spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရခိုင်အမျိုးသားပါတီ ANP အနေဖြင့် ပြန်ပြီး မှတ်ပုံတင်ဖို့ အစီအစဥ်မရှိဟု ပြော

    ရခိုင်အမျိုးသားပါတီ ANP အနေဖြင့် ပြန်ပြီး မှတ်ပုံတင်ဖို့ အစီအစဥ်မရှိဟု ပြော

    -

    ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ ပြန်၍ မှတ်ပုံတင်မှာ မဟုတ်ဟု ANP မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

    စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ မေလ ၉ ရက်နေ့ နောက်ဆုံးထားကာ ရွေးကောက်ပွဲဝင်လိုသည့် ပါတီများ ပါတီဝင်ခွင့်လျှောက်ထားရန် ထုတ်ပြန်ကြေညာထားသည်။

    မိမိတို့ ပါတီအနေဖြင့် မှတ်ပုံတင်ခဲ့သော်လည်း ပယ်ချခံရကြောင်း၊ မေလ ၉ ရက်နောက်ပိုင်း ပါတီပယ်ဖျက်ခြင်း ရှိ/မရှိကို စောင့်ကြည့်ရမှာဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

    “လာမယ့် မေလ ၉ ရက်နေ့မှာ ပါတီအသစ် မှတ်ပုံမတက်ကြရင်ကြတော့ ပါတီ ရပ်ခွင့် မရှိတော့ဘူးပေါ့၊ ကျနော်တို့ကတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ မပြောတတ်ဘူး။ ကျနော်တို့ကတော့ ပါတီမှတ်ပုံတင် ဥပဒေအရ ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီးပြီ။ တစ်နှစ်ကျော် ကြာပြီးမှ ဘာတုံပြန်ချက်မှ မရှိဘဲနဲ့ ကျနော်တို့ ငြင်းပယ်ခံရတယ်။ အဲဒါကြောင့် ကျနော်တို့ လောလောဆယ် ပြန်ပြီးတော့ မှတ်ပုံတင်ဖို့ အစီအစဉ် မရှိဘူး။ မေလ ၉ ရက်နေ့အထိလည်း ပြန်ပြီးတော့ မှတ်ပုံတင်မှာ မဟုတ်ဘူး။ ပါတီခေါင်းဆောင်အများစုရဲ့ ဆုံးဖြတ်ချက်အရပေါ့၊ ကျနော်တို့ အဲဒီလို ဆက်ပြီးတော့ မှတ်ပုံမတင်ရင် ဘယ်လို ကြေညာချက်တွေ ထွက်လာမလဲ၊ ပယ်ဖျက်မလား၊ မဖျက်ဘူးလားဆိုတာကတော့ အဲဒါကို စောင့်ကြည့်ရမယ့် အခြေအနေပဲ ရှိပါတယ်ခင်ဗျ” ဟု ၎င်းက ပြောသည်။

    ရခိုင်အမျိုးသားပါတီ (ANP) ၏ နိုင်ငံရေးပါတီအဖြစ်‌ လျှောက်ထားမှုကို လက်မခံဘဲ ငြင်းပယ်ကြောင်း စစ်ကောင်စီ၏ UEC က ၂၀၂၄ ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ခဲ့သည်။

    စစ်ကောင်စီထံ ပြန်လည် မှတ်ပုံမတင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့သည် ပါတီပယ်ဖျက်လိုက်သော ပုံစံမျိုးဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

    ရခိုင်ပြည်နယ်တွင် လူထုထောက်ခံမှုအများဆုံးရရှိထားသည့် ပါတီဖြစ်သလို ရခိုင်အမျိုးသားအကျိုးစီးပွား အတွက် မိမိတို့ ပါတီတွင် သမိုင်းပေးတာဝန်ရှိသည်ဟု ခံယူထားကြောင်း ဦးထွန်းအောင်ကျော်က ဆက်ပြောသည်။

    “ရခိုင်ပြည်မှာ ပြည်သူလူထုအများဆုံး ထောက်ခံမှုရထားတဲ့ နိုင်ငံရေးပါတီတစ်ခုလည်း ဖြစ်တယ်။ ရွေးကောက်ပွဲ အဆက်ဆက်မှာလည်း အနိုင်အရဆုံး ပါတီတစ်ခုလည်းဖြစ်တယ်။ အဲဒါကြောင့် အများပြည်သူရဲ့ ယုံကြည်ကိုးစားမှုနဲ့ အားကိုးမှုကို ရွေးကောက်ပွဲ အခြေအနေတွေက ဖော်ပြနေတဲ့အတွက် ရခိုင်ပြည်ဒေသနဲ့ ရခိုင်အမျိုးသားတွေရဲ့ အမျိုးသား အကျိုးစီးပွားအတွက် ရခိုင်အမျိုးသားပါတီမှာ သမိုင်းပေးတာဝန်ရှိတယ်လို့ ကျနော်တို့ ခံယူတယ်။ အဲဒါကြောင့် အခြေအနေတွေကို အလေးထားပြီးတော့မှ သတိပြုပြီး ကျနော်တို့ စောင့်ကြည့်နေတယ်။ တကယ်လို့ နိုင်ငံရေးမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ ဥပမာ သဘောတစ်ခုက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ စိတ်ကောင်းစေတနာထားပြီးတော့ အခွင့်အရေးတစ်ခုခု ရခိုင်အမျိုးသား ပါတီအပေါ်မှာ နိုင်ငံရေးအရ ရပ်တည်ပိုင်ခွင့်ကို လာမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ ပြန်လည်သုံးသပ်ဖို့အတွက် အခြေအနေရှိနေတယ်ဆိုတာပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

    စစ်ကောင်စီက ယခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောကြားထားပြီး လက်ရှိမှာ စစ်ကောင်စီက နိုင်ငံရေးပါတီ ၅၀ ကို မှတ်ပုံတင်ခွင့် ပြုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks