အတွေးအမြင်၊ မင်းသံသာချိုတေး
ယခုတလောတွင် မွန်မြေရေးရာရပ်ဝန်း (ပြဝါတိဍာ်မန်၊ Mon Land Institute – MLI) အဖွဲ့သားများ ဦးဆောင်ပြုလုပ်သည့် လူထုတွေ့ဆုံဆွေးနွေးရေး နှစ်ရပ်တွင် မိမိပါဝင်ကူညီ လေ့လာဖြစ်ခဲ့သည်။
အဖွဲ့သားများတို့သည် မေလ (၄) ရက်နေ့တွင် ကျိုက်မရောမြို့နယ် ဓမ္မသရွာသား စစ်ရှောင်ပြည်သူများ တည်ထောင်ထားသည့် သဘာဝစိုက်ပျိုးရေးခြံတခုတွင်လည်းကောင်း၊ မေလ (၂၁) ရက်နေ့တွင် မွန်ဒေသဖွံ့ဖြိုးရေးနှင့် ကယ်ဆယ်ရေးစင်တာမှ ထူထောင်ထားသော ဘုရားသုံးဆူဒေသ ဂူပေါင်းရွာအနီးရှိ သဘာဝစိုက်ပျိုးရေးခြံတခုတွင်လည်းကောင်း ဒေသခံစိုက်ပျိုးရေးများ ကိုယ်တိုင်ကိုယ်ကျပါဝင်သည့် လူထုတွေဆုံဆွေးနွေးရေးနှစ်ရပ် ပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးရေး အစီစဉ်သည် ဂေဟဗေဒအခြေခံ စိုက်ပျိုးရေးစနစ် အသွင်ကူးပြောင်းနိုင်ရေး (Agroecology Transition) အတွက် သုတေသနလေ့လာရေး အစီရင်ခံစာပြုစုရန် ဖြစ်သည်။
အဓိကဆွေးနွေးသည့် အကြောင်းအရာများစွာထဲကမှ “အစားအစာဖူလုံရေးနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှု၏ အရေးပါမှုအကြောင်း” သည် လူထုများကိုယ်တိုင် စိတ်ပါဝင်စားစွာ ဆွေးနွေးနေကြသည်ကို နားထောင်လေ့လာဖြစ်ခဲ့သည်။ အဆိုပါ အကြောင်းကို ပိုမိုလေ့လာဖြစ်ရန် မိမိ၏ စိတ်အစဉ်တွင် တွန်းအားတခုဖြစ်ပေါ်စေခဲ့သည်။
၎င်းအပြင် မွန်ဒေသတနံတလျားတွင် ဒေသမျိုးရင်းပင်များ တဖြည်းဖြည်းချင်း ပျောက်ကွယ်နေခြင်းနှင့်အတူ နိုင်ငံခြားဖြစ် ကျူးကျော်မျိုးစိတ် ပန်းပင်၊ အသီးပင်၊ ဟင်းသီးဟင်းရွက်ပင်များ ကျူးကျော်ဝင်ရောက်နေလျက်ရှိပြီး မွန်လူမျိုးတို့ နေအိမ်များတွင် မျက်စိပသာဒ ဖြစ်စေသည့် ပန်းပင်မျိုးစုံ စိုက်ပျိုးလာသည့် အလေ့ထလည်း ကြီးထွားလာသည်။

တဖက်တွင်မှာ “အိမ်နောက်ဖေး ဈေးဆိုင်တည်” စကားရပ်သည်လည်း မေ့ပစ်ကုန်သကဲ့သို့ မွန်ဘိုးဘွားတို့ ကျင့်ကြံနေထိုင်ခဲ့သည့် နေအိမ်ခြံမြေ အလွတ်နေရာများတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့်အလေ့ထလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်လာနေသည်။ အိမ်ခြံမြေဈေးကွက် မြင့်မားလာသောကြောင့် နေအိမ်ခြံမြေလည်း ကျဉ်းမြောင်းစွာ အကွက်ရိုက် ရောင်းချလာကြသည့်အတွက် မွန်တို့ရပ်ရွာများတွင် နေအိမ်ခြံမြေအလွတ် မရှိသလောက် ဖြစ်လာသည်မှာလည်း အကြောင်းပြချက်တခုဖြစ်သည်။
မွန်ရပ်ရွာများတွင် အများပြည်သူပိုင် မြေနေရာကင်းမဲ့လာနေပြီး ပုဂ္ဂလိကပိုင်မြေများလည်း ကျဉ်းမြောင်းလာနေသည်။ လူဦးရေတိုးပွားလာခြင်းနှင့်အတူ မွန်ရပ်ရွာအများစုတို့တွင် နေအိမ်ရပ်ဝန်းများကို မြို့ပြဆန်ဆန် ဆောက်လုပ်လာကြသည်။ နိုင်ငံခြားနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်သည့် အစဉ်အလာတိုးမြင့်လာသည်နှင့်အမျှ မွန်လူမျိုးတို့၏ ရပ်ရွာယဉ်ကျေးမှုနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် ဓလေ့ထုံးတမ်းအပေါ် အမြင်လည်း ပြောင်းလဲလာသည်။ ထို့အတူ ရာဘာပင် စိုက်ပျိုးရေးအလေ့အထသည် မွန်ဒေသအနှံ့ အပြည့်အဝ ဖုံးလွှမ်းသွားကုန်ပြီးဖြစ်သည်။ အခွင့်ခါသင့်ပါက ဤအကြောင်းကို ပိုမိုလေ့လာ ရေးသားရပါဦးမည်။
