spot_img
Friday, June 20, 2025
More
    spot_img
    Homeသတင်းဖိနှိပ်ခံ မြန်မာအလုပ်သမားများ

    ဖိနှိပ်ခံ မြန်မာအလုပ်သမားများ

    -

    အမြင်နှင့် သုံးသပ်ချက်၊ နေသူရိန်

    မိုးရာသီ မရောက်သေးသော်လည်း ရာသီဥတုမှန်ကန်ခြင်းမရှိသော ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားသုံးဆူးနယ်စပ်မြို့သည် မိုးတဖွဲဖွဲကျနေသော နံနက်ခင်းတွင် မိန်းလမ်းဖြစ်သည့် ဘုရင့်နောင်လမ်းမကြီးတလျှောက် ထမင်းချိုင့်ကိုယ်စီဆွဲကာ ဆိုင်ကယ် ကယ်ရီနှင့်တစ်မျိုး လမ်းလျှောက်၍တဖုံ အုပ်စုဖွဲ့ကာ ထိုင်းဘက်ခြမ်းရှိ စက်ရုံ အလုပ်ရုံများသို့ ပျားပန်းခတ်မျှ သွားနေကြသည့် စက်ရုံအလုပ်သမားများကို နိစ္စဓူဝ တွေ့မြင်နေရပေသည်။

    သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် နံနက်လင်းသည်မှစ၍ တနေကုန် အလုပ်လုပ်နေကြရသည့် မြန်မာပြည်ဖွား အလုပ်သမားများ၏ ဘဝမှာလည်း ရင်နာစရာကောင်းလှပါသည်။ ရေမြေတောတောင်နှင့် သဘာဝသယံဇာတ ပေါများလှသည့် မြန်မာပြည်တွင်းမှာ အခြေခံလူတန်းစားများအတွက် အလုပ်အကိုင်ရှားပါးခြင်းကြောင့်လည်း ပြည်ပလုပ်ငန်းရှင်များထံမှ အပြောအဆိုခံ အနှိမ်ခံကာ ရသမျှလုပ်အားခလေးနှင့် တင်းတိမ်ရောင့်ရဲနေရသော မြန်မာအလုပ်သမားများ၏ ဘဝမှာလည်း ရင်မအေးဘွယ်ရာပင်ဖြစ်သည်။

    ဘုရားသုံးဆူမြို့နှင့် နယ်စည်းမျှသာခြားနားသည့် ထိုင်းဘက်ခြမ်းရှိ ထိုင်းလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ဘိနပ်ချုပ်စက်ရုံ၊ အထည်ချုပ်စက်ရုံ ပေါင်း (၇၀) ခန့်တွင် မြန်မာအလုပ်သမားများ ထောင်နှင့်ချီ၍ အလုပ်လုပ်နေကြသည်၊ ထိုင်းအစိုးရက ဘုရားသုံးဆူမြို့ကို လျှပ်စစ်မီးမဖြတ်တောက်ခင်ကာလ နယ်ခြားဝင်ထွက်ဂိတ်ပေါက်များကို အချိန်အကန့်အသတ်နှင့် မပိတ်ခင်ကာလက စက်ရုံအလုပ်သမားများ အချိန်အခါမရွေး ဝင်ထွက်သွားလာနိုင်ခဲ့သော်လည်း (၂၀၂၅) ခုနှစ် ဖေဖဝ်ဝါရီလ (၅) ရက်နေ့တွင် ထိုင်းအစိုးရက လျှပ်စစ်မီးများ ဖြတ်တောက်ကာ နယ်ခြားဝင်ထွက်ဂိတ်ပေါက်များကိုလည်း ပိတ်ထားလိုက်ပြီး အမှတ် (၁) ရပ်ကွက်ရှိ ကျောင်းဂိတ်ဝင်ထွက်ပေါက်တစ်ခုတည်းကိုသာ အချိန်အကန့်အသတ်နှင့် ဝင်ထွက်ခွင့်ပြုသည့် အချိန်မှစ၍ မြန်မာအလုပ်သမားများ အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။

    ဝင်ထွက်ဂိတ်ပေါက်တစ်ခုတည်းသာ ဖွင့်ထားခြင်းကြောင့်လည်း နံနက်စောစော (၆) နာရီအချိန်လောက်မှစပြီး စက်ရုံအလုပ်သမားများ၊ ဈေးရောင် ဈေးဝယ်များ၊ ကုန်တင်ကုန်ချ အလုပ်သမားများ၊ ခရီးသွားသူများနှင့် ပြည့်ကြပ်၍နေပေသည်။ ထိုင်းဘက်ခြမ်းရှိ စက်ရုံအလုပ်ရုံများမှာလည်း တစ်ရုံနှင့် တစ်ရုံ အလုပ်ဝင်ချိန်၊ အလုပ်ဆင်းချိန် မတူညီကြသောကြောင့် စက်ရုံအလုပ်သမားများမှာလည်း မိမိတို့လုပ်ငန်းခွင် နောက်မကျစေရန်အတွက် သူထက်ငါ အလုအယက်နှင့် တိုးဝှေ့သွားနေကြသည်ကိုလည်း မြင်တွေ့နေရပေသည်။

    စီးပွားရေးစျေးကွက်နှင့် အလုပ်သမားများ၏ လုပ်အားခတန်ဖိုးကို လျှော့ချနိုင်သည့် ဒေသကို မြင်သော ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက (၂၀၀၇) ခုနှစ်အချိန်ပိုင်းလောက်ကစပြီး ဘုရားသုံးဆူဒေသကို အခြေချခဲ့ကြသည်။ ထိုအချိန်က စက်ရုံ အလုပ်ရုံ အနည်းငယ်မျှသာ ရှိသေးသော်လည်း (၂၀၁၀) ခုနှစ်နောက်ပိုင်းတွင် စက်ရုံပေါင်း (၁၀၀) ကျော်ခန့်ရှိလာခဲ့သည်။ ထိုစက်ရုံအလုပ်ရုံများတွင် မြန်မာအလုပ်သမားပေါင်း (၃၀၀၀) ကျော်ခန့် အလုပ်လုပ်ခဲ့ကြသည်။ ထိုအချိန်က အလုပ်သမားတစ်ဦး၏ တစ်နေ့လုပ်အားခ ဘတ် (၇၀) နှင့် အချိန်ပိုလုပ်အားခ (OT) တစ်နာရီ (၁၁) ဘတ်မှ စခဲ့ကြရသည်။

    ထိုအချိန်က ဘုရားသုံးဆူမြို့တွင် ထိုင်းလုပ်ငန်းရှင်များနှင့် ဘုရားသုံးဆူမြို့ဒေသဖွံ့ဖြိုး ရေးအသင်းနှင့် အပေးအယူလုပ်ခဲ့ကြသည်။ ထိုင်းဘက်ခြမ်းရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်လိုသော မြန်မာအလုပ်သမားများသည် ဒေသဖွံ့ဖြိုးရေးအသင်းထံမှ ထောက်ခံစာယူရ၏၊ ဒေသဖွံ့ဖြိုးရေးအသင်း၏ ထောက်ခံမှု ရမှသာလျှင် အလုပ်လုပ်ခွင့်ရသည်၊ ဒေသဖွံ့ဖြိုးရေးအသင်းကလည်း စက်ရုံအလုပ်ရုံပိုင်ရှင်များနှင့် ညှိုနှိုင်း၍ မြန်မာအလုပ်သမားများ၏ လုပ်အားခထဲမှ တစ်နေ့လျှင် (၁၀) ဘတ် ဖြတ်ယူကြသည်။ ထိုအချိန်ကတည်းက မြန်မာအလုပ်သမားများအပေါ် မြန်မာအချင်းချင်း ခေါင်းပုံဖြတ်မှုများ ဖိနှိပ်မှုများကြောင့် မြန်မာအလုပ်သမားများ အနှိမ်ခံဘဝသို့ ရောက်ခဲ့ကြရသည်။

    စီးပွားရေးအခြေချကောင်းသော လုပ်အားခသက်သာသော ဘုရားသုံးဆူဒေသကို ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက မျက်စိကျလာကြသည်၊ ထိုင်းဘက်ခြမ်းရှိ စက်ရုံအလုပ်ရုံများ ရာနှင့်ချီ၍ ဖြစ်လာကြသည်။ လုပ်အားခ အနည်းငယ်မျှသာ ပေးရသော မြန်မာအလုပ်သမားများ၏ ချွေးနည်းစာများကို ကုပ်သွေးစုပ် အမြတ်ထုတ်လာကြ၏၊ စက်ရုံအလုပ်ရုံများ၏ အလုပ်ဝင်ချိန်နှင့် အလုပ်ဆင်းချိန် မတူညီကြပေ၊ တစ်ချို့သော အလုပ်ရုံများအား နံနက် (ရး ၃၀) နာရီအချိန် အလုပ်ဝင်ရသလို တစ်ချို့သော အလုပ်ရုံများက နံနက် (၈း ၀၀) နာရီအချိန် အလုပ်ဝင်ကြရသည်။ ညနေ (၅း ၀၀) နာရီတွင် အလုပ်ဆင်းရသော အလုပ်ရုံများရှိသလို ညနေ (၅း ၃၀) အချိန်တွင်မှ အလုပ်ဆင်းရသည့် အလုပ်ရုံများလည်း ရှိကြသည်။ နေ့စားပုတ်ပြတ် တစ်နေ့လုပ်အားခ ထိုင်းဘတ် (၁၀၀/၂၀၀) ကြားတွင် ရှိပြီး တစ်နေကုန် ပင်ပမ်းစွာ လုပ်ကြရသည်။ ညနေ (၅း ၃၀) နာရီမှ အလုပ်ဆင်းရသော အလုပ်ရုံများက အလုပ်သမားတို့၏ ကိုယ်ပိုင်အချိန် မိနစ် (၃၀) မျှ ခေါင်းပုံဖြတ်၍ ခိုင်းကြသည်၊ အလုပ်သမားများကလည်း အလုပ်ပြုတ်မည်ကို စိုးရိမ်၍ စောဒက မတက်ရဲကြ အနှိမ်ခံဘဝနှင့် ကြိတ်မှိတ်၍ လုပ်နေခဲ့ကြရသည်။

    အလုပ်သမားတို့၏ အခွင့်အရေးဆုံးရှံးမှုကို မခံမရပ်နိုင်သည့် မြန်မာအလုပ်သမားတစ်ချို့ ဆန္ဒပြခဲ့ကြသည်များရှိသည်၊ ထိုအလုပ်သမားများသည် အလုပ်ပြုတ်ကာ အလုပ်လက်မဲ့ဖြစ်ခဲ့ကြရသည်။ အလုပ်သမားများအပေါ်တွင် တစ်နေ့ (၁၀) ဘတ် ခေါင်းပုံဖြတ်ယူထားသော ဒေသဖွံ့ဖြိုးရေးအသင်းကလည်း အလုပ်သမားများအား ကူညီမှု မပေးနိုင်ခဲ့ကြပေ၊ ၂၀၁၉ ကိုဗစ်ကာလတွင် မြန်မာအလုပ်သမားများ ထောင်နှင့်ချီ၍ နေရပ်ပြန်သွားခဲ့ကြသည်။ အလုပ်သမားမရှိတော့သည့် စက်ရုံအလုပ်ရုံများ ပိတ်ပစ် ခဲ့ကြရသည်၊ ထိုအချိန်မှစ၍ ဘုရားသုံးဆူမြို့ ထိုင်းဘက်ခြမ်းရှိ အလုပ်ရုံ စက်ရုံများသည် ဆယ်ဂဏန်းမျှသာ ကျန်တော့သည်၊ အလုပ်သမားတို့၏ လုပ်အားခကို ခေါင်းပုံဖြတ်နေသော ဒေသဖွံ့ဖြိုးရေးအသင်းသည်လည်း ပျက်စီးခြင်းသို့ ရောက်ခဲ့ရသည်။

    (၂၀၂၀) ခုနှစ်အလွန် နိုင်ငံရေးအခြေအနေ မကောင်းသည့်ကာလတွင်လည်း စက်ရုံအလုပ်ရုံ အလုပ်သမားများသည် ဘုရားသုံးဆူမြို့တွင် အိမ်ထောင်စုနှင့် အတည်တကျ နေထိုင်သူများ နည်းပါးပြီး အများအားဖြင့် မြန်မာပြည်တွင်းမှ လာရောက်လုပ်ကိုင်ကြသူများသည် နှစ်ဦးစ သုံးဦးစ စုပေါင်း၍ အိမ်ခန်းတန်းလျှားခန်းများ ငှားနေကြရသည်၊ ထိုအချိန်ကာလက တန်းလျှားဌားခ ရေ-မီးခအပါအဝင်မှ တစ်လလျှင် ဘတ် (၈၀၀) လောက်မျှသာ ကုန်ကျ၏၊ ရရှိသော လုပ်အားခနှင့် မျှတသည်ဟု ဆိုရမည်ဖြစ်သည်၊ ပိုလျှံသည့်ငွေကို ပြည်တွင်းရှိ မိဘများ မိသားစုများထံသို့လည်း ပြန်ပို့နိုင်ခဲ့ကြသည်။

    ၂၀၂၄ ခုနှစ် ဘုရားသုံးဆူမြို့သို့ တရားဝင်နိုင်ငံသားမဟုတ်သော တရုတ်လူမျိုးများ ရောက်ရှိလာခဲ့သည့်အချိန်မှစ၍ မြန်မာအလုပ်သမားများအတွက် နေထိုင်မှု ခက်ခဲခဲ့ကြရသည်၊ အိမ်ခန်းနှင့် တန်းလျှားငှားနေရေးပြဿနာများနှင့် ရင်ဆိုင်ခဲ့ကြရသည်၊ ယခင်က တစ်လလျှင် ဘတ် (၈၀၀) မျှသာရှိသော အိမ်တန်းလျှားများသည် တရုတ်လူမျိုးတို့၏ ငွေနှင့်ဖိကာ မတန်တစ်ဆပေးကာ ငှားရမ်းမှုများကြောင့် တန်းလျှားတစ်ခန်းလျှင် တစ်လဘတ် (၅၀၀၀) မှ (၁၀၀၀၀) ထိ ဖြစ်ကုန်၏၊ တန်းလျှားပိုင်ရှင်များကလည်း ငွေပိုပေးသူကိုသာ ငှားရမ်းပေးကုန်၏၊ တစ်နေ့လျှင် လုပ်အားခ ဘတ် (၁၂၅) မှ (၂၀၀) ဝန်းကျင်မျှသာ ရရှိသော အလုပ်သမားများက ငှားရမ်းနေထိုင်ခြင်း မပြုနိုင်ကြပေ၊ အခန်းငှားခများ မတတ်နိုင်သည့်အဆုံး နေရပ်ပြန်ကြသူများလည်း ရှိကြသည်၊ ငွေအဆမတန်ပေးကာ ငှားရမ်းသော တရုတ်များနှင့် ငွေမက်သော တန်းလျှားပိုင်ရှင်တို့၏ စာနာစိတ်ကင်းမဲ့မှုများကြောင့် အခြေအနေမဲ့ မြန်မာလုပ်သားများ ဒုက္ခရောက်ကုန်ကြသည်။

    နေထိုင်ရေးအတွက် အိမ်ခန်းတန်းလျှားပိုင်ရှင်များ၏ စာနာစိတ်ကင်းမဲ့ခြင်း၊ စက်ရုံအလုပ်ရုံပိုင်ရှင်များ၏ ဖိနှိပ်ခိုင်းစေခြင်းများကို မြန်မာအလုပ်သမားများက ခေါင်းငုံ့ကာ ခံနေကြရသည်၊ စက်ရုံအလုပ်ရုံများတွင် နှစ်ရှည်လများ လုပ်ကိုင်လာခဲ့ကြသော်လည်း လုပ်အားခများ တိုးလာခြင်းမရှိခဲ့ပေ၊ အိမ်ခန်းတန်းလျှားများ တက်လာခြင်း၊ စားသောက်ကုန်ဈေးနှုန်းများ တက်လာခြင်းတို့၏ ဒဏ်ကိုလည်း နေ့စားစက်ရုံအလုပ်သမားများ ခါးစည်းကာ ခံကြရသည်။ နေရပ်သို့ ပြန်လိုကြသော်လည်း နေရပ်တွင် အလုပ်အကိုင်ရှားပါးခြင်းနှင့် စစ်အစိုးရက ပြဌာန်းထားသော စစ်မှုထမ်းဥပဒေများကြောင့် မပြန်ရဲကြပဲ လောကဓံ၏ ဆင်းရဲဒုက္ခကို လည်စင်းကာ ခံနေကြရသည့် အောက်ခြေလူတန်းစား မြန်မာအလုပ်သမားများပင်ဖြစ်သည်။

    ပြည်တွင်းငြိမ်းချမ်းမှုမရှိခြင်း၊ အလုပ်အကိုင်ရှားပါး၍ အလုပ်လက်မဲ့ဖြစ်ခြင်း၊ မြန်မာငွေကြေး တန်ဘိုးမရှိခြင်း၊ ကုန်ဈေးနှုန်းအဆမတန်တက်ခြင်း၊ စစ်ဘေးဒဏ်ကို ခံနေကြရခြင်းတို့ကြောင့် အလုပ်အကိုင်ရှိရာဒေသများတွင် အိုးအိမ် မိသားစုကို စွန့်ကာ လာရောက်လုပ်ကိုင်နေကြရသော မြန်မာအလုပ်သမားများအား ထိုင်းလုပ်ငန်းရှင်များက ဖိနှိပ်ရုံမက မြန်မာအချင်းချင်းပင် ဖိနှိပ်နေကြခြင်းကြောင့် မလူးသာ မလွန့်သာ အခြေအနေများနှင့် “ဖိနှိပ်ခံ မြန်မာအလုပ်သမားများ” အဖြစ် တင်ပြလိုက်ရပေသည်။ 

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,400SubscribersSubscribe
    spot_img

    Latest posts