spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမင်းသားရွာအုပ်စုမှ စစ်ရှောင်ဒေသခံများ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်လာ

    မင်းသားရွာအုပ်စုမှ စစ်ရှောင်ဒေသခံများ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်လာ

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ၈၀၀ နီးပါးခန့်သည် ရက်သတ္တပတ် နှစ်ပတ်ဝန်းကျင်ခန့် စစ်ရှောင်နေရသဖြင့် စားနပ်ရိက္ခာနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လာသည်ဟု စစ်ရှောင်ကူညီနေသူများထံမှသိရသည်။

    ရေဖြူမြို့နယ် မင်းသားရွာတွင်ရှိသည့် ပြည်သူ့စစ်စခန်းများကို မွန်၊ ကရင်နှင့်ထားဝယ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ပြီးခဲ့သည့် ၂၀ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

    မင်းသားကျေးရွာအုပ်စုဖြစ်သည့် ဆင်စွယ်၊ ရေငန်းကြီး၊ ဘုရားသုံးဆူ၊ စိန်ဘုံ ၊ကျွဲသလင်း ကျေးရွာ အပါအဝင် ၅ ရွာထက်မနည်းမှ ဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေဆဲဖြစ်ပြီး တစ်စုတစ်စည်းတည်း တည်ရှိမနေခြင်းကြောင့် ကူညီကယ်ဆယ်ရေးတွင် လက်လှမ်းမမှီမှုများရှိနေသည်ဟု စစ်ရှောင်ကူညီ နေသူတစ်ဦးကပြောသည်။

    “ဆေးဝါးတွေ လိုတယ်တဲ့ ငှက်ဖျားဖြစ်တဲ့သူ အနည်းအကျဉ်းရှိနေတယ်။ ဆန်၊ ဆေး လိုတယ်၊ ရေလည်း ရှားပါးနေတယ်၊ ကျန်တာကရာသီပေါ် ဟင်းသီးဟင်းရွက် ခူးစားလို့ရတယ် ကျောက်က္ကဒင်နားက ခြံမှာ ရှိနေတယ်၊ အတော်များများက စစ်ရှောင်စခန်းကို မရောက်လာနိုင်ဘူး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘေးလွတ်တယ်ထင်တဲ့ ခြံ၊ ယာ၊ တောတောင်တွေနဲ့ စစ်မဖြစ်သေးတဲ့ ရွာနီးချုပ်စပ်တွေမှာ ခိုအောင်း နေထိုင်နေကြတယ် အဆက်အသွယ်ရှိတဲ့သူတွေက ရေးမြို့အထိ ပြေးကြတယ် ”ဟု၎င်းကပြောသည်။

    အဆိုပါဒေသခံများသည်ဧပြီလ ၂၂ ရက်မှစ၍ ရေး-ထားဝယ်ကားလမ်းတစ်လျှောက်ရှိ ရာဖူး၊ ကျွဲသလင်း၊ ကျောက်ကုတင်း၊ အလယ်စခန်း၊ ဥယျာဉ်ခြံဘက် နှင့် ရေးမြို့အထိ ယနေ့အထိထွက်ပြေး တိမ်းရှောင်နေခဲ့ရသည်။

    လက်ရှိတွင် ကူညီထောက်ပံ့ရေးအဖွဲ့များလက်လှမ်းမမှီသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်နေပြီး၊ ရေရှားပါးပြဿနာကိုလည်းကြုံတွေ့နေရသည်ဟု ၎င်းကဆက်ပြောသည်။

    ယမန်နေ့ မေလ ၇ ရက်နေ့တွင် မောရဝတီရေတပ်မှ ကျွဲသုံးညီမကျေးရွာဘက်သို့ စက်လှေဖြင့် ရေကြောင်း အတိုင်းတက်လာပြီး နတ်ကြီးစင်ကျေးရွာထဲသို့လက်နက်ပြီးဖြင့်ပစ်ခတ်ခဲ့ရာ ကျေးရွာမှဒေသခံများ ပေါက်ပင်ကွင်းရွာ တောင်ပေါ်တွင်ထွက်ပြေးတိမ်းရှောင်နေရသည်။

    “တိုက်ပွဲတော့မဖြစ်သေးဘူး၊ လက်နက်ကြီးပစ်လို့ ရွာကဘောလုံးကွင်းမှာ ၁လုံး ၊ ရှင်ကြီးအိမ်အနီးမှာ ၁ လုံး ပေါက်ကွဲတယ်၊ ရွာသားတွေကပေါက်ပင်ကွင်းရွာတောင်ပေါ်မှာတိမ်းရှောင်တယ် မင်းသားအုပ်စုနဲ့ နတ်ကြီးစင်အုပ်စုကကပ်ရပ်တွေပဲ”ဟု ၎င်းကပြောသည်။

    နှစ်ဖက်တိုက်ပွဲကြောင့် မင်းသားကရွာအုပ်စုအတွင်းရှိ ကျေးရွာများကို မောရဝတီရေတပ်နှင့်ကလိန် အောင်အခြေစိုက်စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခလရ ၂၈၂ တို့မှ လက်နက်ကြီးဖြင့်ရမ်းသမ်း ပစ်ခတ်နေသည်ဟု ဒေသတွင်းသတင်းအရင်းမြစ်များအရသိရသည်။

    အဆိုပါဒေသတစ်ဝိုက်ရှိ မွန်ရွာများဖြစ်သည့် အလယ်စခန်း၊ရာဖူး၊ ကျွဲတလင်း၊ ကျောက္ကဒင်နှင့် ဆင်စွယ် စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ ဧပြီလ ၂၀ ရက်နေ့မှ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး နွေရာသီမွန်စာပေ သင်တန်းတို့ကိုလည်း ရပ်နားထားရသည်။

    တစ်ဖက်တွင် မေ ၆ ရက်ကနေ ၃၁ ရက်အထိ ယာယီအပစ်ရပ်ကာလကို ထပ်မံတိုးမြှင့်လိုက်သည့်အကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာမှ ထုတ်ပြန်ထားသည်။

    ယာယီအပစ်ရပ်ထားသည့် ဧပြီ တစ်လလုံးတွင် လေကြောင်းတိုက်ခိုက်မှု ၂၄၄ ကြိမ်ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၀၁ ဦးသေဆုံးကာ နောက်ထပ်အယောက် ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ရပြီး ယခုမေလတွင်လည်း မြန်မာပြည်တောင်ပိုင်းဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အပြင် စစ်ဘေးရှောင်သူတို့လည်း တိုးလာနေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks