မွန်လူမျိုးများ ဟံသာဝတီမွန်နိုင်ငံတော်နှင့် အလှမ်းဝေးလာခဲ့သည်မှာ ကဆုန်လပြည့်ကျော် ၈ ရက်နေ့ ယနေ့ မေလ ၁၉ ရက်နေ့ဆိုလျှင် ၂၆၈ နှစ်မြောက် ပြည့်လာခဲ့ပြီးဖြစ်သည်။
ခရစ်နှစ် ၁၇၅၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်နေ့သည် မြန်မာဘုရင်အလောင်းမင်းတရား (ခေါ်) ဦးအောင်ဇေယျက ဟံသာဝတီမွန်နိုင်ငံတော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မွန်လူမျိုးများ ထီးနန်းပျောက်ခဲ့ရသည့်နေ့ဖြစ်သည်။
ဦးအောင်ဇေယျသည် ရဟန်းသံဃာတော်များ၊ ကလေးငယ်များပါမကျန် သန်းပေါင်းများစွာသော မွန်လူမျိုးများကို လိုက်လံသတ်ဖြတ်ခဲ့ပြီး တန်ဖိုးမဖြတ်နိုင်သော မွန်တို့၏ စာပေ၊ ကျမ်းဂန်များနှင့် မြို့ရွာများစွားကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
မွန်လူမျိုးများ မီးလောင်တိုက်သွင်းခံခဲ့ရသည့်အခြေအနေကို အစွဲပြုပြီး ကဆုန်လပြည့်ကျော် ၈ ရက်နေ့ကို ဟံသာဝတီမွန်နိုင်ငံတော် ပျက်သုန်းခြင်းအထိမ်းအမှတ်နေ့အဖြစ် နှစ်စဉ်နှစ်တိုင်း အောက်မေ့ဖွယ် အခမ်းအနားကျင်းပလာခဲ့သည်။
ဟံသာဝတီမွန်နိုင်ငံတော် ပျက်သုန်းခြင်းအောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ကို ပြည်တွင်း၊ ပြည်ပရှိ မွန်လူမျိုးတို့က နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့သည့်အပေါ် မွန်သံဃာတော်တစ်ပါးက ယခုလို မိန့်ကြားထားသည်။

“အသက်ပေးသေဆုံးသွားကြတဲ့ ဘိုးဘွားတွေကို အောက်မေ့ဖို့၊ ဦးအောင်ဇေယျလက်ထက်က စစ်ဘေးနဲ့ သေဆုံးသွားကြတဲ့သူတွေကို ဆုတောင်းရေစက်ချအမျှဝေဖို့၊ ဦးအောင်ဇေယျလက်ထက်ကလို လူမျိုးသုဉ်းအောင် ဖိနှိပ်ခံနေရတာတွေက အခုထိပဲ။ ဗမာတွေရဲ့ ကျွန်ဘဝကနေ မလွတ်မြောက်နိုင်သေးဘူး။ ဗမာတွေ မွန်တွေအပေါ်ရက်စက်ခဲ့တာတွေ၊ သမိုင်းထဲက ဟံသာဝတီပျက်သုဉ်းခဲ့တာတွေ ကိုယ့်ဘိုးဘွားတွေရဲ့အမွေတွေကို မမေ့ရအောင် အထူးသဖြင့် ဟံသာဝတီပျက်သုဉ်းတဲ့နေ့ကို အကြောင်းပြုပြီး မွန်လူမျိုးတွေရဲ့စိတ်ဓာတ် တစ်ဖန် ပြန်လည်ရှင်သန်လာအောင်၊ တော်လှန်ရေးစိတ်ဓာတ်တွေ ပိုပြီးပြင်းထန်လာအောင်၊ ပြီးတော့ တစ်နည်းမဟုတ် တစ်နည်း အာဏာရှင်တွေကို ဆန့်ကျင်တော်လှန်ပြီး ကိုယ့်လူမျိုး လွတ်မြောက်သည်အထိ တိုက်ပွဲဝင်ကြဖို့ ရည်ရွယ်ပြီး ပြည်တွင်း၊ ပြည်ပကမွန်တွေက ဟံသာဝတီ ပျက်သုဉ်းခြင်းနေ့ အထိမ်းအမှတ်နေ့ကို လုပ်လာတာ ဖြစ်ပါတယ်” ဟု မိန့်သည်။
မွန်လူမျိုးများ ဟံသာဝတီမွန်နိုင်ငံတော် ပျက်သုန်းစဉ်က သတ်ဖြတ်ခံခဲ့ရသလို လက်ရှိတွင်လည်း စစ်အာဏာရှင်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ရွာ မီးရှို့ဖျက်ဆီးခံရခြင်းတို့ကို ကြုံတွေ့ခံစားနေရဆဲဖြစ်ကြောင်းကို ဓမ္မသရွာ မီးရှို့ခံရသည့်ဖြစ်စဉ်၊ မျောက်ချောရွာ မီးရှို့ခံရသည့်ဖြစ်စဉ်တို့က သက်သေပင်ဖြစ်သည်။
လတ်တလော မွန်လူမျိုးများ ကြုံတွေ့ခံစားနေရသည့် စစ်ဘေးသည် အတိတ်က ဟံသာဝတီမွန် နိုင်ငံတော်ပျက်သုန်းခဲ့စဉ်က အဖြစ်အပျက်အကြောင်းအရာများကို ပြန်လည် အမှတ်ရစေသည်။
ခေတ်အဆက်ဆက် ဖိနှိပ်ခြင်းခံလာရသည့် မွန်လူမျိုးများသည် ယခု စစ်အာဏာရှင်လက်ထက်ထိတိုင် ဆက်လက်ဖိနှိပ်ခံနေရဆဲဖြစ်သည်။
