spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းဆွေးနွေးပွဲပျက်ပြီးနောက် TNLA ကို တရုတ်နှင့် စစ်ကောင်စီဖိအားပေး

    ဆွေးနွေးပွဲပျက်ပြီးနောက် TNLA ကို တရုတ်နှင့် စစ်ကောင်စီဖိအားပေး

    -

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတို့အကြား ဆွေးနွေးပွဲပျက်ပြီးနောက် တရုတ်နှင့် စစ်ကောင်စီတို့က ဖိအားပေးလာကြောင်း TNLA ထံမှ သိရသည်။

    တရုတ်အစိုးရက ကမကထပြုလုပ်ကာ စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့်အဖွဲ့နှင့် TNLA မှ ဒုတိယဗိုလ်မှူးကြီး တားဂျုတ်ဂျား ဦးဆောင်သည့်အဖွဲ့တို့သည် ကူမင်းမြို့တွင် ဧပြီလ ၂၈၊ ၂၉ ရက်နေ့က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် စစ်ကောင်စီက TNLA သိမ်းပိုက်နယ်မြေများဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များကို ပြန်ပေးရန်တောင်းဆိုခဲ့ခြင်းကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့ရသည်။

    ဆွေးနွေးပွဲပျက်ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုဖြင့် ဖိအားပေးလာသလို တရုတ်အစိုးရဘက်ကလည်း ဖိအားပေးလာကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

    “လက်ရှိ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ဖိအားက စစ်ကောင်စီရဲ့ ဖိအားဆိုတာထက် တရုတ်အစိုးရရဲ့ဖိအားက ပိုပြီးတော့ များပါတယ်။ ဆိုတော့ကာ လက်ရှိအချိန်ထိကတော့ တရုတ်အစိုးရရဲ့ဖိအားနဲ့အတူ ကျွန်မတို့ ဒီမှာ ဆေးဝါးတွေ ဖြတ်တောက်တာ။ စက်သုံးဆီတွေနဲ့ အခြားသောကုန်ပစ္စည်းတင်သွင်းမှုတွေက ပိုပြီးတော့မှ သက်ရောက်မှုတွေ ကြီးပါတယ်။ လက်ရှိအချိန်အထိကလည်း ကျွန်မတို့ ထိန်းချုပ်ထားတဲ့မြို့နယ် ဧရိယာတွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့အတွက်ကတော့ ကြိုတင်ပြင်ဆင်တာမျိုးတွေရှိပါတယ်” ဟု TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။

    ဆွေးနွေးပွဲမတိုင်ခင်ကတည်းက TNLA ထိန်းချုပ်ရာဒေသများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ကာ ဖိအားပေးမှုများရှိခဲ့ကြောင်း ဆွေးနွေးပွဲပျက်ပြီးနောက် လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။

    TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်မှ ဒေသခံတစ်ဦးက “မြို့တွေကို ပြန်မပေးဘူးလို့ပြောလိုက်ပြီဆိုတော့ အဓိက စိုးရိမ်တာက လေကြောင်းပဲ။ လေကြောင်းတွေ တိုက်ခိုက်လာမယ်။ စစ်ပွဲတွေပြန်ဖြစ်လာမှာကို အခု ဒီကလူတွေ စိုးရိမ်နေကြတယ်။ တချို့လည်း ပြောင်းကုန်ကြတာတွေရှိတယ်။ မြို့မှာကတော့ အရင်လိုပဲ တပ်တွေက နေရာယူထားတယ်။ အပြောင်းအလဲတော့ မရှိဘူး။ လေကြောင်းတစ်ခုတော့ စိုးရိမ်ရတယ်” ဟု ပြောသည်။

    ဆွေးနွေးပွဲပြီးချိန်မှ ယနေ့အထိ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ မိုးကုတ်နှင့် နောင်ချိုမြိူ့နယ်တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပြီး ဒေသခံတစ်ဦးသေဆုံးခဲ့ကြောင်း TNLA မှ ထုတ်ပြန်ထားချက်အရ သိရသည်။

    ၎င်းပြင် TNLA ကို ဌာနချုပ်ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံသို့ ပြန်နေရန် တရုတ်အစိုးရက ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို ဖိအားပေးထားကြောင်း သတင်းထွက်နေသည်။

    အဆိုပါ သတင်းအချက်အလက်နှင့် ပတ်သက်ပြီး အတည်ပြုနိုင်ရန် “ဝ” ဆက်ဆံရေးရုံးတာဝန်ရှိသူကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

    TNLA နှင့် စစ်ကောင်စီတို့သည် လာမည့် သြဂုတ်လတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် ရှိနေပြီး အဆိုပါဆွေးနွေးပွဲတွင် သဘောတူညီမှုအချို့ရရှိနိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက သုံးသပ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks