spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအတွင်းသို့ စစ်တပ်က လေ‌ယာဉ်ဖြင့် နေ့စဉ်ဗုံးကြဲနေ

    ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအတွင်းသို့ စစ်တပ်က လေ‌ယာဉ်ဖြင့် နေ့စဉ်ဗုံးကြဲနေ

    -

    ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေးနယ်မြေ၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာနှင့် ကရဝေးဆိပ် ကျေးရွာများအတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်အပြင် လက်နက်ကြီးဖြင့် ၃ ရက်ဆက်တိုက်ဗုံးကြဲနေသည်ဟု ဒေသခံများထံက သိရသည်။

    မေလ ၁၀ ရက်နေ့မှစ၍ ယမန်နေ့အထိ ကော်သူးလေးအုပ်ချုပ်နယ်မြေ၊ ဝင်းကံကျေးရွာအအတွင်းသို့ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် အလူးကျေးရွာအုပ်စု ကရဝေးဆိပ်ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသဖြင့် အမျိုးသမီး (၁) ဦးသေဆုံးပြီး၊ (၄) ဦး ထိခိုက်ဒဏ်ရာရရှိ၍ နေအိမ် ၁၉ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းရုံး KNU မှ ထုတ်ပြန်ချက်အရ သိရသည်။

    ယမန်နေ့ မေလ ၁၂ ရက် နေ့လည် ၁ နာရီ ၅၀ မိနစ် ခန့်တွင်လည်း ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၃ လုံး ထပ်မံကြဲချခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုတို့ကို IMNA မှဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

    “တိုက်ပွဲလဲမရှိဘဲနဲ့ ဗုံးလာကြဲသွားတာ နေအိမ်တွေလဲ အများကြီးပျက်စီးပြီး မီး‌လောင်သွားတယ် ပြီးတော့ ဒဏ်ရာက နှစ်ယောက်လားမသိဘူး ထိသွားတယ်၊ ဒီ‌နေ့ နေ့လည်းတုန်းကလဲ ထပ်ကြဲတယ် ၃လုံး၊ ဘယ်သူအိမ်ထပ်ထိလဲ ဘယ်နေရာကျလဲတော့မသိသေးဘူး ဝင်းကံက လူတွေ အကုန်ရှောင်နေတော့ မသိသေးဘူး” ဟု ဝင်ကံဒေသခံတစ်ဦးက ပြောသည်။

    သေဆုံးခဲ့ရသည့် အမျိုးသမီးသည် အသက် (၆၆) နှစ်အရွယ် ကရဝေးဆိပ်ရွာ အလယ်စုနေ ဒေါ်ခင်းအေးဖြစ်၍ မေလ ၁၀ ရက်နေ့က စစ်ကောင်စီ ခြေမြန်တပ်မဟာဌာနချုပ်မှ ပစ်ခတ်သည့် (၁၂၀) မမ လက်နက်ကြီး ၂ လုံးကြောင့် ဦးခေါင်းထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း KNU မှ ဖော်ပြထားသည်။

    လက်ရှိတွင် ဒေသခံများက စစ်ကောင်၏ လေယာဉ်ဗုံးကြဲမှုကြောင့် ဝင်းကံရွာအပါဝင် ရှမ်းစု၊ ခရွဲ၊ ချောင်းဝ စသည့် ကျေးရွာတို့တွင်လည်း ဒေသခံ ၄၀၀၀ ထက်မနည်း ဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

    “အခုကျွန်တော်တို့လဲ ဘေးလွတ်တဲ့ နေရာတွေမှာ ရှောင်နေတယ်ပေါ့၊ အခုလောလောဆယ်က ဒေသခံ ၆ ရွာလောက်က ရွာလုံးကျွတ်နီးပါး ရှောင်နေရတယ်၊ ဒေသခံတွေ မနေရဲကြတော့ဘူးလေ၊ အကုန်ပြေးကုန်ပြီးပေါ့၊ အနည်းဆုံး ဒေသခံ လေးထောင် ငါးထောင်လောက်က ရှောင်နေတယ်”ဟု အထက်ပါဒေသခံက ပြောသည်။

    ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများကို မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ရှိပြီး ပြည်သူများ လေကြောင်းရန် သတိထားနေထိုင် သွားလာရန် ကေအဲန်ယူတာဝန်ရှိသူတို့က အသိပေးထားသည်။

    ယခုမေလအတွင်း ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတလျှောက်တွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များတွင် ယခင်ကထက်ပိုပြီး အင်အားဖြည့်တင်းကာ လုံခြုံရေးအတွက် ပိုမိုတင်းကြပ်ထားသည်ဟု သိရသည်။

    စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခင်း၊ ထိုးစစ်ဆင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

    အလားတူ KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ လှိုင်းဘွဲ့မြို့နယ် တာလယ်ကျေးရွာအုပ်စု အတွင်းသို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲနေသဖြင့် ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks