တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စုတွင် လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ရေးအခြေအနေ ဆက်လက်တင်းမားနေမှုကြောင့် ဒေသခံထောင်ချီနီးပါးတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလလယ်ခန့်ကစပြီး ယနေ့ချိန်အထိ နတ်ကြီးစင်ကျေးရွာအုပ်စုအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား စစ်ရေးဆက်လက်တင်းမားနေပြီး စစ်ကောင်စီဘက်က ကုန်းကြောင်းအပြင် ရေကြောင်းဖြင့်လည်း အင်အားဖြည့်တင်းနေပြီး ရေတပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေသည်။
နတ်ကြီးစင်ကျေးရွာအုပ်စုအတွင်းရှိ စိန်ဘုံ၊ ဘုရားသုံးဆူ၊ ဆင်စွယ်၊ ရေငံကြီး၊ ကျောက်တစ်လုံး စသည့် ကျေးရွာ ၇ ရွာတို့မှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်သူဦးရေ ထောင်ချီနီးပါး ရှိနေသည်ဟု နတ်စင်ကြီးဒေသခံတို့က ပြောသည်။

“အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာနေတယ်။ အဲကြောင့် ရွာတွေ လူတွေ မနေရဲကြတော့ဘူး။ ဟိုနေ့(မေလ ၇ ရက်နေ့) က နတ်ကြီးစင်မှာ လက်နက်ကြီး ၈ လုံးလောက် ကျတယ်။ လူတွေက အကုန်ရှောင်နေရတယ်။ နတ်ကြီးစင်အုပ်စုမှာဆိုရင် ကျေးရွာ ၇ ရွာရှိတယ်။ အခု ၇ ရွာစလုံးက ရွာလုံးကျွတ် ရှောင်နေကြရတယ်။ ရေတပ်ကနေ ပစ်ခတ်လာတဲ့ လက်နက်ကြီးကြောင့် အိမ်တွေ ခဏခဏထိတယ်။ လူမရှိတော့ လူထိခိုက်တာတွေတော့ မကြားမိသေးဘူး။ တစ်ချို့က တောထဲမှာ ထွက်ပေါက်ပိတ်နေတာ ရှိတယ်။ တစ်ချို့က ရေးမြို့မှာ ပြေးသွားကြတယ်။ အဲ ၇ ရွာက စုစုပေါင်း လူအရေအတွက် ထောင်ချီရှိမယ်” ဟု စစ်ဘေးရှောင်နေရသည့် စိန်ဘုံရွာခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နယ်မြေရှင်းလင်းလုပ်ဆောင်သည့်အချိန်တွင် တောတောင်များထဲ စစ်ဘေးရှောင်နေရသည့် အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စစ်ရှောင်ပြည်သူများ၏ နေအိမ်များ မီးရှိုးဖျက်ဆီးခံရမည်ကို စိုးရိမ်ရသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုအဖွဲ့မှ မြေပြင်တာဝန်ခံ ကိုယောနသံက ပြောသည်။
“စစ်တပ်က နယ်မြေရှင်းလင်းချိန်မှာ စစ်ကြောင်းထိုးတာတွေ၊ နယ်မြေရှင်းတာတွေ၊ နေအိမ်မီးရှိုးတာတွေ၊ လေယာဉ်တိုက်ခိုက်လိုဟာမျိုးတွေလည်း သူတို့လုပ်ဆောင်နေကျ အရာဖြစ်တယ်။ အခုက အဲဒေသကို နယ်မြေရှင်းလင်းတဲ့အခါကျရင် အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်မီးရှိုးတာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို လုပ်ဆောင်လာနိုင်တယ်။ ပြီးတော့ နယ်မြေရှင်းလင်းတဲ့အခါမှာ ဒေသမှာ ရှိတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တဲ့အနေအထား ရှိတယ်။ အနည်းဆုံးတော့ လေကြောင်းနဲ့ တိုက်ခိုက်တာတွေ၊ နေအိမ်မီးရှိုးဖျက်ဆီးတာတွေ အဲလိုမျိုးတွေတော့ လုပ်လာနိုင်တဲ့အနေအထား ရှိတယ်။ အဲဒေသမှာက တော်လှန်ရေးအင်အားတွေရဲ့ လှုပ်ရှားမှု အားကောင်းတဲ့နယ်မြေလည်း ဖြစ်နေတယ်” ဟု ကိုယောနသံက ပြောသည်။
ထို့အပြင် ရေဖြူဒေသတွင် စစ်ကောင်စီ ရေတပ်မှ လက်နက်ကြီး ပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်နေပြီး တိမ်းရှောင်ရသည့် ရွာများလည်း တစ်နေ့ထက်တစ်နေ့ များလာကာ စစ်ဘေးရှောင်သူဦးရေလည်း တိုးလာနေသည်ဟု ဆိုသည်။
တစ်ဖက်တွင်လည်း မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးတပ်ဖွဲ့တို့က ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းများကို ဟန့်တားရေးနှင့် စစ်ရေးအရှိန်မြှင့်တင်ရေးအတွက် စစ်ရေးအရ ပူးပေါင်းပြီး တိုက်ခိုက်သွားမည်ဟု ဧပြီလ ၂၁ ရက်နေ့က အသိပေးထုတ်ပြန်ထားပြီ ဖြစ်သည်။