Homeသတင်းတစ်လအတွင်း တနင်္သာရီဒေသခံသုံးရာကျော် ဖမ်းဆီးခံရပြီး သတင်းအစအနပျောက်ဆုံး

တစ်လအတွင်း တနင်္သာရီဒေသခံသုံးရာကျော် ဖမ်းဆီးခံရပြီး သတင်းအစအနပျောက်ဆုံး

-

တနင်္သာရီတိုင်းတွင် စစ်ကောင်စီမှ အရပ်သားများကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခေါ်ဆောင်နေပြီး မတ်လ တစ်လအတွင်း ဖမ်းဆီးခံရသူ ၃၃၄ ဦးထက်မနည်းရှိကြောင်းနှင့် အများစုတို့ သတင်းအစအနပျောက်ဆုံးနေကြောင်း ဒေသခံနှင့် အရပ်ဖက်အဖွဲ့အစည်းလှုပ်ရှားနေသူတို့မှ သိရသည်။

ပြီးခဲ့သည့် မတ်လတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်မှ ပြည်သူ ၁၃၄  ဦး အပြင် မတ်လအတွင်းထိုင်းနိုင်ငံဘက်မှနေရပ်ပြန်ပို့လာသူ ၂၅၀ ဦးအနက် ၂၀၀ နီးပါးကို စစ်မှုထမ်းရန် ခေါ်ဆောင်သွားခဲ့ကြောင်း FE 5 တနင်္သာရီ အစီရင်ခံစာမှ ဖော်ပြချက်အရ သိရသည်။

အထူးသဖြင့် ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ မြို့ပေါ်၌ ဧည့်စာရင်းစစ်ဆေးစဉ် ဖမ်းဆီခံရခြင်းနှင့် ထိုင်းနိုင်ငံမှ ပြန်လည်ပို့ဆောင်လာသည့် တရားမဝင်ရွေ့ပြောင်းလုပ်သားတို့ စစ်မှုထမ်းအတွက် အသုံးပြုခြင်းတို့ဖြစ်ပြီး ကျန်ရစ်သူ မိသားစုနှင့် အုပ်ထိန်းသိမ်းသူတို့က ပြန်လည်ခေါ်ဆောင်ရန် တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်ကြကြောင်း FE 5 တနင်္သာရီမှ တာဝန်ခံတစ်ဦးက ဆိုသည်။

“အခုရွာသားတွေက စစ်ကြောင်းထိုးပြီးဖမ်းခံရတဲ့လူတွေက ပြန်လွတ်လာဖို့ ရွာသားတွေက ထိုင်စောင့်နေရုံကလွဲရင်ဘာမှလုပ်လို့မရဘူး။ ထိုင်းစောင့်ရတဲ့အဆင့်ပဲတတ်နိုင်တယ်။ ဖမ်းခံရတဲ့ပုံစံက မျိုးစုံရှိတယ်။ ရွာလုံးကျွတ် အမျိုးသားတွေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်လည်းရှိတယ်။”  ဟုဆိုသည်။

စစ်ကောင်စီဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားပြည်သူများကို စစ်ကြောရေး၊ စစ်မှုသင်တန်းနှင့်၊ ရေတပ်စခန်း စသည့်အန္တရာယ်ရှိသည့်နေရာများသို့ ပို့ဆောင်ထားကြောင်း FE 5 တနင်္သာရီမှ ကောက်ယူထားသည့် အချက်အလက်များအရသိရသည်။ 

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ ပြည်သူတို့၏ နေ့စဉ်ဘဝလုံခြုံရေးကပိုမိုဆုံးရွားလာသည့်အခြေနေဖြစ်ကြောင်းနှင့် တိုက်ပွဲနှင့်လေကြောင်း တိုက်ခိုက်မှုကြောင်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည့်ဒေသခံ ၆၆၈၀၀ကျော်အထိ ရှိလာခဲ့ပြီးဟု အထက်ပါတာဝန်ခံက ဆက်ပြောထားသည်။

“အခုလိုပြည်သူတွေ အဖမ်းခံနေရတာက အခုမှမဟုတ်ဘူး။ တနင်္သာရီတိုင်းမှ တိုက်ပွဲပြင်းထန်နေတဲ့ကာလတစ်လျှောက်ဆို အဲလိုပဲဖမ်းခံနေရတယ်၊ စစ်ကြောင်းက ဝင်လာပြီးဆိုရင် ရွာမှာရှိတဲ့လူတွေအားလုံးကိုဖမ်းသွားတယ်။ နောက်တစ်ရွာရောက်ရင် ပြန်လွတ်ရင်လွတ် မလွတ်ရင်ထပ်ခေါ်သွားတယ်။ ဆိုတော့ တိုက်ပွဲဖြစ်နေတဲ့ကာလမှာ ပြည်သူတွေ ဘာမှမလုံခြုံမှု၊ အချိန်မရွေးအကြောင်းပြချက်မရွေး အကြောင်းမပြချက်မရှိပဲနဲ့လည်း ဖမ်းခံရနိုင်တယ် ” ဟု ဆိုသည်။

ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင်လည်း ထားဝယ်မြို့နယ် အရှေ့တောဒေသတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး စာသင်ကျောင်းအဆောက်အအုံအချို့ ထိမှန်ပျက်စီးခဲ့သည်။

စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် မြေပြင်တပ်များအထိနာ တိုင်းလေကြောင်းပစ်ကူရယူကာ တန်ပြန်တိုက်ခိုက်သည့်ဗျူဟာကို ပိုမိုကျင့်သုံးလာနေကြောင်းနှင့် ထားဝယ်မြို့နယ်အတွင်း ဧပြီ ၁၉ ရက်နေ့မှစ၍ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်နေ့စဉ်ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်အရင်းမြစ်တို့မှ သိရသည်။

မတ်လတွင် တနင်္သာရီတိုင်းအတွင်း၌ တိုက်ပွဲ ၃၄ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သလို မိုင်းဆွဲတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့သည့်အတွက် စုစုပေါင်းထိတွေ့မှု ၃၉ ကြိမ်ထက်မနည်းရှိခဲ့သည်။

တနင်္သာရီတိုင်းတွင် မတ်လအတွင်း စစ်ကောင်စီတပ်တို့ ကုန်သွယ်ရေးလမ်းမကြီးဘက်သို့ ဆက်တိုက်စစ်ကြောင်းထိုးခြင်း၊ ရေနက်ဆိပ်ကမ်းဧရိယာ်များကို စစ်ကြောင်းထိုးနေမှုတို့ကြောင့် တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်း ရေကြောင်းမှ တိုက်ခိုက်မှုနှင်း ဖမ်းဆီးသတ်ဖြတ်မှုတို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုတို့ပိုမိုများပြားလာခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts