တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့ရှိ အရက်ဆိုင်တစ်ဆိုင်တွင် အရက်ထိုင်သောက်နေသည့် ပျုစောထီးခေါင်းဆောင် (၃) ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံမှ သိရသည်။
ယမန်နေ့ မေလ ၆ ရက်၊ ညနေ ၅ နာရီကျော်အချိန်ခန့်က ပုလောမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ဆန်းဝင်းအရက်ဆိုင်တွင် ဝိုင်းဖွဲ့ပြီး အရက်ထိုင်သောက်နေသည့် ပျုစောထီးခေါင်းဆောင် (၃) ဦးတို့ကို ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

“သူတို့က ပုလောမြို့နယ်တိုက်ပွဲမှာ ပြည်သူပိုင်နေအိမ်တွေကို မီးရှိုးဖျက်ဆီးခဲ့တဲ့ အဓိက တရာခံတွေ ဖြစ်ကြတယ်၊ ပြီးတော့ စစ်မှုထမ်းဖို့ဆိုပြီတော့ လူငယ်တွေကို မတရားဖမ်းဆီးတယ်၊ ခြိမ်းခြောက်တယ်၊ ငွေညှစ်တယ်၊ ဂိတ်တွေဖွင့်ပြီး ခရီးသွားပြည်သူတွေအပေါ် စစ်ဆေးတယ်၊ ဂိတ်ကြေးကောက်နေတယ်” ဟု မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသူများတွင် ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှ ပျုစောထီးခေါင်းဆောင် ကုလားနီ၊ ပလမြို့မှ ပျုစောထီးခေါင်းဆောင် ကျော်သူရနှင့် ပုလောမြို့မှ ပျုစောထီး သန်းနိုင်တို့ ပါဝင်သည်။
အဆိုပါ ပျုစောထီးခေါင်းဆောင် (၃) ဦးတို့ကို ပစ်ခတ်ရှင်းလင်းသည့်နောက် သေနတ်တိုတစ်လက်၊ ကျည် ၁၃ ခု၊ လက်ကိုင်ဖုန်းနှင့် စာရွက်စာတမ်းအချို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။
ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီလက်အောက်ခံ ပျုစောထီးနှင့် ရာအိမ်မှူးတို့ကို တော်လှန်ရေးအဖွဲ့တို့က မကြာခဏ တိုက်ခိုက်လျက် ရှိသည်။
ပုလောမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသော်လည်း တော်လှန်ရေးအား ကောင်းသည့်နယ်မြေဒေသတစ်ခုဖြစ်ပြီး ပုလောမြို့ပေါ်လောက်သာ စစ်ကောင်စီက ထိန်းချုပ်နိုင်သည့် အနေထားရှိကြောင်း သိရသည်။