spot_img
Wednesday, September 10, 2025
More
    spot_img
    Homeသတင်းတော်လှန်ရေး မအောင်မြင်ရင် မျိုးဆက်အလိုက် စစ်ဘေးသင့်နေမည်ဟု TNLA ပြော

    တော်လှန်ရေး မအောင်မြင်ရင် မျိုးဆက်အလိုက် စစ်ဘေးသင့်နေမည်ဟု TNLA ပြော

    -

    လက်ရှိ ဆင်နွှဲနေသော တော်လှန်ရေး တိုက်ပွဲ မအောင်မြင်ပါက မိမိတို့ မျိုးဆက်များ စစ်ဘေးဒဏ် ခံနေရဦးမှာဖြစ်ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မှ တွဲဖက်အတွင်းရေးမှု (၂) ဗိုလ်မှူးကြီး တားပန်လက ယနေ့ (မေ ၃ ရက်) ပြုလုပ်သည့် TNLA ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

    မိမိတို့ ဘိုးဘွားလက်ထက်ကတည်းက စစ်ဘေးဒဏ်များ ခံစားခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် စစ်အာဏာရှင် ချုပ်ငြိမ်းရေး မဆောင်ရွက်နိုင်ပါက အဆိုပါ ဘေးဒဏ်များကို မျိုးဆက်အလိုက် ခံစားနေရမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

    ဗိုလ်မှူးကြီး တားပန်လက “သေချာပါတယ်၊ ကျနော်တို့က အခုသွားနေတဲ့ တော်လှန်ရေး တိုက်ပွဲ မအောင်မြင်ဘူးဆိုရင်တော့ သေချာတယ်၊ သံသရာလည်နေမှာ စစ်ရေးသံသရာ၊ ငြိမ်းချမ်းရေးသံသရာ၊ ပစ်ခတ်ရေး သံသရာ အဲဒီကနေမှာ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘဲနဲ့ ကျနော်တို့က လွန်ခဲ့တဲ့ ကျနော်တို့ အဘိုးအဘွားတွေ အဖေအမေတွေက စစ်ဘေးဒဏ်ခံခဲ့ရပြီးပြီ၊ ကျနော်တို့ လက်ထက်မှာလည်း ရင်ဆိုင်နေရတယ်၊ ကျနော်တို့က အာဏာရှင်ချုပ်ငြိမ်းရေး မဆောင်ရွက်ဘူးဆိုရင်တော့ သေချာတယ်၊ နောက်ဆက်တွဲ ကျနော်တို့ မျိုးဆက်တွေလည်း စစ်ဘေး၊ စစ်ဒဏ်ဘဲ ခံနေရဦးမှာ တကယ် လူသားတစ်ယောက်လို့ နေနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့်မို့လို့ ဆက်လက်ပြီးမှ အာဏာရှင် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ကျနော်တို့ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

    ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် AA-TNLA-MNDAA တို့ ဆင်နွှဲခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် မြို့အများအပြားကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

    ထိုနောက် တရုတ်နိုင်ငံ၏ ဖိအားပေးမှုအရ ကိုးကန့်တပ်ဖွဲ့ (MNDAA) တိုက်ခိုက်သိမ်းပိုက် ထားသော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။

    အဆိုပါ လားရှိုးဖြစ်စဉ်ကြောင့် မိမိတို့ဒေသတွင်း ပြည်သူများ ကန့်သတ်ပိတ်ပင်မှု၊ မလုံခြုံမှုများ ခံစားနေရကြောင်း၊ လက်ရှိတွင် မိမိတို့ TNLA မှ အချက် ၃ ချက်ဖြင့် ရပ်တည်နေကြောင်း ဗိုလ်မှူးကြီး တားပန်လက ဆက်ပြောသည်။

    “မိုးကုတ်ပေးနိုင်မလား၊ ဟိုဟာပေးနိုင်မလား ဆိုတဲ့ပုံစံမျိုးကတော့ လောလောဆယ် အဲဒီလိုမျိုး မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တွေရဲ့ အသံလည်း ကျနော်တို့ သတိထားရမှာ ဖြစ်သလို ကျနော်တို့ တိုက်ပွဲအောင်မြင်အောင် ဒီနယ်မြေကနေမှ စစ်အာဏာရှင်တွေ ထွက်ခွာသွားအောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ လူထုတွေရဲ့ အသံလည်း အ‌လေးထားရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဟိုဟာပေးနိုင်မလား ဒီဟာပေးနိုင်မလား ဆိုတာမျိုးတော့ လောလောဆယ် မရှိသေးပါဘူး။ လောလောဆယ် ကျနော်တို့ဖက်က ရပ်တည်ချက်ကတော့ စောစောက တင်ပြခဲ့တဲ့အတိုင်းပဲ ရောက်တဲ့နေရာကနေ ရပ်၊ တိုက်ခိုက်မှုတွေ ရပ်၊ လူထုကို လွတ်လပ်စွာ သွားလာခွင့်ပေးပေါ့နော်။ ဆိုတော့ အဲဒီ ၃ ချက်နဲ့ ရပ်တည်ထားပါတယ်” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် ဧပြီ ၂၈၊ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီနှင့် TNLA တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတွင် စစ်ကောင်စီက TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန် နှင့် မန်တုံမြိုနယ်အတွင်းက TNLA တပ်ဖွဲ့ အားလုံး ပြန်လည်ဆုတ်ခွါဖို့ တောင်းဆိုချက်ကို TNLA ကိုယ်စားလှယ်တွေက သဘောမတူခဲ့ပေ။

    ထို့ကြောင့် ဆွေးနွေးပွဲ ရှေ့မဆက်နိုင်ဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရေး လာမည့်ဩဂုတ်လတွင် စစ်ကောင်စီနှင့် TNLA တို့ ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြကြောင်း TNLA ဘက်က ထုတ်ပြန်သည်။

    လက်ရှိတွင်လည်း နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,800SubscribersSubscribe
    spot_img

    Latest posts