spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းထီးခီးနယ်စပ်ရှိ စစ်ဘေးရှောင်နေသူတို့ထံ ကူညီထောက်ပံ့မှုမရောက်ရှိ

    ထီးခီးနယ်စပ်ရှိ စစ်ဘေးရှောင်နေသူတို့ထံ ကူညီထောက်ပံ့မှုမရောက်ရှိ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထိုင်း- မြန်မာနယ်စပ်ထီးခီးစခန်းသိမ်းတိုက်ပွဲကြောင့် အဆိုပါဒေသရှိ ပြည်သူများသောင်းနှင့်ချီထွက်ပြေးတိမ်းရှောင်နေရပြီး လုံခြုံရေးအရ စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့များ သွားရောက်ကူညီရန်ခက်ခဲနေကြောင်းသိရသည်။

    ထီးခီးစခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးခဲ့ရသည့်ဒေသခံတို့သည် ထိုင်း-မြန်မာနယ်စပ်ဘက်သို့တိမ်းရှောင်နေကြပြီး၊ ထိုင်းနယ်စပ်အာဏာပိုင်တို့မှ လူသားချင်းစာနာထောက်မှုအသင်းမှ ရိက္ခာပေးဝေမှုလုပ်ဆောင်နေသော်လည်း နယ်စပ်မှတစ်ဆင့်ကုန်ခြောက်တင်သွင်းခွင့်ကို ကန့်သတ်ထားကြောင်း သိရသည်။

    စစ်ဘေးရှောင်အချို့ကို KNU ဘက်မှ တာဝန်ယူကူညီကယ်ဆယ်မှုများလုပ်ဆောင်နေပြီး၊ စားနပ်ရိက္ခာ သယ်ဆောင်ခွင့်ကိုထားဝယ်-မေတ္တာလမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များပိတ်ပင်ထားသည့်အတွက် စစ်ဘေးရှောင် နှစ်သောင်းခန့် ကုန်စည်ပြတ်လပ်မှု အခြေအနေနှင့်ရင်ဆိုင်နေရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ် တစ်ဦးကပြောသည်။

    “ စစ်အုပ်စုတပ်တွေ ကင်းစခန်းတွေကဆက်ရှိနေပြီး လမ်းပိတ်ထားတဲ့အတွက် အတွင်းဘက်ကနေလည်း အကူအညီတွေ ရောက်ဖို့ ခက်ခဲတယ်၊ ထိုင်းဘက်ကကုန်စည်တွေ ကုန်ခြောက်တွေ လုံးဝပိတ်ထားတဲ့အတွက် ဒီဘက်နယ်စပ်ကနေလည်း ကူဖို့မလွယ်ဘူး၊ ထမင်းချက်ပြီးသားတွေ အထုပ်နဲ့ဝေရင်တော့ ထိုင်းနယ်စပ် အာဏာပိုင်တွေက ခွင့်ပြုတယ်"ဟု ဆိုသည်။

    ပြီးခဲ့သည့်မေလ ၂ ရက်နေ့မှစပြီး ထိုင်း- မြန်မာနယ်စပ်ရှိထီးခီးဗျူဟာစစ်ကောင်စီစခန်းကို စတင် ထိုးစစ်ဆင်ခဲ့ရာ မေလ ၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုမှထုတ်ပြန်ထားသည်။

    တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ထီးခီးနယ်စပ်ရှိမြန်မာနိုင်ငံသားများ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး ခိုလှုံကြသော်လည်း နိုင်ငံတွင်းဥပဒေနှင့်ငြိစွန်းသွားနိုင်သောကြောင့်
    နယ်စပ်မျဉ်းနေရာတွင် ခက်ခက်ခဲခဲနေထိုင်နေရသည်ဟု လူ့အခွင့်အရေးလှုပ်ရှားနေသူထံမှ သိရသည်။

    “မပေးဝင်ဘူး ဒါဟာ နိုင်ငံတကာပြဌာန်းဥပဒေနဲ့ ငြိပါတယ်၊ ထိုင်းက သိတဲ့အတိုင်း သူ့အကျိုးစီးပွား မရှိရင် စစ်အုပ်စု ငြိုငြင်ရင် ဘာမှ သိပ်မလုပ် တဲ့အတွက် ပေါ်ပေါ်ထင်ထင် မကူတာ ဖြစ်တယ်ထိုင်းရဲ့ မူဝါဒက IDPs war refugees တွေနဲ့ ပတ်သက် ရင် Publicly မလုပ်ဘူး ဒိုင်လျှိုကူတာ ဖြစ်ကောင်းဖြစ်နိုင်တယ် အောက်ခြေ နယ်စပ်တပ်ဖွဲ့တွေကနေတစ်ဆင့် ကူတာတွေတော့ ရှိမှာပါ ” ဟု ၎င်းကပြောသည်။

    ထီးခီးစခန်းကိုလက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီ၏လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုမရှိသော်လည်း၊ ၎င်းတို့ထောင်ထားသည့် မြေမြှုပ်မိုင်းအန္တရာယ်၊ စစ်ဂွင်အတွင်းကျန်ရှိနေသည့် လက်နက်ကြီးများနှင့် cluster bomb တို့ကို ရှာဖွေရှင်းလင်းနေရဆဲ ဖြစ်သည်ဟု မြေပြင်သတင်းအရင်းမြစ်တစ်ဦးကပြောသည်။

    “သူတို့ဘက်ကနေလက်လွှတ်လိုက်ရပါပြီး operation အောင်မြင်ပြီးဆိုတော့ စကစရဲ့လက်နက်ကြီးရန် လေကြောင်းရန်လည်းမရှိတော့ပါဘူး ၊ စကစက ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေ စစ်ဂွင်က ဆယ်မိုင် ပတ်လည်လောက်ကျယ်တဲ့ လက်နက်ကြီး၊ cluster bomb တွေကိုလည်းရှာဖွေ ရှင်းလင်းနေရတုန်းပါပဲ ” ဟု ၎င်းကပြောသည်။

    အဆိုပါ ထီးခီးစခန်းသည် မြဝတီ- မဲဆောက်၊ ဘုရားသုံးဆူ- ကန်ချနဘူရီ၊ ထီးခီး-ကန်ချနဘူရီ၊ မောတောင်-ပရာကျွတ်လမ်းစသဖြင့် နယ်စပ်ကုန်သွယ်ရေးများစွာနှင့် ဆက်စပ်သည့်စခန်းကို တော်လှန်ရေးတပ်ဖွဲ့မှ ပထမဆုံးထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာနေသူတို့က ပြောသည်။

    လက်ရှိ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်အခြေစိုက်ထားသည့် ထီးခီးစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) မဟာတပ် ၄ က ယမန်နေ့ သိမ်းပိုက်လိုက်သည့်အပေါ် နယ်စပ်နေ ထိုင်းနိုင်ငံသားများ နားလည်ပေးကြရန်လည်း KNU ၏ မြိတ်- ထားဝယ်ခရိုင်မှ ထိုင်းဘာသာဖြင့် မေလ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks