Homeသတင်းရေဒီယိုလိုင်းအသုံးပြု၍ RFA/VOA အသံလွှင့်အစီစဉ် နားဆင်နေသည့် တိုင်းရင်းသားဒေသအချို့ သတင်းစီးဆင်းမှုပြတ်တောက်နိုင်

ရေဒီယိုလိုင်းအသုံးပြု၍ RFA/VOA အသံလွှင့်အစီစဉ် နားဆင်နေသည့် တိုင်းရင်းသားဒေသအချို့ သတင်းစီးဆင်းမှုပြတ်တောက်နိုင်

-

သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ တိုင်းရင်းသားဒေသနှင့်ပြည်တွင်းသတင်းတို့ကို နှစ်ရှည်ကြာ ဦးစားပေးထုတ်လွင့်နေသည့် လွတ်လပ်တဲ့အာရှအသံ RFA နှင့် ဗီအိုအေ မြန်မာပိုင်းသတင်းဌာနတို့ ရပ်တန့်လိုက်သည့်နောက် ဖုန်းလိုင်းမရရှိဘဲ  ရေဒီယိုလိုင်းကို အားပြုနားဆင်နေရသည့် တိုင်းရင်းသားဒေသအချို့ သတင်းစီးဆင်းမှုပြတ်တောက်လာနိုင်ကြောင်း ဖုန်းလိုင်းပုံမှန်မရရှိသည့် ဒေသခံတို့မှ ဆိုသည်။

နှစ်ပေါင်း ၃၀နီးပါးရပ်တည်လာသည့် လွတ်လပ်တဲ့အာရှအသံ RFA နှင့် ဗီအိုအေ မြန်မာပိုင်းသတင်းဌာနတို့သည် ရန်ပုံငွေအခက်ခဲကြောင့် လက်ရှိတွင် လုံးဝရပ်နားလိုက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခဲ့သည်။

လွတ်လပ်တဲ့အာရှအသံ RFA နှင့် ဗီအိုအေ မြန်မာပိုင်းသတင်းဌာနတို့က တိုင်းရင်းသားသတင်းအပြင် ပြည်တွင်းသတင်း၊ ပြည်ပသတင်းများကို ဘက်လိုက်မှုမရှိပြည်သူများအား နေ့စဉ်သတင်းထုတ်လွင့်ပေးနေမှုမှ ရပ်တန့်လိုက်ပြီး ပြည်သူများသတင်းအချက်အလက် သိပိုင်ခွင့်တစ်ဆင့်နိမ့်သွားသလို ဖြစ်နေကြောင်း လူ့အခွင့်ရေးလှုပ်ရှားသူတို့က သုံးသပ်ပြောဆိုနေကြသည်။

စစ်ကောင်စီအဖွဲ့မှ အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်မှုကို အချိန်မရွေးလုပ်ဆောင်နေမှုကြောင့် ရေဒီယိုအသံလွှင့်အစီစဉ်ကို အဓိကနားထောင်နေရသည့်ပြည်သူများအတွက်က သတင်းအချက်အလက်နှင့် ပြတ်တောက်သည့် အခြေနေဖြစ်လာနိုင်ကြောင်းဆိုသည်။

“ကျွန်တော်တို့ နားထောင်နေတဲ့ VOA၊ RFA တို့လို့ သတင်းဌာနတွေက တိုင်းရင်းသားအသံအစုံအလင် ကို ကျွန်တော်တို့နားထောင်ရတယ်။ အဲ့ကြောင့် မွန်အပါအဝင် အခြားသောတိုင်းရင်းသားလူမျိုးတွေအတွက်က အားကိုးရတဲ့သတင်းဌာနတွေပါ။ RFA တို့မှာဆိုရင် ကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့ တင်ပြခွင့်ရတယ်။ သူတို့တင်ပြတဲ့သတင်းတွေကလည်း မီဒီယာကျင့်ဝတ်နဲ့ကိုက်ညီမှုလည်းရှိတယ်။ ပေးစာပြန်စာ ကဏ္ဍအကုန်လုံးပေါ့ တိုင်းရင်းသားတွေအတွက် တကယ့်အားကိုးရတယ်။ အခုလိုရပ်တန့်လိုက်တာက စိတ်မကောင်းဘူး။ ” ဟု မွန်ဒေသခံတစ်ဦးက ဆိုသည်။  

လက်ရှိ မွန်ပြည်နယ် ရေးမြို့နယ်အပြင်၊ မွန်နှင့် ကရင်နယ်စပ်ရှိဒေသတို့တွင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်နေမှုနှင့် စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်မှုကြောင့် ဖုန်းလိုင်းရရှိချိန် နည်းပါးနေကြောင်းသိရသည်။

 နောက်ဆက်တွဲအနေဖြင့် ပြည်သူများအားသတင်းအတု သတင်းအမှားစီးဆင်းမှုမှာ ကြီးမားသည့်ပြဿနာဖြစ်လာနိုင်ပြီး လူထု၏နေ့စဉ်ဘဝလှုပ်ရှားမှုမှာ ထိခိုက်လာနိုင်ကြောင်း  မြန်မာနိုင်ငံ ဒီဂျစ်တယ်အရေးဆောင်ရွက်နေသူတို့က ထောက်ပြပြောဆိုထားသည်။

သတင်းဌာနတို့ ရပ်တန့်လိုက်ရခြင်းသည် အာဏာရှင်စစ်ကောင်စီများအတွက် ဆုလာဘ်ကြီးသဖွယ် ဖြစ်သော်လည်း ပြည်သူများအတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆုံးရှံးနေခြင်းအပေါ် ထပ်တိုးဆုံးရှံးမှုတစ်ခုဖြစ်လာနေသည်ဟု မော်လမြို့ခံ ပြည်သူတစ်ဦးက ဆိုသည်။

“သတင်းဌာနများတာကို ပြည်သူတွေအတွက်ပိုကောင်းတာပေါ့နော်။ အခုဆိုရင် သတင်းဌာနတွေပိတ်လိုက်ရအတွက် ပြည်သူတွေကမကောင်းဘူး။ ဘာမှပြောပိုင်ခွင့်လည်း သိမ့်မရှိကြတော့ဘူး။ ကြားထဲမှာ တိုက်ပွဲတွေကလည်း များလာနေတယ်။ အကုန်လုံးက စောင်ကြည့်နေရတဲ့သဘောလောက်ပဲတတ်နိုင်တယ်။ “ ဟု ဆိုသည်။

ဒီဂျစ်တယ်လွတ်လပ်ခွင့်နှင့်အတူ သတင်းလွတ်လပ်ခွင့် ကျဆင်းနေသည့်အပြင် သတင်းဌာနတို့ပိတ်သိမ်းခံထားရခြင်းသည် ပြည်သူတို့အတွက် သတင်းအမှန်သိရှိခွင့်ကျဆင်းလာပြီး တိုင်းရင်းသား သတင်းမီဒီယာအခန်းကဏ္ဍတွင် အရေးကြီးလာပြီးဖြစ်ကြောင်း မွန်ဒေသခံတို့က ထောက်ပြပြောဆိုထားသည်။

အဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း တိုင်းရင်းသားသတင်းမီဒီယားများက ငွေကြေးထောက်ပံ့မှု၊ လုံခြုံရေးအခက်ခဲ သတင်းပေးပို့၊ ထုတ်လွင့်မှုဆိုင်ရာ အခက်ခဲကြုံနေရအပေါ် ဆွေးနွေးအဖြေရှာနိုင်ရန် တိုင်းရင်းသားညီလာခံကို မြန်မာနိုင်ငံပြည်ပတစ်နေရာ၌ကျင်းပပြီး ရုပ်မြင်သံကြားနှင့်အသံထုတ်လွင့်ခြင်း၊ လုပ်ငန်းဆိုင်ရာဥပဒေ၊ အများပြည်သူဝန်ဆောင်မှု စသည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း BNI ထုတ်ပြန်ကြော်ငြာချက်တွင်ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts