ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နှင့် အနီးအနားတဝိုက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်နေခြင်းကြောင့် လူထိခိုက်သေဆုံးမှု ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
လက်ရှိတွင် ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် အမှတ် ၅၄၅ ခြေမြန်တပ်ရင်း၊ အမှတ် ၅၄၆ ခြေမြန်တပ်ရင်းနှင့် အခြားကာကင်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ရင်းများဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ခုခံတိုက်ခိုက်လျက်ရှိသည်။
ယမန်နေ့ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းကပင် ကျုံဒိုးမြို့အနီး ကျွန်းကလေးရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အိမ်ကို ပြန်လာကြည့်သည့် စစ်ဘေးရှောင် ကျောင်းဆရာတစ်ဦး လက်နက်ကြီးထိပြီး သေဆုံးသွားခဲ့သည်ဟု ကျုံဒိုးမြို့ခံတို့က ပြောသည်။

“ကျုံဒိုးဘက်မှာ ပစ်ခတ်သံတွေ နည်းနည်းငြိမ်သက်သွားတော့ လူတွေက အိမ်ကို ပြန်လာကြည့်ကြတယ်လေ။ စစ်ရှောင်တော်တော်များများက အဲလိုသွားလိုက်၊ လာလိုက် လုပ်နေကြတယ်။ မနေ့ကတော့ ကျွန်းကလေးက ကျောင်းဆရာတစ်ယောက် အိမ်ကို လာပြန်ကြည့်ရင်း လက်နက်ကြီးထိလို့ သေသွားတယ်။ တချို့ပြောတာက သူစက်ဘီးစီးလာရင်းနဲ့ လက်နက်ကြီးက သူ့ဘေးမှာ ကျရောက်ပေါက်ကွဲ တယ်လို့ ပြောကြတာပဲ” ဟု ကျုံဒိုးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် ဧပြီလလယ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ဒေသတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့သည်။
ကျုံဒိုးဒေသတွင်း တိုက်ပွဲဖြစ်ပွားလာပြီးနောက် ဒေသတွင်းရှိ လူနေကျေးရွာများဘက်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။
တစ်ဘက်တွင်လည်း စစ်ကောင်စီတပ်စခန်း ကင်းစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်လျက်ရှိသည်။
“လောလောဆယ် ကျနော်တို့က ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းက စစ်ကောင်စီကင်စခန်းတွေကို တောက်လျှောက်တိုက်ခိုက် သိမ်းပိုက်လာနိုင်တယ်။ စကစဘက်ကတော့ ထိုးစစ်လာလို့မရဘူး။ ခံစစ်နဲ့ပဲ သွားနေပါတယ်။ အဲကြောင့် ကျုံဒိုးကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်။ ကျနော်တို့လည်း ပြန်လည်ခုခံပစ်ခတ်နေပါတယ်။ အခု အဲလမ်းပိုင်းက ကာကင်စခန်းတွေ သိပ်မကျန် တော့ပါဘူး” ဟု ကော့ကရိတ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်နေကြသည့် လက်နက်ကြီးများသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာ၊ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲနေခြင်းကြောင့် လူထိခိုက်သေဆုံးခြင်း နေအိမ်ထိခိုက်ပျက်စီးခြင်းများ ရှိခဲ့သည်။
ကျုံဒိုးဒေသတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမားမှုများ ဆက်ရှိနေသည့်အပြင် အခြေခံပညာကျောင်းများ၊ ဘာသာအဆောက်အအုံများနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေဆဲ ဖြစ်သည်။