spot_img
Monday, April 7, 2025
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ဆူနာမီဘေးမှ အာချေးပဋိပက္ခပြေလည်မှုနဲ့ မြန်မာ့ကပ်ဘေးသို့ မျှော်ကြည့်ခြင်း

    ဆူနာမီဘေးမှ အာချေးပဋိပက္ခပြေလည်မှုနဲ့ မြန်မာ့ကပ်ဘေးသို့ မျှော်ကြည့်ခြင်း

    -

    နိဒါန်း

    လွတ်လပ်ရေးနှင့်အတူ လက်နက်ကိုင်ပဋိပက္ခ နှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့သည့် မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေး၏ အနှစ်သာရ အသီးအပွင့်တို့ကို ပြည်သူတို့ ခံစားရခြင်း မရှိခဲ့ပေ။ ပြည်တွင်းစစ်မီး ရှည်ကြာစွာ ခံစားနေကြရပြီး လက်ရှိတွင် သဘာဝကပ်ဘေးများပါ ကြုံတွေ့နေကြရသည်။

    ကပ်ဘေးများသည် သဘာဝဘေးဖြစ်သည့်အားလျော်စွာ ကြိုတင်ကာကွယ်မှု၊ ပြင်ဆင်မှုများ လုပ်ဆောင်နိုင်ပြီး လူက ဖန်တီးသော စစ်ဘေးသည် ဖြေရှင်း၍ ရသော ပြဿနာဖြစ်သည်။ ထို့ကြောင့် ပဋိပက္ခပြေလည်ရေး မည်သို့ချဉ်းကပ်မည်နည်း။ အဆက်ဆက်က ငြိမ်းချမ်းရေးရရှိရန် လုပ်ဆောင်ခဲ့ကြပြီး အောင်မြင်မှုများ ရှိသကဲ့သို့ ရှေ့ဆက်မရဘဲ ရန်တန့်မှုများလည်း ရှိခဲ့သည်။

    အောင်မြင်ခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်များမှ အင်ဒိုနီးရှားအစိုးရ နှင့် အာချေးခွဲထွက်ရေး လှုပ်ရှားမှုကို ဦးဆောင်သော (Free Ache Movement – GAM) အဖွဲ့တို့၏ ဖြစ်စဉ်နှင့် လက်ရှိ မြန်မာ့ငလျင်ကပ်ဘေးသို့ နှိုင်းယှဉ်ကြည့်မည်။

    အာချေးဒေသရဲ့ ပဋိပက္ခနောက်ခံသမိုင်း

    အင်ဒိုနီးရှားနိုင်ငံ လွတ်မြောက်ရေးအတွက် အာချေးဒေသခံပြည်သူတို့ ပါဝင်ပြီး ဒတ်ချ်ကိုလိုနီတို့ကို တိုက်ခိုက်ခဲ့ကြပါသည်။ လွတ်လပ်ရေး ရရှိပြီးနောက် အာချေးဒေသက ပြည်သူတို့ မျှော်မှန်းထားသည့် ခွဲထွက်ခွင့် သို့မဟုတ် လွတ်လပ်သော ကိုယ်ပိုင်နိုင်ငံထူထောင်ခွင့်တို့မှာ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပေ။

    ၁၉၇၀ ဝန်းကျင်မှာ အမေရိကန် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီမှ အင်ဒိုနီးရှားအစိုးရနှင့် အာချေးဒေသတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် သဘောတူညီချက်ကို အာချေးဒေသခံ ပြည်သူတို့ မကျေနပ်ခဲ့ပေ။ ထို့နောက် ၁၉၇၆ မှာ အာချေးဒေသအတွင်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာချေးခွဲထွက်ရေး လှုပ်ရှားမှုကို ဦးဆောင်သော (Free Ache Movement – GAM) အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။

    Free Ache Movement – GAM အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံမှ ခွဲထွက်ကာ လွတ်လပ်သော အာချေးနိုင်ငံ ထူထောင်ရေး ကြိုးပမ်းခဲ့ပြီး အစိုးရတပ်နှင့် နှစ်ပေါင်း ၃၀ ကြာမြှင့်သည်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ စစ်ပွဲကာလအတွင်း နှစ်ဖက်တပ်ဖွဲ့မှ လူဦးရေ စုစုပေါင်း ၃ သောင်းခန့် သေဆုံးနိုင်သည်ဟု ခန့်မှန်းကြသည်။

