ထိုင်းနိုင်ငံ၌ ကျောင်းသားဗီဇာ (ED Visa) ကိုင်ဆောင်ထားပြီး လုပ်ငန်းခွင်တွင်ဝင်ရောက် လုပ်ကိုင်နေသူတို့ကို ဗီဇာ လျှောက်ထားခွင့် စစ်ဆေးတင်းကြပ်သွားမည်ဖြစ်သဖြင့် အမှန်တကယ် ကျောင်းတက်ရောက်နေသူတို့အတွက် နစ်နာမှုရှိလာကြောင်း ထိုင်းနိုင်ငံအတွင်း ပညာသင်ယူနေသည့် မွန်လူငယ်တို့က ဆိုသည်။
(ED Visa) ကို အလွဲသုံးစားပြုလုပ်၍ ထိုင်းနိုင်ငံအတွင် တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်သူ ပိုများလာသည်ဟုဆိုကာ ဗီဇာခွင့်ပြုပေးမှုအပေါ် ပိုမိုတင်းကြပ်မည်ဟု ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ အစည်းဝေးပြုလုပ်ပြီးနောက် ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် ဗီဇာသက်တမ်းတိုးသည့် ကျောင်းသားများ ဗီဇာအပြည့်မရခြင်း၊ ငွေကုန်ကြေးကျများခြင်း၊ သက်တမ်းတိုးခြင်းကိစ္စ မလုပ်ဆောင်သေးဘဲ တက်ရောက်နေသည့် ကျောင်းအထိ လာရောက်စစ်ဆေးမှုလုပ်ဆောင်ပြီးမှသာ သက်တမ်းတိုးခြင်း ဆောင်ရွက်ပေးနေသည်ဟု သိရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံအတွင်း ပညာသင်ယူနေသည့် ကျောင်းသားလူငယ်တို့အတွက် ဝန်ထုပ်ဝန်ပိုတစ်ခုဖြစ်လာနေသည်ဟု မဟာကျူလာလောင်ကွန်းတက္ကသိုလ် တက်ရောက်နေသည့် မွန်သံဃာတော်တစ်ပါးမှ မိန့်ကြားသည်။

“ ပထမအချက် အခက်ကြုံစေတာက Visaအပြည့် မရနိုင်တာ၊ အဲ့လိုဆို ကျောင်းသားတွေက အလုပ်ရှုပ်စေပြီး ကုန်ကျစရိတ်လည်းများစေတယ်၊ အချို့ ချင်းမိုင်တက္ကသိုလ်တွေမှာဆိုရင် မြန်မာနိုင်ငံသားတွေ ကိုသူတို့လက်မခံချင်တော့တဲ့အထိပဲ၊ ကျောင်းလာတက်ပြီးအလုပ်ဝင်လုပ်သွားတယ်ဆိုတော့လေ၊ ED-Visa နဲ့ဝင်ပြီးတော့ ကျောင်းမတက်ဖြင့်ဘဲ အလုပ်လုပ်နေကြတော့ အမှန်တကယ် ကျောင်းတက်နေတဲ့ သူတွေအခက်ကြုံစေတယ်” ဟု မိန့်သည်။
ထို့အပြင် ထိုင်းနိုင်ငံဥပဒေအရ ကျောင်းတက်ချိန်တို့တွင် part time အလုပ်လုပ်ကိုင်ခွင့် မရှိဟု သတ်မှတ်ထားသော်လည်း နွေရာသီအားလပ်ရက်တို့တွင် အသုံးစရိတ်အတွက် အလုပ်လုပ်ကိုင်နေသည့်ကျောင်းသား/ သူများရှိနေသဖြင့် လတ်တလော အခက်အခဲများကြုံနေရသည်။
လာမည့် ဇွန်လတွင် တက္ကသိုလ်ကျောင်းများပြန်လည်ဖွင့်လှစ်မည့်ကာလဖြစ်ပြီး ကျောင်းသားများ၏ ကျောင်းခေါ်ချိန်နှင့် Assigment ကဲ့သို့ သင်ယူလေ့လာမှုများကိုလည်း စစ်ဆေးသွားနိုင်ကြောင်း မဟာကျူလာလောင်ကွန်းတက္ကသိုလ်မှ မွန်ကျောင်းသူတစ်ဦးကပြောသည်။
“ အရင်နှစ်တွေဆို ကျောင်းရပ်နားတာတို့ ကျောင်းပျက်တာတို လုပ်လို့ရပါသေးတယ်၊ နောက်ပြီး ပိတ်ရက်တွေဆိုရင် ကျောင်းကနေ Document တွေတောင်းပြီးတော့ work permit တွေမရှိလည်း ကျောင်းသားတွေကို လက်ခံတဲ့အလုပ်တွေရှိတယ်ဝင်လုပ်လို့ရတယ်၊ လာမဲ့ ဇွန် ဇူလိုင် ကျောင်းဖွင့်ရင်တော့ ပိုတင်းကြပ်မယ်"ဟု ဆိုသည်။
ထို့အပြင် ကျောင်းသားများနှင့် ပတ်သတ်သည့် လစဉ်အစီရင်ခံစာကို ကောလိပ်တက္ကသိုလ်များဘက်မှ အဆင့်မြင့် ပညာရေးဝန်ကြီးဌာနထံ တင်ပြသွားရမည်ဖြစ်ပြီး အဆင့်မြင့်ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်သည့် ကောလိပ်၊တက္ကသိုလ်များ ၎င်းတို့သီးသန့်ဖွင့်လှစ်ထားသည့် ပရိုဂရမ်အားလုံးကို ရပ်နားခံရမည်ဟုလည်း ထိုင်းအစိုးရဘက်မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမှ ကျောင်းသား Visaကိုင်ဆောင်သူအများစုတို့ ပြင်ပ အလုပ်လုပ်ကိုင်မှု ပိုများသဖြင့် ထိုင်းနိုင်ငံအတွင်းရှိ တက္ကသိုလ်အချို့ ED Visa ကိုင်ဆောင်သည့် မြန်မာနိုင်ငံသား ကျောင်းသားများကို လက်မခံတော့သည့် အခြေအနေတွင်လည်း ရှိနေသည်ဟု ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားနေသည့် မွန်လူငယ်တို့မှ သိရသည်။
ထိုင်းနိုင်ငံ၏တရားဝင်ဥပဒေအရ နိုင်ငံတကာကျောင်းသားများ၏ဗီဇာများကို တစ်ကြိမ်လျှင်ရက် ၉၀ နှင့် တစ်နှစ်ထက်မပိုသောကာလထိ နေထိုင်ခွင့်ပြုထားပြီးထိုဗီဇာဖြင့် တရားမဝင်အလုပ်လုပ်ကိုင်နေမှုများ စုံစမ်းတွေ့ရှိပါက အချိန်ကာလနှင့် အကြောင်းအရာအပေါ်မူတည်ပြီး ပြန်လည်ပြင်ဆင် သတ်မှတ်သွား မည်ဟု ထိုင်းအာဏာပိုင်တို့ကိုပြောကြားထားသည်။
ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာများကို အလွဲသုံးစားလုပ်၍ တရားမဝင်လုပ်ငန်းမျိုးစုံတို့တွင် ဝင်ရောက်လုပ်ကိုင်နေကြပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဘက်မှ ဆင့်ခေါ်ရာတွင် လာရောက်တွေ့ဆုံရန် ပျက်ကွက်နေသဖြင့် ပိုမိုစစ်ဆေးတင်းကြပ်မှု လုပ်ဆောင်လာနေသည်။