ရပ်ရွာနေ မွန်လူမျိုးတို့အနေဖြင့် ၎င်းတို့၏ နေအိမ်ခြံမြေ မြေလွတ်နေရာတွင် မျက်စိပသာဒ ဖြစ်စေသည့် ပန်းပင်များ စိုက်ပျိုးမည့်အစား အသီးပင်၊ ဟင်းပင်များ ပိုမိုစိုက်ပျိုးကြရန်မှာ ပိုမိုမသင့်တော်ပေဘူးလားဟု ခေါင်းထဲတွင် မေးခွန်းတခု ဖြစ်ပေါ်လာသည့်အလျှောက် ဤအတွေးအမြင် စာမှတ်တမ်းတွင် အဓိကအကြောင်းအဖြစ် ဖော်ပြအပ်ပေသည်။
၁။ စားနပ်ရိက္ခာအကြပ်တည်းနှင့် လူသားတို့ကမ္ဘာ
လက်ရှိကမ္ဘာတွင် လူဦးရေ တိုးပွားလာမှုနှင့်အတူ စားနပ်ရိက္ခာလိုအပ်ချက်များ မြင့်တက်နေလျက်ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးထုတ်လုပ်မှုများ ထိခိုက်လျက်ရှိသည်။
ဤအခြေအနေတွင် မျက်စိပသာဒဖြစ်စေသော အလှဆင်ပန်းပင်များထက် ဟင်းသီးဟင်းရွက်နှင့် သီးနှံပင်များ ပိုမိုစိုက်ပျိုးကြခြင်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေး ပြဿနာကို ဖြေရှင်းနိုင်ကြောင်းကို မြင်မိသည်ဟု ဂျိုင်းမြစ်ဒေသ စစ်ရှောင်ပြည်သူ အကူအညီပေးနေသူတစ်ဦးက ဆိုပါသည်။
စစ်ဘေးဒဏ်သင့်ကာ စားနပ်ရိက္ခာအကျပ်အတည်းများကို ရင်ဆိုင်နေရသော မြန်မာနိုင်ငံအနေဖြင့် အာဟာရပြည့်ဝသည့် အစားအစာများ ရရှိရန် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုကို ပိုမိုဦးစားပေးသင့်သည်ဟု အဟာရပညာရှင်အမျိုးသမီးတဦး၏ တိုက်တွန်းချက်တခုကို သတိပြုစရာ ဖြစ်လာသည်။
၂။ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း
ဟင်းသီးဟင်းရွက်များသည် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး လူသားတို့၏ ကျန်းမာရေးအတွက် အရေးပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ တစ်နေ့လျှင် ဟင်းသီးဟင်းရွက် ၄၀၀ ဂရမ်ခန့် စားသုံးသင့်သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဤပမာဏကို မရရှိကြပေ။
ဟင်းသီးဟင်းရွက်စိုက်ပျိုးမှု များပြားလာပါက အာဟာရချို့တဲ့မှုနှင့် နာတာရှည်ရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည်။
သို့သော် မြန်မာပြည်တွင် ဓါတုဗေဒ မြေဩဇာသုံး စိုက်ပျိုးရေး အလေ့အထ ကြီးထွားလာခြင်းကြောင့် ဟင်းသီးဟင်းရွက်များသည်လည်း အန္တရာယ်မကင်း ဖြစ်လာသည်ကို တွေ့ဆုံဆွေးနွေးရေး လူထုတို့က သက်သေထွက်ဆိုကြသည်။
၃။ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးအရ အရေးပါမှု
ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းသည် မိသားစုတစ်ခု၏ အစားအစာဖူလုံရေးကို ထောက်ပံ့ပေးနိုင်သည့်အပြင် ရောင်းဝယ်ဖောက်ကားခြင်းဖြင့် ဝင်ငွေတိုးစေနိုင်သည်။ ကုလသမဂ္ဂစိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အချက်အလက်များအရ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုသည် ဆင်းရဲနွမ်းပါးမှုကို လျှော့ချရာတွင် အထောက်အကူဖြစ်စေသည်။ ကျေးလက်ဒေသများတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းကို အားပေး အထောက်အပံ့ပြုပေးနိုင်ပါက ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။
ဘုရားသုံးဆူဒေသ ဂူပေါင်းရွာရှိ ဒေါ်ငယ် (အသက် ၇၀ ကျော်) ဆိုသူက သူမ၏ (၃၀×၅၀ ပေ) နေအိမ်ခြံမြေ အလွတ်ထဲတွင် ဟင်းသီးဟင်းရွက်များကို Food Forest ပုံစံစိုက်ပျိုးထားခြင်းကြောင့် အစားစာနှင့် နေအိမ်အသုံးစရိတ်များ အလုံလောက်စွာ ရရှိစေခဲ့ပြီး အဝေးရောက် သားသမီးများဆီမှ အထောက်ပံ့ငွေကို မှီခိုစရာမလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
၄။ ပန်းပင်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှု နှိုင်းယှဉ်ချက်
အလှဆင် ပန်းပင်များသည် ပတ်ဝန်းကျင်ကို အလှဆင်နိုင်သော်လည်း ၎င်းတို့သည် အစားအစာအဖြစ် အသုံးမဝင်ဟု အသက်ကြီးပိုင်းတဦးဖြစ်သူ ဒေါ်ဟတွတ် (ဓမ္မသရွာသူ) က ဆိုပါသည်။
ကမ္ဘာ့နေရာအများအပြားတွင် ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရချိန်တွင် မြေနေရာနှင့် ရေအရင်းအမြစ်များကို အစားအစာထုတ်လုပ်ရန် ဦးစားပေးအသုံးပြုသင့်သည်မှာ ကမ္ဘာ့ခေါင်ဆောင်များ ပိုမိုစဉ်းစားရတော့မည် ဖြစ်သည်။
ဟင်းသီးဟင်းရွက်ပင်များသည် ပန်းပင်များထက် ရေနည်းနည်း အသုံးပြုရုံမျှဖြင့် ပိုမိုထွက်ရှိနိုင်ပြီး အာဟာရပြည့်ဝသော အစားအစာများကို ပေးစွမ်းနိုင်သည်ဟု နိုင်ဘရှိန် (ဂူပေါင်းရွာ၊ သဘာဝစိုက်ပျိုးရေးသမား) က ဆိုပါသည်။
၅။ ရာသီဥတုပြောင်းလဲမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး
ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးစနစ်များ ထိခိုက်လာချိန်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းသည် ပိုမိုတည်တံ့သော ရွေးချယ်မှုတစ်ခုဖြစ်သည်။ ဟင်းသီးဟင်းရွက်များသည် ကာဗွန်ထုတ်လုပ်မှုနည်းပြီး မြေဆီလွှာအဟာရကို ထိန်းသိမ်းပေးနိုင်သည်။
ထို့ကြောင့် ရေရှည်တွင် စားနပ်ရိက္ခာဖူလုံရေးအတွက် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုကို မြှင့်တင်သင့်သည်မှာ ဟေဂဗေအခြေပြု စိုက်ပျိုးရေး (Agro Ecology) ၏ သော့ချက် တခုဖြစ်ကြောင်းကို MLI အဖွဲ့သားတို့ ဦးဆောင်ဆွေးနွေးနေကြသည်မှာလည်း မှတ်သားဖွယ်ရာတခု ဖြစ်သည်။
၆။ တိုက်တွန်းချက်
ကမ္ဘာ့လူဦးရေ တိုးပွားလာမှုနှင့်အတူ စားနပ်ရိက္ခာဖူလုံရေးသည် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ အလှဆင်ပန်းပင်များထက် ဟင်းသီးဟင်းရွက်နှင့် သီးနှံပင်များ ပိုမိုစိုက်ပျိုးခြင်းဖြင့် အာဟာရပြည့်ဝသော အစားအစာများ ရရှိနိုင်မည်ဖြစ်ပြီး ကမ္ဘာ့ငတ်မွတ်မှုပြဿနာကို ဖြေရှင်းနိုင်မည်။ ထို့ကြောင့် အစိုးရများ၊ ပညာရှင်များ၊ စိုက်ပျိုး ရေးသမားများ၊ လယ်သမားများနှင့် မွန်လူငယ် မိဘပြည်သူများအနေဖြင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးကိုပိုမိုဦးစားပေးဆောင်ရွက်သင့်ပါသသည်။
စားနပ်ရိက္ခာဖူလုံရေးကို ဦးတည်သော ရပ်ဝန်းတခု ကြိုတင်ဖန်တီးထားနိုင်မှ အနာဂတ် မွန်လူမျိုးတို့၏ အစားစာစီမံအုပ်စိုးရေး ကင်းမဲ့မှုပြဿနာများ ဖြေရှင်းနိုင်လိမ့်မည်။
မှတ်ချက် – Mon Land Institute (ပြဝါတိဍာ်မန်) ၏ အတွေးအမြင် ဆောင်းပါးတပုဒ်ကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။