spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများလာ

    မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများလာ

    -

    မွန်ပြည်နယ်တွင် မေလကုန်ပိုင်းကစပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများပြားလာကြောင်း ဆေးရုံ၊ ဆေးခန်းများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူများဖြင့် ပြည့်နေသည်ဟု ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တို့၏ ပြောပြချက်အရ သိရသည်။

    သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် မေလအကုန် ဇွန်လအစတွင် သိသိသာသာများနေပြီး အများစုသည် လသားအရွယ်ကလေးငယ်ကနေစပြီး အသက် ၁၄ နှစ်အရွယ်အထိ ရောဂါကူစက်ဖြစ်ပွားနေသည်ဟု သံဖြူဇရပ်မြို့နယ်အတွင်း ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက ပြောသည်။

    “‌မေလအစကတုန်းကဆို ၃/၄ ရက်မှ တစ်ယောက်‌‌တွေ့တယ်။ အခုက အနည်းဆုံး‌တစ်နေ့တစ်ယောက် တွေ့နေတယ်။ ဖြစ်တဲ့သူတွေ တစ်နေ့နေ့ပိုများလားနေတယ်။ ဆေး‌ခန်းလာပြတဲ့သူ‌တွေ ၁၀ ယောက်လာပြရင် ၃ ယောက်လောက်က သွေးလွန်တုပ်ကွေးဖြစ်တယ်။ ပြင်းထန်ရင် ဆေးရုံးပို့လိုက်တယ်။ သွေးလွန်းတုပ်ကွေးက ၃ နှစ်တစ်ခါ အဖြစ်များတယ်လို့ပြောကြတာပဲ၊ ဘာကြောင့်ဆိုတာ သေချာမသိဘူး။ ဒီနှစ်တော့ အဖြစ်များမယ်လို့ ပြောကြတာပဲ မနှစ်ကတော့ ဖြစ်နည်းတယ်” ဟု အထက်ပါ ဆရာဝန်က ပြောသည်။

    သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများသည့် မိုးတွင်းကာလတွင် ကလေးများ ကိုယ်အရမ်းပူခြင်း၊ ကိုယ်အပူရှိန်ကြောင့် တက်ခြင်း၊ မှိန်းခြင်း၊ ကော်ဖီရောင် အန်ခြင်း၊ ဝမ်းမည်းသွားခြင်း အစရှိသည့် လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ ဆေးခန့်သို့ အမြန်ဆုံးသွားရောက် ကုသသင့်ကြောင်း ၎င်းက ဆိုသည်။

    ပြည်နယ်အတွင်း ဇန်နဝါရီလဆန်းပိုင်းကစပြီး သွေးလွန်တုပ်ကွေး ကူးစက်ဖြစ်ပွားမှု တွေ့ရှိလာခဲ့ရာမှ မေလဆန်းပိုင်ခန့်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ စတင်များပြားလာကြောင်း မေလကုန် ဇွန်လဆန်းပိုင်းမှာတော့ ပိုမိုများပြားလာကြောင်း ဆရာဝန်အချို့တို့ထံမှ သိရသည်။ 

    မိုးတွင်းကာလတွင် သွေးလွန်တုပ်ကွေအပြင် ရာသီတုပ်ကွေး၊ လတ်တလောတွင် ကိုဗစ်ကူးစက်ပြန့်ပွားမှု ပြန်ရှိလာသည့်အတွက် ရောထွေးနေသည့်အခြေအနေတွင် အထူးသတိပြုရန် လိုအပ်ကြောင်းလည်း ကျန်းမာရေးဝန်ထမ်းတို့က သတိပေးထားသည်။

    “အဓိကက တုပ်ကွေးလိုလို ကိုဗစ်လိုလိုနဲ့ သွေလွန်တုပ်ကွေးတွေ တအားများနေတာ။ အဲဒါကလည်း လွှတ်ထားလိုမရဘူး။ ကလေးတွေကျတော့ သွေလွန်တုပ်ကွေးကို ပိုကြောက်ရတယ်။ ကျွန်တော်သိသလောက်ကတော့ ဖြစ်တဲ့သူတွေ တော်တော်များတယ်။ ခါတိုင်နှစ်ထက်တောင် နည်းနည်းများလာတယ်။ အခုဒီလအစောပိုင်းမှာ ပြီးခဲ့တဲ့လကတော့ သိပ်မများဘူးလို့ ခန့်မှန်းတာ၊ ဒီအပတ် ၁၀ ရက်ထဲမှာ သွေးလွန်တုပ်ကွေးဖြစ်တာ တော်တော်များတယ်” ဟု မော်လမြိုင်ရှိ ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက ပြောသည်။

    သွေးလွန်တုပ်ကွေးရောဂါသည် နှစ်ဆန်းပိုင်းကတည်းက တွေ့ရှိတတ်သော်လည်း မိုးတွင်းကာလဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့တွင် အဖြစ်များလေ့ရှိသည့်ကာလဖြစ်သည်။

    လက်ရှိတွင် မွန်ပြည်နယ်အတွင်း အသက် ၁၅ နှစ်အောက်ကလေးသူငယ်များတုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၀ ဦးကျော်ရှိပြီး သေဆုံးသူတစ်ဦးလည်းရှိကြောင်း မွန်ပြည်နယ် ကျန်းမာရေးဌာနမှ အချက်အလက်အရ သိရသည်။

    သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်ရေသန့်တွင် ပေါက်ဖွားလေ့ရှိသည့် အေးဒီ(စ်) ခြင်ကျား အကိုက်ခံရမှုမှတဆင့် ကူးစက်တတ်သည့် ရောဂါဖြစ်သည်။

    ပြည်နယ်ကျန်းမာရေးဌာနမှလည်း မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ ခြင်နှိမ်နင်းခြင်းလုပ်ငန်းများနှင့် ပိုးလောက်လံသတ်ခြင်ဆေးခပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

    သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရာတွင်လည်း ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း မိမိနေအိမ်ပတ်ဝန်းကျင်တွင် ဖုံး၊ သွန်၊ လဲ၊ စစ် ကို အမြဲမပျက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks