spot_img
Monday, January 26, 2026
More
    spot_img
    Homeသတင်းမိုးစပါးချေးငွေ စိုက်ပျိုးချိန်မီ မရရှိမည်ကို တောင်သူတို့စိုးရိမ်နေ

    မိုးစပါးချေးငွေ စိုက်ပျိုးချိန်မီ မရရှိမည်ကို တောင်သူတို့စိုးရိမ်နေ

    -

    မွန်ပြည်နယ်တွင် မိုးစပါးချေးငွေပြန်ဆပ်ရန် နောက်ကျသည့်ကျေးရွာမှ တောင်သူများကို ချေးငွေအသစ်မထုတ်ချေးသေးဘဲ အလှည့်ကျစနစ်ဖြင့် စောင့်ဆိုင်းရမည်ဖြစ်သဖြင့် စိုက်ပျိုးချိန်မီ မရရှိမည်ကို တောင်သူတို့စိုးရိမ်နေကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ် မိုးစပါးထုတ်ချေးငွေများကို ယခုမေလ ၁၉ ရက်နေ့မှစတင်ကာထုတ်ချေးပေးနေပြီး၊ ယခင်နှစ်အတိုင်း အကြွေးကျန်မရှိသည့် တောင်သူတို့ကို တစ်ဧကလျှင် ၁သိန်းခွဲ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေပြီးဖြစ်သည်။

    ထို့သို့ထုတ်ချေးရာတွင် သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)တို့၌ တစ်ရွာလျှင်တစ်ရက်နှုန်းဖြင့် ထုတ်ချေးပေးနေကြောင်း၊ ယခင်နှစ် ချေးငွေကို ပြန်ဆပ်ရန်နောက်ကျခဲ့သည့်ရွာတို့ကို နောက်ဆုံးအလှည့်ကျမှ ပေးဆောင်မည်ဖြစ်သဖြင့် စောင့်ဆိုင်းချိန်ပိုကြာမြင့်နိုင်ကြောင်း ပေါင်မြို့နယ်မှ တောင်သူတစ်ဦးကဆိုသည်။

    “ တန်းစီစနစ်နဲ့ပေးတော့ ကျနော်တို့မှာ ၅၈ ရွာရှိတော့ တစ်ရွာကိုတစ်ရက်ဆို နှစ်လ ၊ သုံးလအထိ ကြာတယ်၊ ပိတ်ရက်တွေ ဘာတွေနဲ့ရှိသေးတယ်ဆိုတော့ ဒီကြားထဲ လယ်သာစိုက်ပြီးသွားမယ် ကိုယ့်ရွာအလှည့်မကျသေးဘူး။ ချေးဌားပြီးလုပ်ရတော့မှာပေါ့ ၊ ကိုက်လာဆိုတော့လည်း မကိုက်ဘူး ”ဟု၎င်းက ပြောသည်။

    ယခင်နှစ်တို့ထက် မိုးစပါးရာသီအတွက်စိုက်ပျိုးစရိတ်ချေးငွေ ပိုမိုထုတ်ချေးပေးရန်လည်း တောင်သူများ လိုလားနေကြပြီး၊ ချေးငွေလိုအပ်သည့်တောင်သူတိုင်း ချေးငွေရရှိရေးအတွက် စနစ်တကျစီမံ ဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ၎င်းကဆက်ပြောသည်။

    လက်ရှိတွင် ကြွေးဟောင်းကျန်နေသည့် လယ်သမားများ ချေးငွေသစ် ထပ်မံ မထုတ်ချေးပေးသည့်အတွက် ဓနရှင်တို့ထံ ငွေတိုးချေးယူပြီး၊ စိုက်ဧကလျှော့ချလုပ်ကိုင်မည်ဖြစ်ကြောင်း ဘီးလင်းမြို့နယ်မှ တောင်သူတစ်ဦးကပြောသည်။

    “ ကျနော်တို့ အကြွေးမဆပ် ရသေးဘူး၊ စောစောစီးစီးဆပ်တဲ့ရွာကျအရင်ရတယ်၊ အကြွေး မကျေတဲ့သူကျသွားထုတ်လို့မရဘူးပေါ့နော် စိုက်ခင်းနဲ့စိုက်တော့ကုန်ကျစရိတ်ပိုများတာ အလုပ်သမား စရိတ်တွေဆို နေ့စားတစ်ယောက် ၂၅၀၀၀ ရှိတယ်၊စပါးဈေးနှုန်းတစ်သမတ်တည်းမရှိဘူး စပါးဈေးအရမ်းကျနေတယ် သွင်းကုန်နဲ့ ထုတ်ကုန် မမျှနေဘူး”ဟု၎င်းကပြောသည်။

    ပြည်တွင်းတွင် အလုပ်သမားရှားပါးမှုကြောင့် တောင်သူအများစုကကြဲခင်း စနစ်ကိုသာ လုပ်ကိုင်ကြပြီး၊ ယင်းစနစ်ကြောင့်အထွက်နှုန်းနည်းပါးသည့်ဒဏ်အပြင် စပါးပေါက်ဈေးနှုန်းသည် လည်း ၁၃ သိန်းဝန်းသာရှိနေသည်ဟုသိရသည်။

    ယခုနှစ်တွင်လည်း စပါးစိုက်ပျိုးရန်အတွက်သွင်းအားစုဖြစ်သည့် မျိုးစေ့စရိတ်၊ မြေသြဇာ၊ ထွန်းယက်ခနှင့် လုပ်သားဌားရမ်းစရိတ်များကြီးမြင့်နေသောကြောင့် အစိုးရထုတ်ချေးငွေသည် စပါးမျိုးစေ့စရိတ်မျှသာ ဖူလုံနေကြောင်း ပေါင်မြို့နယ်မှ လယ်သမားတစ်ဦးကပြောသည်။

    မွန်ပြည်နယ်တွင် တောင်သူအများစု ကြဲစနစ်ဖြင့် ၆၀ ရာခိုင်နှုန်းကျော်စိုက်ပျိုးကြပြီး၊ ကြဲစနစ်ကြောင့် စပါးအထွက်နှုန်းလျော့ကျသည့်အပြင် အနိမ့်ဈေးဖြင့်ရရှိနေသည်ဟု တောင်သူများကဆိုသည်။

    ပြီးခဲ့သည့်ဧပြီလတွင် ရေကြီးရေလျှံမှုကြောင့်ပျက်စီးသွားသည့် မိုးစပါးစိုက်ဧကအတွက် ထောက်ပံ့ကြေးတို့ကို စစ်ကောင်စီအဖွဲ့တို့မြို့နယ်အလိုက် ပေးဆောင်ရာတွင် ပေါင်မြို့နယ်အတွင်း ပျက်စီးသွားသည့် စပါးဧကများစွာရှိသော်လည်း စာရင်းမဝင်သဖြင့် ထောက်ပံ့ကြေးမရရှိခဲ့ကြကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts