Monday, March 9, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်တွင် ဆိုင်ကယ်အငှားမောင်းသည့် သက်ကြီးပိုင်း အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

    သံဖြူဇရပ်တွင် ဆိုင်ကယ်အငှားမောင်းသည့် သက်ကြီးပိုင်း အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

    -

    မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေးကားလမ်းပိုင်းရှိ ရော်ဘာခြံတစ်ခြံတွင် ဆိုင်ကယ်အငှားမောင်းသည့် သက်ကြီးပိုင်း အမျိုးသားတစ်ဦး ဓားထိုးသွင်းခံဒဏ်ရာဖြင့် သတ်ဖြတ်ခံရကြောင်း သိရသည်။

    သံဖြူဇရပ်-ရေးကားလမ်းပိုင်၊ စခန်းကြီးကျေးရွာရှိ ရော်ဘာခြံတစ်ခြံတွင် ဓားထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည့် ဆိုင်ကယ်အငှားမောင်းသည့် အသက် ၆၄ နှစ်အရွယ် ဦးစံသိန်းဆိုသူကို လမ်းသွားလမ်းလာတို့က ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

    ဦးစံသိန်းဆိုင်ကယ်ကို လင်မယားနှစ်ဦးက ငှားစီးပြီး ဆိုင်ကယ်လု သတ်ဖြတ်သွားခဲ့သည်ဟု မိသားစုဝင်တစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “အဖေက ဆိုင်ကယ်ကယ်ရီဆွဲတာပါ။ အဲနေ့ မနက်ပိုင်းမှာပဲ လင်မယားနှစ်ယောက်က ငှားစီးပြီး ဆိုင်ကယ်လုပြီး သတ်ဖြတ်လိုက်တာ။ အခုက ဖမ်းမိရပြီးလား၊ မမိသေးဘူးလားဆိုတာကိုတော့ ကျနော်မသိသေးဘူး။ အကြောင်းမပြန်လာသေးတော့ မမိသေးဘူး ထင်ပါတယ်။ လည်ပင်းလှီးဒဏ်ရာ တစ်ချက်နဲ့ သေဆုံးနေတာပါ။ NCX အမျိုးအစား ဆိုင်ကယ်ရော၊ ဖုန်းရော၊ ပိုက်ဆံရော ပါသွားတယ်” ဟု ၎င်းက ပြောသည်။

    ဦးစံသိန်းသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မိသားစုဝင်တို့က သံဖြုဇရပ်မြို့မရဲစခန်းတွင် သွားရောက်တိုင်ကြားခဲ့သော်လည်း တရားခံကို ယနေ့ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

    ဒေသတွင်းမတည်ငြိမ်မှုကြောင့် သတ်ဖြတ်မှု၊ လုယက်မှု၊ ခိုးမှုများ အလွယ်တကူ ပြုလုပ်နိုင်သည့်အတွက် နေထိုင်သွားလာရေးတွင် သတိပြုစေလိုကြောင်း သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။

    “ဒီလို သတ်ဖြတ်ခံရတာ ကြားတော့ စိတ်မကောင်း ဖြစ်မိတယ်။ နိုင်ငံရေးအခြေအနေကလည်း မကောင်းနေတော့ ဒီလိုမျိုး လူပြတ်တဲ့နေရာမှာ သွားလာတဲ့သူတွေအနေနဲ့ သတိထားစေချင်တယ်။ အထူးသဖြင့် အဲလိုကယ်ရီသမားတွေပေါ့။ နေ့ညမရွေး ကိုယ်မသိတဲ့ သူစိမ်တွေကို လိုက်ပို့ရတယ်လေ။ သံဖြူဇရပ်မှမဟုတ်ဘူး။ ဒီလိုမျိုး ဆိုင်ကယ်လုပြီး သတ်ဖြတ်ခံရနေတာ အများဆုံးကတော့ ကယ်ရီသမားတွေ ခံရတာ များတယ်” ဟု ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှုအားနည်းလာခြင်းကြောင့် ယခုလို လုယက်သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေသည့်အပြင် ခိုမှုများ၊ လက်နက်ပြ ခြိမ်းခြောက်မှုများလည်း မကြာခဏဖြစ်ပွားနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks