ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံးအုပ်ချုပ်နယ်မြေအတွင်း ဝင်ရောက် ကျူးကျော်တပ်စွဲထားသည့် စစ်ကောင်စီဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။
ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ကာတဲကျေးရွာအနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားသည့် စစ်ကောင်စီ ခလရ−၂၄ နှင့် အမြောက်တပ် အမတ−၃၁၁ အခြေစိုက်သည့် တညာကျိုး(ခ) တာလယ်ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့က မေလ ၁၃ ရက်နေ့ ညက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
စခန်းသိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီအမြောက်တပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့ပြီး၊ ခလရ ၂၄ ဒုတပ်ရင်းမှူး ထွက်ပြေးလွတ်မြောက်သွားကြောင်း KNU က ထုတ်ပြန်ထားသည်။
ထိုထွက်ပြေးလွတ်မြောက်သွားသော ခလရ ၂၄ ဒုတပ်ရင်းမှူးနှင့် စစ်ကောင်စီတပ်သားများကို KNLA ပူးပေါင်းတပ်တို့က လိုက်လံဖမ်းဆီး လျှက်ရှိသည်ဟု ဆိုသည်။
တညာကျိုး(တာလယ်) စခန်းကို ၁၉၈၆ ခုနှစ်က စစ်တပ်မှ စတင်တည်ဆောက်ခဲ့ပြီး ထိုအချိန်မှစပြီး အနီးဝန်ကျင်ရှိ ကျေးရွာများမှ ပြည်သူများ လွတ်လပ်စွာ သွားလာလုပ်ကိုင် ရှာဖွေစားသောက်ခွင့်များ ဆုံးရှုံးခဲ့ရသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။











