ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နှင့် အနီးနားတဝိုက်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၄ ဦးသေဆုံးကာ ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မွန်လွတ်မြောက်ရေးတပ်မတော် MLA က ထုတ်ပြန်သည်။
MLA က ထုတ်ပြန်ထားသည့်အချက်အလက်များအရ တစ်လအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ ဒရုန်းများနှင့် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကော့ကရိတ်-ကျုံဒိုးအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ အသက် ၃ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး အသက် ၆၄ နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် သေဆုံးသူ ၁၄ ဦးရှိခဲ့သည်။

၎င်းပြင် ထိခိုက်ဒဏ်ရာရသူ ၂၄ ဦးရှိပြီး သံဃာတော်များနှင့် မူလတန်းအရွယ်ကလေးငယ်များပါဝင်ပြီး ခြေထောက် တစ်ဖက် ဆုံးရှုံးရသည်အထိ ဆိုးရွားသည့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု MLA က ဆိုသည်။
မေလ ၂၀ ရက်နေ့က ကျုံဒိုးမြို့အနီး လေးတိုင်ရွာထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်။
အလားတူ မေလ ၁၉ ရက်နေ့ကလည်း ကျုံဒိုးအခြေစိုက် စစ်ကောင်စီ အမှတ် ၅၄၆ ခြေမြန်တပ်ရင်းမှ ကျုံဒိုးမြို့အနီး ကျွန်းကလေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အိမ်ကို ပြန်လာကြည့်သည့် စစ်ဘေးရှောင် CDM ကျောင်းဆရာတစ်ဦး လက်နက်ကြီးထိပြီး သေဆုံးသွားခဲ့သည်။
“ကျုံဒိုးမှာ တိုက်ပွဲဖြစ်ပွားတာမျိုးတော့ မရှိဘူး။ ကျုံဒိုးအနီးအနား ရွာတွေဘက်ကိုတော့ လှမ်းပစ်နေတာတော့ ရှိတယ်။ အဲလိုလှမ်းပစ်လို့ ကျုံဒိုးအနီးအနားက အိမ်တွေထဲကို ကျတယ်။ တခါတလေ ကျုံဒိုးမြို့ထဲလည်း ကျတာရှိတယ်” ဟု ကျုံဒိုးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ကော့ကရိတ်နှင့် ကျုံဒိုးဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ကျုံဒိုးမြို့နှင့် အနီးနားတဝိုက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် လှမ်းပစ်နေသည့်အပြင် လေကြောင်း တိုက်ခိုက်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။
စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များ ဘုန်းကြီးကျောင်း၊ ဗလီ၊ စာသင်ကျောင်းများလည်း ထိခိုက်ပျက်စီးမှု ရှိသည့်အပြင် သိန်းနှင့်ချီသည့် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ကျုံဒိုးမြို့နှင့် အနီးနားတဝိုက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်များကို သတိကြီးစွာ ထား၍ ဂရုတစိုက်နေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့တို့က တိုက်တွန်းနှိုးဆော်ထားသည်။