မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်သား၊ အကျဉ်းသူများအပါအဝင် အခြားသော အကျဉ်းသား၊ အကျဉ်းသူများအနေဖြင့် ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိသည့်အပြင် ရက်လွန်ဆေးဝါးများဖြင့် ဆေးကုသပေးနေကြသည်ဟု အကျဉ်းသားများအရေး အကူအညီပေးနေသည့် အဖွဲ့အစည်းတို့ထံမှ သိရသည်။
စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း အကျဉ်းထောင်များတွင် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှု မရရှိသည့်အပြင် အကျဉ်းသားအရေအတွက်နှင့် ဆရာဝန်အရေအတွက်လည်း ကိုက်ညီမှု မရှိနေကြောင်း၊ အရေးအပေါ်အခြေအနေ ဖြစ်ပေါ်လာလျှင် ပြင်ပဆေးရုံးများလည်း သွားရောက်ကုသခွင့် မရကြသည့်အတွက် အကျဉ်းသားများ ကျန်းမာရေးဆိုးဝါးလာနေကြသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPMN) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“ထောင်တွေထဲမှာ ဆေးဝါးလိုအပ်ချက်တွေ များစွာ ဖြစ်ပေါ်လာနေတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ထဲမှာ အကျဉ်းသားအရေအတွက် များပြားလာမှုနဲ့ မကိုက်ညီတဲ့ ဆရာဝန်အရေအတွက်တွေ ဖြစ်နေတယ်။ ပြီးတော့လည်း အကျဉ်းသားတွေ အရေးပေါ်ဖြစ်လာတဲ့ချိန်ဆိုရင် ပြင်ပဆေးရုံးတွေ သွားရောက်ကုသခွင့်မရဘဲ သေဆုံးတာမျိုးတွေ၊ ကျန်းမာရေးပိုမိုဆိုးဝါးလာတာမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာနေကြတယ်။ ဗဟိုထောင်တွေမှာတောင် သတ်မှတ်ထားတဲ့ ဆရာဝန်အရေအ တွက်တွေတွေ ရှိမနေဘဲနဲ့ ၃ ဦးကနေ ၅ ဦးကြားပဲ ရှိတယ်။ ထောင်ငယ်တွေ၊ ထောင်လေးတွေမှာဆိုရင် လုံးဝ မရှိတဲ့ အခြေအနေမျိုး ဖြစ်လာနေတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
အကျဉ်းထောင်များတွင် ထောင်အာဏာပိုင်များက အကျဉ်းသားများကို ဖိနှိပ်ရုံသာမက စားသောက်ရေး၊ နေထိုင်ရေးကိစ္စများကို ကန့်သတ်သည့်အပြင် ကျန်းမာရေးမကောင်းသည့် အကျဉ်းသားများကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိခြင်း၊ ရက်လွန်ဆေးဝါးများဖြင့် ကုသနေကြခြင်းကြောင့် သေဆုံးခဲ့ရသည့် အကျဉ်းသား အများအပြား ရှိခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) မှ ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက ပြောသည်။
“အကျဉ်းသူ၊ အကျဉ်းသားတွေကို ရက်လွန်နေတဲ့ ဆေးဝါးတွေကိုပဲ ပေးဝေနေကြတယ်။ ဒါကြောင့် အကျဉ်းသားတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေကြတယ်။ ကျမတို့ကိုယ်တိုင်လည်း အကျဉ်းထောင်ထဲမှာ ထောင်ကျနေတဲ့အချိန်မှာ စစ်ကောင်စီ အကျဉ်းဦးစီး ဝန်ထမ်းတွေက ကိုဗစ်လိုကာလမျိုးမှာတောင် ဆေးပေးဝေတာ မရှိဘဲနဲ့ ငပိဗူးကို ရှုလို့ရှိရင် အနံ့ရရင် ကိုဗစ်ပျောက်တယ်ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ပေါ့။ အင်းစိန်လိုထောင်မျိုးမှာတောင် ဒီလိုလုပ်ဆောင်နေ တယ်ဆိုတာကို ကိုယ်တွေ့ကြုံခဲ့ရပါတယ်” ဟု မဇူးဇူးမေယွန်းက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာအကျဉ်းထောင်တွင် အကျဉ်းကျနေရသည့် အသက် ၃၃ နှစ်အရွယ်ရှိ နိုင်ငံရေးအကျဉ်းသား ကိုဟိဏ်းမင်းသည် အတက်ရောဂါဝေဒနာကြောင့် သတိမေ့မြောနေသည့် အခြေအနေတွင် ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိသည့်အတွက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပြည်သူများကို လက်နက်များဖြင့် အကြမ်းဖက်ဖြိုခွဲခဲ့သလို အသက်မပြည့်သေးသည့် ကလေးများနှင့် အမျိုးသမီးအပါအဝင် ပြည်သူလူထုကို အကျဉ်းထောင်များတွင် ပုဒ်မတပ်ကာ စစ်ကောင်စီက ဖမ်းဆီး ထောင်ချခဲ့ကြသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စရင်းများအရ စစ်အာဏာသိမ်းချိန်မှစပြီး ယခု လေးနှစ်ကျော်ကာလအထိ လူပေါင်း နှစ်သိန်းကိုးသောင်းကျော်ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည်ဟု သိရသည်။