spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် စိုးရိမ်မှုရှိဟု 7 EAO Alliance ပြော

    စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် စိုးရိမ်မှုရှိဟု 7 EAO Alliance ပြော

    -

    ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိ အခြေအနေအရ ရွေးကောက်ပွဲအပေါ် စိုးရိမ်မှုရှိကြောင်း အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

    စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို လက်ခံသည့် နိုင်ငံရေးပါတီများ၊ အိမ်နီးချင်းနိုင်ငံများ ရှိနေသလို ဆန့်ကျင်ကန့်ကွက်သော အင်အားစုများလည်း ရှိနေပြီး ရွေးကောက်ပွဲကြောင့် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ၎င်းက ပြောသည်။

    “ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲလို့ ကျနော်တို့ နားလည်လို့ရှိရင် ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုပေါ့၊ မလွဲမသွေဖြတ်သန်းရမယ့် ဖြစ်စဉ်တစ်ခုပေါ့ဗျာ၊ အဲဒီရွေးကောက်ပွဲကို ဖြတ်သန်းရမယ့် အစိတ်အပိုင်းမှာ ဆိုရင်လည်းပဲ ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ ပြည်သူလူထုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးသလို ရွေးကောက်ပွဲ ကျင်းပတဲ့ နေရာဒေသတိုင်းမှာ တည်ငြိမ်အေးချမ်းမှုလည်း မရှိမဖြစ်လိုအပ်တယ်လို့ နားလည်တယ်။ သို့သော် လက်ရှိ ကျနော်တို့ နိုင်ငံရဲ့ ပကတိအခြေအနေက ရွေးကောက်ပွဲလို့ ပြောလိုက်မယ်ဆိုရင် ခုနားက လိုအပ်တဲ့ ပြည်သူလူထုတွေရဲ့ ပူးပေါင်းဆောင်ရွက် ပါဝင်မှုကလည်း အခြေအနေအရတော့ ကျနော်တို့ လိုသလို ဖြစ်လာမှာ မဟုတ်ဘူး။ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကလည်းပဲ ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့ ကာလမှာ ပွင်းပွင်းလင်းလင်း ပြောရရင် ရွေးကောက်ပွဲအတွက်က ကျနော်တို့ စိုးရိမ်မှုရှိတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    စစ်ကောင်စီသည် ယခုနှစ် ဒီဇင်ဘာ သို့မဟုတ် လာမည့် ၂၀၂၆ နှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောဆိုလျက်ရှိနေသည်။

    မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပရန် ရေးမြို့နယ်တစ်ခုသာ အခက်အခဲ ရှိနိုင်ပြီး ကျန်ဒေသများတွင် ကျင်းပနိုင်သည့် အနေအထားတွင် ရှိကြောင်း မွန်တိုးတက်ရေးပါတီမှ နိုင်ထွန်းလွင်က ပြောသည်။

    “မွန်ပြည်နယ်အနေနဲ့ ပြောလို့ရှိရင်တော့ ကျနော်တို့က တခြားဒေသထက် ပိုပြီးတော့ ကောင်းသေးတာပေါ့နော်။ တခြားဒေသထက်တော့ ကောင်းသေးတယ်လို့တော့ ပြောလို့ရတာပေါ့၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့က လုပ်နိုင်ကိုင်နိုင်တဲ့ ဧရိယာကအစ များသေးတာပေါ့နော်၊ တခြားဒေသနဲ့စာရင်ပေါ့နော်၊ လုပ်နိုင်ကိုင်နိုင်တဲ့ ဧရိယာတွေက များသေးတာပေါ့နော်၊ ဥပမာ ကရင်ပြည်နယ်တို့ တနင်္သာရီတိုင်းတို့နဲ့ စာရင်လည်း ကျနော်တို့မှာ နည်းနည်း သက်သာတာပေါ့လေ၊ တခြားပြည်မကြီးကတော့ တစ်မျိုးပေါ့နော်၊ ပြည်မကြီးကတော့ ဥပမာ ရန်ကုန်တို့ ဧရာဝတီတို့ကတော့ နည်းနည်းတစ်မျိုး သူတို့က တည်ငြိမ်တာပေါ့” ဟု ပြောသည်။

    လက်ရှိတွင် နိုင်ငံတစ်ဝှမ်း စစ်ရေးပဋိပက္ခပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ နေစဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိနေသည်ဟု သိရသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တရုတ်က ဖိအားပေးနေသလို စစ်ကောင်စီကလည်း လက်နက်ဆန်းများဖြင့် တိုက်ခိုက်နေခြင်းသည် ရွေးကောက်ပွဲ ကျင်းပလို၍ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။

    “သူကတော့ လက်နက်ဆန်းတွေ သုံးမယ်လို့ ကြိမ်းမောင်းထားတာပေါ့လေ။ MNDAA ကလည်း နောက်ဆုတ်ပေးတော့ အားတက်ပြီးတော့ TNLA ကို ဖိတာပေါ့နော်။ နောက်တခါ တရုတ်ကလည်းပဲ TNLA ကို နောင်ချိုတို့၊ ကျောက်မဲတို့ကနေ ဆုတ်ပေးစေချင်တယ်နဲ့ တူပါတယ်။ အဲဒီတော့ ဖိတာပေါ့။ ဒါပေမယ့် TNLA ကလည်း သူ့အင်အားနဲ့သူ ပြန်လည်ခုခံနေတာပေါ့နော်။ အဲဒီလိုအနေအထားတွေမှာရှိတော့ စကစကလည်း ရွေးကောက်ပွဲကို နောင်ချိုတို့၊ ကျောက်မဲတို့ ဖြစ်နိုင်ရင် လားရှိုးတို့မှာ လုပ်ချင်တယ်။ တရုတ်ကလည်းပဲ ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးတယ်ဆိုတော့ တရုတ်အားပေးမှုနဲ့ အဲဒီလို လုပ်တယ်ပေါ့လေ” ဟု ပြောသည်။

    စစ်ကောင်စီသည် ရွေးကောက်ပွဲအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်တွင်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများကိုလည်း ပြန်လည်ရယူနိုင်ရန် တိုက်ပွဲများ ဖော်ဆောင်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

    စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်အဖြစ် လုပ်ဆောင်လာနိုင်သည့် ရွေးကောက်ပွဲကို တော်လှန်ရေး အင်အားစုများက ဆန့်ကျင်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မပျက်ပျက်အောင် ဖျက်မည်ဟု ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks