပြည်နယ်နှင့် တိုင်းများတွင် လိုင်စင်မဲ့ယာဉ်များ ရှာဖွေဖမ်းဆီးခြင်းကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်လာခြင်းဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.