မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာနေ အသက် ၆၃ နှစ်အရွယ် ဦးမောင်ဇံဆိုသူသည် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က ရွှေလှေကျေးရွာဘက်မှ နှင်းပုလဲကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် လမ်းတွင် အသင့်စောင့်နေသည့် သေနတ်သမားတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ဦးမောင်ဇံမှာက ညာဘက်လက်မောင်းမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်ပြီး ဆိုင်ကယ်တိမ်းမှောက်တဲ့ ဒဏ်ရာတွေလည်း ရရှိခဲ့ပါတယ်။ အသက် အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
သေနတ်ထိမှန်ဒဏ်ရာအပြင် ဆိုင်ကယ်တိမ်းမှောက်ဒဏ်ရာရရှိခဲ့သည့် ဦးမောင်ဇံသည် ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်ဟုလည်း ဆိုသည်။
ဦးမောင်ဇံကို မည်သည့်လက်နက်ကိုင်က မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ကို မသိရှိရသေးကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။
ယခုဧပြီလအတွင်း မွန်ပြည်နယ်တွင် ပစ်ခတ်သတ်ဖြတ်ခံရမှု မကြာခဏဖြစ်ပွားနေပြီး ဧပြီလ ၁ ရက်နေ့က ရေးမြို့နယ် ကျောင်းရွာကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရသလို ဧပြီလ ၂ ရက်နေ့က ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာနေ လူငယ်တစ်ဦးနှင့် ဧပြီလ ၄ ရက်နေ့က စွပ္ပနူးကျေးရွာအနီး ငါးကန်လုပ်ငန်းရှင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။