    ၂၀၀၄ ခုနှစ်မှာ ဆူနာမီ ဖြစ်ပွားခဲ့ကာ အင်ဒိုနီးရှားပြည်သူ သန်းပေါင်းများစွာ ထိခိုက်ခံစားခဲ့ရပြီး နိုင်ငံတကာ အသိုက်အဝိုင်းက ပိုမိုအာရုံစိုက်လာကြသလို အာချေးစစ်ပွဲနှင့် ပတ်သက်၍လည်း စောင့်ကြည့်မှုများ ရှိခဲ့သည်။ ထို့နောက် အာချေးဒေသ ခွဲထွက်ရေး လှုပ်ရှားသော Free Ache Movement – GAM အဖွဲ့သည် ပဋိပက္ခပြေလည်ရေး လမ်းကြောင်းပေါ် ရောက်ရှိလာခဲ့ပြီး ငြိမ်းချမ်းရေး ရရှိခဲ့သည်။

    မြန်မာနိုင်ငံ ငလျင်ကပ်ဘေး

    နယ်စပ်ဒေသမှာ သာမက ပြည်မဒေသများအထိ လက်နက်ကိုင်ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်မှာ ပြင်းအား ၇.၇ ရစ်ချ်စတာစကေးရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲပြီး နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး နှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသများတွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

    အဆိုပါ ငလျင်ကပ်ဘေးကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး နေအိမ်တိုက်တာ၊ လမ်းတံတား၊ ဘာသာရေး အဆောက်အအုံများစွာ ပျက်စီးခဲ့သည်။ ထို့နောက် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သော တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့် နိုင်ငံများအပြင် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးက လာရောက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ် အထောက်အပံ့ပစ္စည်းများ ကူညီခဲ့ကြသည်။

    ပြည်တွင်းရှိ အရပ်ဖက်အဖွဲ့အစည်းတွေ အနုပညာရှင်တွေအပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေလည်း ငလျင်ဘေးသင့်ပြည်သူလူထုအတွက် ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

    ယာယီအပစ်ရပ်ဆဲမှု ကြေညာခြင်း

    ငလျင်ဘေးဒဏ်သင့်ပြီးနောက် အရပ်ဖက်အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီအချို့က လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲများကို ယာယီရပ်ဆိုင်းပေးရန်၊ ငလျင်ဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ရာမှာ ကန့်သတ်မှုများ မလုပ်ရန် တောင်းဆိုခဲ့ကြသည်။

    ငလျင်ဘေးသင့်ခဲ့သော စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို မတ်လ ၃၀ မှစ၍ နှစ်ပတ်ကြာရပ်နားထားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာသည်။

    အလားတူ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သော AA-TNLA-MNDAA တို့ကလည်း ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် နေရာများမှ ထိုးစစ်များကို ဧပြီလ တစ်လတာ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

    စစ်ကောင်စီကလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုကို စာနာထောက်ထားနား၍ လည်းကောင်း၊ ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန် နှင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလဟု ထုတ်ပြန်ခဲ့သည်။

    အပစ်ရပ်ကြေညာပေမယ့် တိုက်ပွဲများ ဆက်ရှိနေ

    ငလျင်စတင် လှုပ်ခတ်သည့် မတ်လ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့သည်။

    အပစ်ရပ်သည်ဟု ကြေညာထားသော စစ်ကောင်စီသည် ရခိုင်၊ ကချင်၊ ရှမ်းမြောက် နှင့် စစ်ကိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ နီးပါး လုပ်ဆောင်ခဲ့သည်။ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု နှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ၏ အပစ်ရပ်မှုမှာ ပျက်ပြယ်သွားပြီဟု ဆိုနိုင်ပါသည်။

    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငလျင်ဘေးဖြစ်ပွားနေချိန် တိုက်ပွဲဖော်ဆောင်ခြင်း မရှိပေမယ့် စုဖွဲ့မှု နှင့် လေ့ကျင့်မှုများ ဆောင်ရွက်နေခြင်းကြောင့် လေကြောင်းနှင့် တိုက်ခိုက်ခြင်းဟု စစ်ခေါင်းဆောင်က အကြောင်းပြသည်။

