Homeသတင်းထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစခန်းကို KNLA နှင့် ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစခန်းကို KNLA နှင့် ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

-

ထိုင်း- မြန်မာနယ်စပ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ထီးခီးဒေသရှိ စစ်ကောင်စီအခြေစိုက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မေလ ၉ ရက်နေ့က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ၊ ခြေလျင်တပ်ရင်း ခလရ ၂၇၃ တပ် အခြေစိုက်ထားသည့် ထီးခီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က မေလ ၂ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ထီးခီးစခန်းတွင် စစ်ကောင်စီ အင်အား ၁၅၀ ခန့် အထိုင်ချတပ်စွဲထားပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ခက်ခက်ခဲခဲ တိုက်ယူခဲ့ရကြောင်း ဆိုသည်။

“ထီးခီးစခန်းကို ရန်သူက ရဟတ်ယာဉ် လေးစီးနဲ့ လာချပါတယ်။ အဲဒီမှာဆိုရင် လက်နက်ကြီးတွေပါတယ်။ အဲဒီဟာတွေကို သူတို့ဘက်က သုံးလို့မရအောင် ကျနော်တို့ဘက်က လက်ဦးမှုရယူပြီးတော့ ဒရုန်းတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အကောင်းဆုံးဖျက်ဆီးခဲ့ပါတယ်” ဟု Force for Federal Democracy (FFD) အဖွဲ့ ဒုတိယတာဝန်ခံ ကိုအောင်အောင်က ပြောသည်။

ထီးခီးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ ခန့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံခဲ့ကြောင်း KNLA တပ်မဟာ ၄ တာဝန်ရှိသူ ပဒိုစောအယ်နားက ပြောသည်။

“ကျွန်တော်တို့ တိုက်ပွဲတွေဖြစ်တဲ့အခါမှာ စကစတပ်သား ၅၀ လောက် ထိုင်းဘက်ကို ထွက်ပြေးသွားတာရှိတယ်။ သူတို့ကို ထိုင်းဘက်က ပြန်ပို့ဖို့ စီစဥ်နေတယ်လို့လည်း သိရတယ်။ ဒီစခန်းသိမ်းတိုက်ပွဲဟာ နယ်စပ်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ တဖက်နိုင်ငံရဲ့ ဖိအားတချို့လည်းရှိတယ်။ စစ်ကောင်စီကို ကူညီပေးနေတာတွေကလည်း ကျွန်တော်တို့အတွက် စိန်ခေါ်မှုဖြစ်ခဲ့တယ်” ဟု ပဒိုစောအယ်နားက ပြောသည်။

ထီးခီးစခန်းသိမ်းတိုက်ပွဲအတွင်း သုံ့ပန်းရရှိမှု၊ နှစ်ဘက်ထိခိုက်သေဆုံးစာရင်းနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုအခြေအနေများကိုတော့ မသိရသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း ထီးခီးစခန်းနှင့် ၇ မိုင်ခန့်အကွာရှိ စစ်ကောင်စီ ထီးထဗျူဟာကုန်းကို KNLA က သိမ်းပိုက်ခဲ့သေးသည်။

KNU တပ်မဟာ ၄ နယ်မြေတိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အချိူ့သည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့ကြသည်လည်း ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts