မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မွန်ပြည်သစ်ပါတီ NMSP-AD က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မုဒုံ-သံဖြူဇရပ်ကားလမ်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီ အမြောက်တပ် ၃၁၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်များကို NMSP-AD က မေလ ၂၀ ရက်နေ့ မွန်းလွှဲပိုင်း ၁၂ နာရီအချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ၊ ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

“မနေ့ကတော့ မုဒုံဒေသမှာ အခြေစိုက်တဲ့ ကျနော်တို့တပ်ဖွဲ့က ရောင်းဒေါင်းရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ပေါ့။ တိုက်ပွဲကတော့ နာရီဝက်လောက် ဖြစ်ပွားသွားတယ်။ သိထားသလောက်တော့ သူတို့ဘက်မှာ တစ်ယောက်ကျသွားတယ်။ ၃ ယောက်က ပြင်းထန်ဒဏ်ရာရတယ်၊ ဒဏ်ရာရသူပေါင်း ၅ ယောက်လောက်ရှိမယ်။ ကျနော်တို့ဘက်ကလည်း တပ်ဖွဲ့ဝင်တစ်ယောက်က ဒဏ်ရာ(မစိုးရိမ်ရ) ရသွားတာ ရှိတယ်” ဟု ပြောသည်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းကို စစ်ကောင်စီက လုံခြုံရေးအင်အား တိုးမြှင့်ထားပြီး လမ်းသွားလမ်းလာများကိုလည်း စစ်ဆေးနေသည်ဟု ဆိုသည်။
လက်ရှိတွင် ပစ်ခတ်သံများ ငြိမ်သက်နေသော်လည်း မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းကို ခရီးသွားလာရာတွင် သတိဖြင့် ဂရုပြုသွားလာသင့်ကြောင်း မုဒုံဒေသခံတစ်ဦးက ပြောသည်။
“မနေ့က ရောင်းဒေါင်းလမ်းဝမှာ တိုက်ပွဲဖြစ်သွားတာ။ တိုက်ပွဲဖြစ်ပြီးတော့ သူတို့ (စစ်ကောင်စီ) လာစောင့်နေကြတာ ရှိတယ်။ အခုက ပုံမှန်ပဲ သွားလာနေကြပေမဲ့ သတိနဲ့ သွားလာနေရတယ်။ အဲဘက်ကလူတွေတော့ နည်းနည်းတော့ ကြောက်နေကြတာပေါ့” ဟု အထက်ပါ မုဒုံဒေသခံက ပြောသည်။
မုဒုံမြို့နယ်သည် မွန်ပြည်သစ်ပါတီ NMSP-AD ၏ လှုပ်ရှားရာ နယ်မြေဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်စခန်း၊ ကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်နေသည့်အပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ၊ အုပ်ချုပ်ရေးမှူးများကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။