မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို ဖြတ်သန်းခရီးသွားလာနေသည့် စစ်ကိုင်း၊ မကွေးမှတ်ပုံတင် ကိုင်ဆောင်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က တင်းကြပ်စွာ စစ်ဆေးမေးမြန်းနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။
လက်ရှိတွင် မော်လမြိုင်မြို့အဝင်လမ်းဖြစ်သည့် သံလွင်တံတားနှင့် မုတ္တမဘက်ခြမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အပြင် မြို့ပေါ်တွင်လည်း ခရီးသွားလာနေသည့် စစ်ကိုင်းမှတ်ပုံတင် ၅/ နှင့် မကွေးမှတ်ပုံတင် ၈/ ကိုင်ဆောင်သူ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်အားလုံး တစ်ယောက်ချင်းစီကို သေချာစစ်ဆေးပြီး ငွေညှစ်မရလျှင် ဖမ်းဆီးမှုများပါ လုပ်ဆောင်နေသည်ဟု ဆိုသည်။

“ဟိုတုန်းကလည်း ၁၃ မျဥ်းစောင်းတွေကို ဖမ်းတယ်၊ အခုလည်း ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်းတွေကို ဖမ်းတယ်။ အဲဒီမှတ်ပုံတင်ကိုင်ဆောင်သူတွေက သူတို့ပိုက်ဆံတောင်းရင် ပေးလိုက်ကြတယ်။ စစ်ဆေးမေးမြန်မှု မလုပ်ရအောင်လေ။ လူငယ်တွေကိုတော့ ခရီးပေးမသွားစေချင်တော့ဘူး။ မော်လမြိုင်မြို့မှာ စစ်မှုထမ်းဖို့ လူငယ်တွေကို ပေါ်တာဆွဲတာ များလာတယ်။ ညနေ ၅ နာရီနောက်ပိုင်းဆို မြို့အနှံ့ လမ်းတွေမှာ စပြီးတော့ စစ်ဆေးဖမ်းဆီးနေတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
စစ်ကိုင်း၊ မကွေး မှတ်ပုံတင် ကိုင်ဆောင်သူများကို ကားပေါ်မှ ဆင်းခိုင်းစေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က စစ်ဆေးမေးမြန်းခြင်းအပြင် ထောက်ခံစာမပါလျှင် တစ်သောင်းကျပ်မှ ကျပ်ငါးသောင်းထိ အဓမ္မတောင်းခံနေကြသည်ဟု စစ်ကိုင်းမှတ်ပုံတင်ကိုင်ဆောင်သူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။
“မော်လမြိုင်မြို့အဝင်မှာ သူတို့ဘယ်လိုစစ်တာလဲဆိုတော့ ကားပေါ်မှာ ကျနော်တို့ ၆ ယောက်ပါတယ်။ စစ်ဆေးရေးဂိတ်ကိုရောက်တော့ မှတ်ပုံတင်ပြကြရတာပေါ့လေ။ အဲဒီတုန်းက မိုးလည်း နည်းနည်းမှောင်နေပြီ။ မှတ်ပုံတင်အကုန်ထောင်ထားလို့ အပြင်ကနေ အော်ပြောတယ်။ မှတ်ပုံတင်ပြတော့ ကျနော့ကို ခေါ်တယ်။ ကျနော်က လူငယ်လည်း ဖြစ်တယ်။ ၅ မျဉ်းစောင်းလည်းဖြစ်တော့ ကားပေါ်ကနေ ခေါ်ဆင်းတယ်။ မော်လမြိုင်ကို ဘာလာလုပ်တာလဲ မေးတယ်။ သူငယ်ချင်းဆီ အလည်လာတယ်၊ ဘာညာပြောတာပေါ့။ ဘာအလုပ်လုပ်တာလဲမေးတော့ ကုမ္ပဏီဝန်ထမ်းလို့ ဖြေတယ်။ ဘာကုမ္ပဏီလဲ အဲဒီလိုတွေ ရုတ်တရက်မေးတယ်။ အဒေါ်ဆီမှာ လုပ်တာ၊ ဘာညာ အဲဒီလိုဖြေတယ်။ လစာဘယ်လောက်ရလဲ၊ ကျနော့ကို တော်တော်မေးတယ်။ နောက်ဆုံးတော့ ပိုက်ဆံ ၅ သောင်း ပေးလိုက်ရတယ်” ဟု အထက်ပါ လူငယ်က ပြောသည်။
အထက်ပါ မှတ်ပုံတင် ကိုင်ဆောင်ထားသူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးမေးမြန်းချိန်တွင် ပြန်လည်ဖြေကြားတတ်ရန် လိုအပ်ကြောင်း၊ မိမိအပေါ် မသင်္ကာစိတ်ဖြစ်ပေါ်လာလျှင် ဖမ်းဆီးခေါ်ဆောင်သွားသည့် အနေအထားရှိသည်ဟု သူက ဆက်ပြောသည်။
မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးသည် တော်လှန်ရေးအားကောင်းသည့် နယ်မြေတစ်ခုဖြစ်သည့်အပြင် စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံဘက်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ကနေတဆင့် ထွက်ပြေးတိမ်းရှောင်နိုင်သည့် လမ်းကြောင်းတစ်ခုဖြစ်သည့်အတွက် စစ်ကောင်စီက ယခုလို စစ်ဆေးမှုများ တင်းကျပ်လာတာဖြစ်နိုင်သည်ဟု မြို့ခံတို့ သုံးသပ်ပြောဆိုနေကြသည်။