spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့ပေါ်တွင် Starlink ဆက်သွယ်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာ

    ဘုရားသုံးဆူမြို့ပေါ်တွင် Starlink ဆက်သွယ်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာ

    -

    ကရင်ပြည်နယ်၊ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် လက်ရှိမြန်မာနှင့်ထိုင်းမှ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတို့ ပြတ်တောက်နေစဉ် Starlink အင်တာနက် ဝိုင်ဖိုင်စက်များကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြကြောင်း မြို့ခံသတင်းအရင်းအမြစ်များအရ သိရသည်။

    ဘုရားသုံးဆူနယ်စပ်မြို့ကို ပြီးခဲ့သည့်ဖေဖော်ဝါရီ ၅ ရက်နေ့မှစ၍ ကျားဖြန့်နှိမ်နင်းရေးကိစ္စကြောင့် ထိုင်းနိုင်ငံမှ လျှပ်စစ်၊ အင်တာနက်နှင့် စက်သုံးဆီအပါအဝင် ဆက်သွယ်ရေးလိုင်းတို့ကို စတင်ဖြတ်တောက်ထားစဉ် မြန်မာဘက်မှ (Atom) ဖုန်းလိုင်းရရှိနေသော်လည်း မတ်လလယ်ပိုင်းမှစ၍ ဒေသခံတို့ ဆက်သွယ်ရေးဖုန်းလိုင်းအားလုံး လုံးဝပြတ်တောက်ခဲ့သည်။

    မြို့ခံပြည်သူတို့၏ ပြောပြချက်အရ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် DKBA မှ ၎င်းတို့နှင့် နီးစပ်သူတို့ကို Starlink စက်များ တပ်ဆင်ပေးနေသည့်အပြင် တပ်ဆင်ခဘတ် ၅၀၀၀ နှင့် လစဉ်ကြေး ၅၀၀ ပေးဆောင်ပါက မည်သည့်နေရာတွင်မဆို တပ်ဆင်နေပြီးဖြစ်သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

    “ Starlink WiFi တွေကိုမြို့မှာ လိုက်တပ်ပေးနေတယ် တပ်ဆင်ခ တလုံးဘတ် 5000 လစဉ်ကြေး တလဘတ် 500နဲ့ ပေးရမယ် Starlink ကမှာလို့ရတယ် ပိုက်ဆံရှိရင်ရပြီး” ဟု ၎င်းကပြောသည်။

    ဝယ်ယူရရှိရန်ခက်ခဲသည့် အဆိုပါ wifi စက်ကို လက်ရှိဘုရားသုံးဆူမြို့ပေါ်တွင် ရုံး၊ လူနေအိမ်နှင့် စားသောက်ဆိုင်တို့တွင်သာမက အခြေခံလူတန်းစား ရပ်ကွက်တို့တွင်လည်း တပ်ဆင်ပြီး မျှဝေသုံးစွဲလျှက်ရှိသည်။

    တရားမဝင် နယ်စပ်လမ်းမှတစ်ဆင့် တင်သွင်းနေသည့် Starlink စက်တို့ကို လောင်းကစားများနှင့် အွန်လိုင်းရာဇဝတ်မှုများအတွက် အသုံးပြုနိုင်သည်ဟုဆိုကာ ထိုင်းအာဏာပိုင်တို့မှ တင်သွင်းမှုကို မကြာခဏဖမ်းဆီးလေ့ရှိသော်လည်း ဘုရားသုံးဆူမြို့ပေါ်သို့ မည်သည့်အတွက်ကြောင့် သုံးစွဲမှုများလာသည်ကို မသိရှိကြောင်းလည်း သတင်းအရင်းအမြစ်တစ်ဦးကဆိုသည်။

    သို့သော် starlink တပ်ဆင်ပေးနေသည့်ကိစ္စကို မသိရှိကြောင်းနှင့် DKBA မှ ထိုသို့စီစဉ်လုပ်ဆောင်ပေးခြင်း မဖြစ်နိုင်ကြောင်း DKBA မှ တာဝန်ရှိသူတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

    "အဲတာတော့ အထက်တာဝန်ရှိသူတွေကို မေးမှသိနိုင်မှာပေါ့နော်၊ ကျနော်သိရသလောက်က starlinkတွေ ဘာညာစီစဉ်ပေးဖို့က စက်တစ်လုံးလုံးဝယ်ဖို့က လွယ်တာမှ မဟုတ်တာနော်၊ ကျနော်ထင်တယ် အဲတာတွေမဟုတ်လောက်ဘူး"ဟု တာဝန်ရှိသူက ဆိုသည်။

    ထို့အပြင် မြန်မာဆက်သွယ်ရေးလိုင်းဖြစ်သည့် Atom ကိုလည်း DKBA ၏ စီးပွားရေးကန်ထရိုက်အဖွဲ့တို့မှ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟုလည်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

    လက်အချိန်အထိ ဘုရားသုံးဆူဒေသခံတို့ ဖုန်းလိုင်းနှင့် အင်တာနက်ရရှိမှု ပိုမိုဆိုးရွားလာနေသဖြင့် ဆက်သွယ်ရေးအခက်အခဲကြောင့် ထိုင်းနိုင်အတွင်း နေထိုင်ခွင့်ကဒ်ရှိသည့် ဒေသခံတို့ ထိုင်းနိုင်ငံ စခလပူရီဘက်သို့ ရွှေ့ပြောင်းနေထိုင်ရန် စီစဉ်နေသူတို့ရှိကြောင်းလည်း ဆက်ပြောသည်။

    တစ်ဖက်တွင်လည်း ဘုရားသုံးဆူမြို့နှင့် ဝေးလံသည့်နေရာတွင် ကျန်ရှိနေသည့် တရုတ်နိုင်ငံသားတို့မှ starlink ဆက်သွယ်ရေးစနစ်ကိုအသုံးပြုကာ ၎င်းတို့လုပ်ငန်းဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်နိုင်ကြောင်း ဘုရားသုံးဆူဒေသတွင်း လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူတို့ ခန့်မှန်းပြောဆိုလျှက်ရှိသည်။

    Starlink သည်တကမ္ဘာလုံးအတိုင်းအတာဖြင့် အင်တာနက်အသုံးပြုနိုင်ရန်ရည်ရွယ်ကာ အမေရိကန် အာကာသယာဉ်ကုမ္ပဏီ Space X မှ ထုတ်လုပ်ထားသည့် ဂြိုဟ်တု အင်တာနက်ကွန်ရက်စနစ် တစ်ခု ဖြစ်ပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံကျော်အတွက် ဂြိုဟ်တုအင်တာနက်အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks