spot_img
Sunday, June 1, 2025
More
    spot_img
    Homeသတင်း"စစ်ရှောင်စခန်းမှာတော့ လူဦးရေကများတယ် အစားအသောက်လည်းမသန့်ဘူးလေ ဝမ်းပျက်ဝမ်းလျှောဖြစ်ကြတယ်"MSFC ကျန်းမာရေးဌာနမှ တာဝန်ရှိသူ မိစကြင်မွန်

    "စစ်ရှောင်စခန်းမှာတော့ လူဦးရေကများတယ် အစားအသောက်လည်းမသန့်ဘူးလေ ဝမ်းပျက်ဝမ်းလျှောဖြစ်ကြတယ်"MSFC ကျန်းမာရေးဌာနမှ တာဝန်ရှိသူ မိစကြင်မွန်

    -

    မိုးဦးရာသီကာလအတွင်း မွန်ပြည်နယ်တွင် စစ်ဘေးရှောင်သည့်နေရာတို့အပြင် မြို့ရွာအတွင်း နေထိုင်နေသူတို့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားမှု မြင့်တက်လာနေကြောင်း သက်ဆိုင်ရာ ကျန်းမားရေးတာဝန်ရှိသူတို့၏ ပြောပြချက်အရသိရသည်။

    ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရာသီမရွေးဖြစ်ပွားတတ်သည့် ရောဂါဖြစ်သော်လည်း အထူးသဖြင့် မိုးရာသီတွင် အသက်အရွယ်မရွေးဖြစ်ပွားမှုများပြီး ကလေးသူငယ်များအတွက် အသက်အန္တရာယ်ရှိနိုင်သည်ဟု သိရသည်။

    မွန်ပြည်နယ် မြောက်ပိုင်းဒေသတွင် လေယာဉ်နှင့် ဗုံးကျဲခံရသည့်အပြင် မွန်-ကရင်နယ်စပ်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေရာ စစ်ဘေးဒုက္ခသည်တို့ တစ်ရွာမှတစ်ရွာ တိမ်းရှောင်နေကြစဉ် ရေနှင့် ယင်လုံအိမ်သာ အသုံးပြုနိုင်ခြင်းမရှိကြောင်းလည်း စစ်ဘေးရှောင်အရေးကူညီနေသူတို့မှ သိရသည်။

    စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် အခြေအနေပြင် သတိပြုရမည့်ရောဂါလက္ခဏာနှင့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းတို့ကို MSFC မှ ကျန်းမာရေးတာဝန်ရှိသူ မိစကြင်မွန်နှင့် ဆက်သွယ်မေးမြန်းထားသည်။

    မေး ။ ။ လက်ရှိအချိန်မှာ မိုးဦးကာလမှာတွက် စစ်ဘေးရှောင်စခန်းတွေမှာ ဝမ်းပျက်၊ဝမ်းလျှော ဘယ်လိုကူးစက်ခံနေရတာရှိလဲ။

    ဖြေ ။ ။ အထူးသဖြင့် စစ်ရှောင်စခန်း၊ တပ်စခန်းတွေမှာတော့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေ ဖြစ်ပွားတာများလာတယ်။ ဒီရောဂါက ဘယ်ကနေကူးလဲဆိုတော့ အစားအသောက်ကနေကူးတယ်။ အဓိကကတော့ မသန့်သောအစားသောက်ကို စားမိလျှင်သော်လည်းကောင်း အစားအသောက်ချက်ပြုတ်ပြင်ဆင်နေချိန်မှာ မသန့်ရှင်းသော်လည်းကောင်း၊ နောက်ပြီးတော့ စားသောက်တဲ့လက်က မသန့်ရှင်းဘူးဆိုရင် ဝမ်းပျက်ဝမ်းလျှောရောဂါကူးတာပေါ့။ ဒါပေမဲ့ စစ်ရှောင်စခန်းတွေမှာတော့ လူဦးရေက နေထိုင်တာများတယ် အစားမသန့်ဘူဆိုရင်တော့ ဝမ်းပျက်ဝမ်လျှောရောဂါက ဖြစ်လာနိုင်ချေများတယ်။

    မေး ။ ။ ရောဂါဖြစ်ပွားခြင်းရဲ့ အဓိက အကြောင်းအရင်းက ဘာဖြစ်မလဲ။

    ဖြေ ။ ။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေက ဗိုင်းရပ်စ်ပိုးကြောင့်လဲ ဖြစ်နိုင်တယ်၊ ဘတ်တီးရီးယားပိုးကြောင့်လဲ ဖြစ်နိုင်တယ်ပေါ့နော်။ ဘတ်တီးရီးယားပိုးဆိုရင်တော့ ဒီဝမ်းပျက်ဝမ်းလျှောဖြစ်လာနိုင်တဲ့ ဘတ်တီးရီးယားပိုးပါတဲ့ အစားအသောက်တွေ စားမိရင်တော့ ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်တွေက ဒီမိုးဦးအစမှာလည်း ဖြစ်နိုင်တယ်။ နောက်ပြီးရင် မိုးအကုန် ဆောင်းအကုန်ဆိုလို့ရှိရင်လဲ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နိုင်ချေရှိတယ်။

    မေး ။ ။ စစ်ဘေးရှောင်စခန်းမှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘာတွေလုပ်ဆောင်နေတာရှိလဲ။

    ဖြေ ။ ။ စစ်ဘေးရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဖို့ဆိုရင် အစားအသောက်ပေါ့နော် သန့်ရှင်းအောင်ထားရတယ်။ ယင်ကောင်တွေဘာတွေ မနားရအောင် လုံလုံခြုံခြုံဖုံးအုပ်ထားမယ်။ နောက်ပြီးလို့ရှိရင် အစားသောက်တွေကို ဖြစ်နိုင်လို့ရှိရင် ပူးပူးနွေးနွေးစားမယ်နော်။ အိမ်သာတက်ပြီးတိုင်းလည်း ဆပ်ပြာနဲ့ သေသေချာချာလက်ဆေးရမယ်။ စစ်ရှောင်စခန်းတွေက လူအများနဲ့ အုပ်စုဖွဲ့နေရတဲ့အတွက်ကြောင့်မို့လို့ ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ကာကွယ်ဖို့က အရေးကြီးတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းပျက်ဝမ်းလျှောရောဂါက ကူးစက်တတ်တဲ့ရောဂါဖြစ်တယ်။ လူတစ်ယောက်ဖြစ်တယ်ဆိုရင် နောက်တစ်ယောက်က ကူးစက်နိုင်တယ်။ ဘယ်ကနေကူးစက်လဲဆိုတော့ အစားအသောက်ကနေတဆင့်ကူးစက်တယ်။ ဝမ်းကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်တယ်။ ဆိုလိုတာက မသန့်ရှင်းတဲ့ အစားအသောက်တွေဆီကနေ ကူးစက်တတ်တဲ့ကြောင့်မို့လို့ အစားအသောက်တွေကို သန့်သန့်ရှင်းရှင်းထားရမယ်။ အဓိကကတော့ယင်ကောင်တွေမနားအောင် သေသေချာချာဖုံးအုပ်ထားရမယ်။ ဖြစ်နိုင်တယ်ဆိုရင် ပူးပူးနွေးနွေးစားစေချင်တယ်။ နောက်ပြီးရင် အမှည့်လွန်တဲ့အသီးတွေကို မစားစေချင်ဘူးပေါ့နော်။ နောက်ပြီလို့ရှိရင် အစားအသောက်မစားခင်မှလဲ လက်ကို ဆပ်ပြာနဲ့သေချာဆေးရမယ်။ အစားအသောက်ကိုထည့်မယ့် အိုးခွက်ပန်ကန်တွေကိုလည်း သန့်သန့်ရှင်းရှင်းထားထားဖို့လိုတယ်ပေါ့နော်။ နောက်ပြီး အိမ်သာတွေ ရေအိမ်တွေသုံးပြီးရင် လက်ကို ဆပ်ပြာနဲ့သေချာဆေးရမယ်။

    မေး ။ ။ ကျန်းမာရေးပညာအရ အထူးသတိထားရမယ့် လူအုပ်စုတွေဆိုပြီး ပိုင်းခြားထားတာရှိလား။

