မွန်ပြည်နယ်အတွင်း မိုးဦးကာလတွင် ရာသီတုပ်ကွေး ကူးစက်ဖြစ်ပွားသူ များပြားနေသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
နွေရာသီအကုန် မိုးရာသီအဝင်ကာလဖြစ်သည့် မေလဆန်းပိုင်းကစပြီး ပြည်နယ်အတွင်း ရာသီတုပ်ကွေး ကူးစက်ဖြစ်ပွားသူ သိသိသာသာ မြင့်တက်လာခဲ့သည်။

ရာသီတုပ်ကွေးကူးစက်ရောဂါသည် ကလေး၊ လူကြီးမရွေး ကူးစက်ဖြစ်ပွားတက်သော်လည်း ကိုယ်ခံအားနည်းသည့် သက်ကြီးရွယ်အို၊ ကလေးသူငယ်များတွင် အဖြစ်များပြီး ပြင်းထန်စွာခံစားရတက်သည်။
“အခုဆိုရင် ဖျားနာတဲ့လူတွေ တော်တော်များတယ်။ အိမ်တိုင်းလိုလိုပဲ မိုးဦးကာလဆိုတော့ ရာသီအကူးအပြောင်းမှာ ဖျားကြတာထင်တယ်။ ခလေးတွေဆိုရင်လည်း သွေးလွန်တုပ်ကွေးဖြစ်တယ် ဒီအချိန်မှာ။ လူကြီးဆိုရင်လည်း တုပ်ကွေးပေါ့ နှာစေး၊ ချောင်းဆိုး တချို့ဆို ဖျားကြတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။
ရာသီတုပ်ကွေးခံစက်ခံရသူများသည် ဖျားခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစားအသောက်ပျက်ခြင်း အစရှိသည့် လက္ခဏာများ ခံစားရတက်သည်ဟု ကျန်းမာရေးဌာနထံမှ သိရသည်။
ရာသီအကူးအပြောင်းကာလတွင် ဖြစ်ပွားတက်သည့် ရာသီတုပ်ကွေးအပြင် မိုးတွင်းကာလတွင် အဖြစ်များလေ့ရှိသည့် သွေးလွန်တုပ်ကွေး ကူးစက်မှုလည်း အဖြစ်များနေသည်ဟု ဒေသခံတို့က ပြောသည်။
“မိုးတွင်းရောက်လာပြီးဆိုရင် ခလေးတွေ အရမ်းဂရုစိုက်ရတယ်။ ဖျားရင် ရိုးရိုးဖျားတာလား သွေးလွန်တုပ်ကွေးလား စိတ်ပူရတယ်။ အခုက ခလေးတွေရော လူကြီးတွေရော နေမကောင်းဖြစ်နေကြတယ်။ ခလေးတွေကို မပေါ့ဆသင့်ဘူး” ဟု ကလေးမိခင်တစ်ဦးက ပြောသည်။
ယခုလို ရာသီအကူးအပြောင်း မိုးဦးကာလတွင် ဖျားနာလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနတို့တွင် စောစီးစွာ ကုသမှု ခံယူကြရန် ကျန်းမာရေးဌာနက နှိုးဆော်တိုက်တွန်းထားသည်။
မိုးရာသီကာလတွင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးများအပြင် အဖြစ်များနိုင်သည့် ပြန်းထန်ဝမ်းပျက်ဝမ်းလျှော(ကာလဝမ်းရောဂါ) ကိုလည်း သတိပြုကြရန်နှင့် ရောဂါဖြစ်ပွားလာလျှင် အချိန်မီကုသခံယူရန်နှင့် အချိန်မီကုသမှု မခံယူပါက လျင်မြန်စွာ အသက်ဆုံးရှုံးနိုင်ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။