ထိုသို့သော အဖိနှိပ်ခံဘဝမှ လွတ်မြောက်နိုင်ရန် မွန်လူမျိုးများ အခြားသေား တိုင်းရင်းသားများနည်းတူ လက်နက်ကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်ခဲ့ကြသည်။
“မွန်တွေက တိုက်နေတုန်းပဲ။ အဓိကက ရန်သူက ကိုယ့်မြေကနေထွက်သွားဖို့ကို စဉ်းစားရမယ်။ တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ၊ NCA တွေက သူတို့လမ်းနဲ့သူတို့ သွားနေတာကြောင့် အကုန်လုံးက နှောင့်နှေးကုန်ပြီး။ နောင်လာမယ့်လေးနှစ်မှာ သူတို့တွေအကုန်လုံးသေသေချာချာ လုပ်မယ်ဆိုရင် ကျွန်တော်တို့မွန်တွေရဲ့ နယ်မြေသိမ်းမှုတွေဘာတွေ ပေါ်လာမယ်။ အခုလက်ရှိမှာက သူတို့ကို သုံးသပ် နေကြတဲ့သူတွေ ကျွန်တော်အပါအဝင်ပေါ့ အခုတော့ ရှေ့ဆက်သွားလို့ မရသေးဘူးလို့ မြင်တယ်။ ဒီအတိုင်းပဲသွားနေကြအုံးမယ်ဆိုရင် လိုချင်တဲ့မွန်ပြည်နဲ့ အများကြီး ဝေးကွာနေအုံးမယ်” ဟု မွန်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။
မိမိတို့လိုချင်နေသည့် မွန်နိုင်ငံတော်ကို ရရှိနိုင်ရန်အတွက် မွန်ပြည်သူလူထု၏ ထောက်ခံအားပေးမှုလည်း အရေးပါကြောင်း ဆိုသည်။
မွန်လူမျိုးများ နိုင်ငံပျောက်လာခဲ့သည်မှာ ၂၆၈ နှစ်တိုင်ခဲ့ပြီး လက်ရှိကာလသည် မွန်နိုင်ငံတော် ပြန်ရရှိနိုင်ရေး၊ မွန်လူမျိုးအတွက် အခွင့်အရေးများ ရရှိနိုင်ရေးအတွက် အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရမည့် အချိန်အခါကောင်းဖြစ်သည်ဟု တော်လှန်ရေးတွင် ပါဝင်နေသည့် မွန်လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဒီ ၂၀၂၅ မှာ မွန်လူငယ်တစ်ယောက် အနေနဲ့ လူမျိုးတာဝန်ယူရမယ့်အချိန်ရောက်ပြီးလို့ နှိုးဆော် ချင်တယ်။ အခုကာလမှာက စစ်တပ်အနေနဲ့ ပြည်သူတွေကို အကြမ်းဖက်လာတာလည်းမြင်ရတယ်။ လူငယ်တွေအတွက် အခွင့်အရေးမရှိတော့တာလည်း မြင်ရတယ်။ ဒါကြောင့် နိုင်ငံပြန်တည်ဆောက်နိုင်ဖို့ ကျွန်မတို့ရဲ့ဟံသာဝတီမွန်နိုင်ငံကို ပြန်ရဖို့က နံပါတ်တစ် တော်လှန်ရမယ်။ စစ်အာဏာရှင်ဆီမှာ အခွင့်အရေးတွေကို တောင်းယူနေလို့ မရတော့ဘူး။ ကျွန်မတို့ အခွင့်အရေးအတွက် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ရမယ်။ ကျွန်မတို့မွန်နိုင်ငံအတွက် တိုက်ပွဲဝင်ရမယ်။ ကျွန်မအနေနဲ့ တိုက်တွန်းချင်တာက ၁၈ ပြည့်နှစ်တဲ့ မွန်လူငယ်တွေ မွန်လက်နက်ကိုင်အဖွဲ့တစ်ခုခုဆီမှာ စစ်မှုထမ်းကြပါ။ ပြီးတော့ လူမျိုးအတွက် ဟံသာဝတီမွန်နိုင်ငံတော် ပြန်ရနိုင်ဖို့ အကုန်လုံးပါဝင်ရမယ်လို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
သို့သော် မွန်တော်လှန်ရေးခရီးသည် ထင်သလောက် ခရီးမပေါက်ဘဲ နှောင့်နှေးနေဆဲအခြေအနေဖြစ်နေသည်။
လက်ရှိကာလသည် စစ်အာဏာရှင်စနစ်ကို တော်လှန်ရမည့်အကောင်ဆုံးအချိန်အခါဖြစ်ပြီး မွန်တော်လှန်ရေး အဖွဲ့အစည်းများ တစ်စုတစ်စည်းတည်းဖြင့် တိုက်ပွဲဝင်မှသာ မွန်လူမျိုးများ မျှော်မှန်းနေသည့် မွန်နိုင်ငံတော်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး သို့မဟုတ်ပါက မွန်လူမျိုးများ မျှော်မှန်းနေသည့် မွန်နိုင်ငံတော်နှင့် အလှမ်းဝေးနေဦးမည်ဖြစ်သည်။