    ဖြေ ။ ။ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကတော့ အုပ်စုတွေနဲ့လဲ သတ်မှတ်ထားတာရှိတယ်ပေါ့နော်။ ဆရာမတို့အနေနဲ့တော့ ထိလွယ်ရှလွယ်တဲ့အုပ်စုနဲ့ သတ်မှတ်ထားတာရှိတယ်ပေါ့နော်။ ဥပမာ-အသက်တအားကြီးသွားတဲ့ သက်ကြီးပိုင်းတွေ၊ ကလေးတွေ၊ နောက်ပြီးလို့ရှိရင် ကြားထဲမှာ သူ့မှာရောဂါအခံတစ်ခုရှိနေသူတွေ ဥပမာအားဖြင့် သွေးတိုးတွေ ဆီးချိုတွေပေါ့နော်။ နောက်ပြီးရင် တစ်ခုခုဆေးစွဲသောက်နေရတဲ့ အုပ်စုတွေဆိုလဲ ပိုပြီးသတိထားရမယ်ပေါ့နော်။ အဲတော့ ရှင်းရှင်းလေးပဲ အသက်ကြီးလွန်သော်လည်းကောင်း ငယ်လွန်သော်လည်းကောင်း၊ သူ့မှာရောဂါအခံတစ်ခုခုရှိနေရင်တော့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ရင် ပိုပြီးတော့သတိထားရမယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီဆိုရင် ဝမ်းသွားတယ်ပေါ့နော်။ တစ်နေ့ကို ဝမ်းသုံးကြိမ်အထက်သွားတယ်။ အရည်တွေပဲသွားနေမယ်ဆိုရင် ဆရာမတို့က ဒီလူကို ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတယ်လို့ သတ်မှတ်တယ်ပေါ့နော်။ နောက်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေပြီဆိုရင် တချို့လူတွေကျတော့ အန်လာတယ်၊ တချို့လူတွေဆိုရင် ရောဂါပိုး Infectionတစ်ခုတစ်ခုဖြစ်တယ် ဗိုင်းရပ်သော်လည်းကောင်း ဘတ်တီးရီးယားပိုးနဲ့သော်လည်းကောင်း၊ တခါကျလို့ရှိရင် အဖျားတက်လာတယ်ပေါ့နော်။ သူရဲ့လက္ခဏာတွေဖြစ်တဲ့ ဝမ်းသွားတအားများတဲ့အခါကျရင် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းလာတယ်။ ရေဓာတ်ခမ်းခြောက်တဲ့လက္ခာက ကျွန်မတို့ဘယ်လိုတွေ့ရလဲဆိုရင် ခန္ဓာကိုယ်မှာဆိုလို့ရှိရင် မျက်လုံးလေတွေ ချိုင့်ဝင်သွားတယ်၊ ရေတအားငတ်လာတယ်၊ ဆီးသွားတာနည်းသွားတယ်၊ စိတ်တိုလာတယ်၊ ကလေးတွေဆိုရင် ဂဏာမငြိမ်းဖြစ်လာတယ်ပေါ့နော်။ ရေဓါတ်တအားခမ်းသွားမယ်ဆိုရင်တော့ ကလေးတွေဆို လုံးဝမလှုပ်နိုင်တော့ဘူး မှိန်းသွားတယ်၊ မျက်တွင်းတွေလဲ တအားချိုင့်လာတယ်၊ ခန္ဓာအရေပြားကလဲ ကြုပ်သွားတယ်။ အဲဒီမျိုးတွေနဲ့ ဆရာမတို့သတ်မှတ်တယ်။

    မေး ။ ။ ဝမ်းပျက်၊ဝမ်းလျှောရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေ ဘာတွေရှိမလဲ?

    ဖြေ ။ ။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကကျတော့ ရေဓာတ်ခမ်းခြောက်သွားတဲ့အခါကျရင် ခန္ဓာကိုယ်မှာ သွေးပေါင်တွေကျသွားတယ်။ သွေးပေါင်တွေ ကျသွားတဲ့အခါကျရင် ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုမကောင်းဘူး၊ ကျောက်ကပ်ထိသွားတယ်၊ ဆီးသွားနည်းသွားတယ်။ သွေးပေါင်တအားကျသွားတဲ့အခါကျရင် အသက်အန္တရာယ်ရှိတဲ့အထိဖြစ်နိုင်ပါတယ်။

    မေး ။ ။ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သတ်ပြီး ပြည်သူတွေကို ကျန်းမာရေးဆိုင်ရာ ဘာတွေအကြံပေးချင်တာရှိလဲ။

    ဖြေ ။ ။ တတ်နိုင်သလောက် ဆရာမတို့အကြံညာဏ်ပေးချင်တာကတော့ အိမ်သာသွားသည်ဖြစ်စေ ခရီးသွားသည်ဖြစ်စေ အိမ်သာအဝင်အထွက်တိုင်းမှာ လက်ကို ဆပ်ပြာနဲ့ သေသေချာချာဆေးစေချင်တယ်ပေါ့နော်။ စစ်ရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှော်ရောဂါဖြစ်လာပြီးဆိုရင်တော့ ဓာတ်ဆားရည်တွေ သောက်ဖို့ အဲဒီလိုမျိုးလည်း အရေးကြီးတယ်ပေါ့နော်။ နောက်ပြီးတော့ ဝမ်းပျက်ဝမ်းလျှော်ရောဂါဖြစ်ပြီးဆိုရင်လည်း ကိုယ်ကနေတဆင့်သူများကို မကူးစက်ရအောင် သန့်သန့်ရှင်းရှင်းနေဖို့ နောက်ပြီး ရေဓာတ်ခမ်းတဲ့ လက္ခာတွေကိုလည်း ကိုယ်တိုင်သတိထားမိဖို့ လိုတယ်။ ဖြစ်လာတဲ့အချိန်ကျရင်လည်း အချိန်မှီ ကုသဖို့အရေးကြီးတယ်ပေါ့နော်။ ခဏကပြောသလိုမျိုး ထိလွယ်ရှလွယ်တဲ့ အုပ်စုတွေဆိုရင်လည်း နည်းနည်းလေး ပိုပြီးတော့ သတိထားရမယ်ပေါ့နော်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,800SubscribersSubscribe
    spot_img

    Latest posts