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက် နံနက် ၆ နာရီခန့်တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်ရဲစခန်းမှ တင့်ကား ၂ စီးနှင့် စစ်ကြောင်းထိုးခြင်းကြောင့် မြေသန့်တောင်၊ မအူပင်၊ ကြအိုကျေးရွာက ပြည်သူ ၂၀၀၀၀ ခန့် စစ်ဘေးရှောင်နေရသည်ဟု NUG က ဆိုသည်။

    သဘောဝဘေးအမျိုးမျိုးကြုံရပေမယ့် အာချေးဒေသလို ငြိမ်းချမ်းရေး မရနိုင်

    မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော ပြည်တွင်းစစ်မှာ နှစ်ပေါင်း ၇၀ ကျော်လာသော်လည်း ပြေလည်နိုင်ခြင်း မရှိပေ။ ဦးသိန်းစိန်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရလက်ထက်များတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှိခဲ့သော်လည်း ပြည်တွင်းပဋိပက္ခကို အဆုံးသတ်ပေးနိုင်ခြင်း မရှိတာကို တွေ့ရသည်။

    အဆိုးဆုံး အခြေအနေမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာသော စစ်ပွဲများအတွင်း မြန်မာနိုင်ငံသားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ မြောက်များစွာ ပျက်စီးခဲ့ရသည်။

    ထို့နောက် Covid-19 ကပ်ရောဂါဘေး၊ ၂၀၂၃ ခုနှစ်က မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်က ယာဂီမုန်တိုင်းဘေး နှင့် လက်ရှိ ငလျင်ကပ်ဘေး စသဖြင့် သဘာဝဘေးအမျိုးမျိုးကို မြန်မာနိုင်ငံသားတို့ ရင်ဆိုင်ကြုံတွေ့ ခံစားကြရသည်။

    အာချေးဒေသ ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် မြန်မာပြည်ဖြစ်စဉ်က မတူညီဘဲ ယင်းအချိန်တုန်းက အင်ဒိုနီးရှားအစိုးရသည် လူထုကိုယ်တိုင်ရွေးချယ်ထားသော အစိုးရဖြစ်သလို စစ်ကောင်စီကဲ့သို့ အာဏာသိမ်း အဖွဲ့အစည်း မဟုတ်ကြောင်း တော်လှန်ရေးသမားတစ်ဦး ပြောသည်။

    ထို့အတူ အစိုးရတို့သည် ပြည်သူလူထုအတွက် ဦးတည်ကာ စေတနာမှန်မှန် နှင့် ဆွေးနွေးကြရခြင်းဖြစ်ပြီး မြန်မာပြည်၏ ခေတ်အဆက်ဆက် အုပ်ချုပ်သူများက ၎င်းတို့၏ အကျိုးစီးပွား နှင့် အာဏာတည်တံ့ရန် အတွက်သာ ဦးတည်သည်ဟု ၎င်းက ဆက်ပြောသည်။

    ကပ်ဘေးအမျိုးမျိုးကို မြန်မာနိုင်ငံသားတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့် လုံလောက်သည့် အကာအကွယ် ပေးမှုများ၊ ပြန်လည်ထူထောင်ရေးများတွင် အာဏာပိုင်အဖွဲ့အစည်း အဆက်ဆက်တို့က ထိရောက်သော အကူအညီပေးမှုများ မလုပ်ဆောင်နိုင်ခဲ့ပေ။

    ပဋိပက္ခပြေလည်ရေး တတိယအဖွဲ့ (Third Party) ပေါ်လာမလား

    အင်ဒိုနီးရှားအစိုးရ နှင့် Free Ache Movement – GAM လက်နက်ကိုင်အဖွဲ့ကြားမှာ နိုင်ငံတကာက ကြားဝင်ဖျန်ဖြေမှုနှင့်အတူ ၂၀၀၅ ခုနှစ်တွင် ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီမြို့မှာ စတင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တစ်လ ၁ ကြိမ် ဆွေးနွေးပွဲ ပြုလုပ်ပြီး ၈ လကျော်အကြာမှာ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

    လက်ရှိ မြန်မာ့လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများသည် တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းရေးထက် တစ်ဖက်နှင့် တစ်ဖက် အပြုတ်တိုက်ရေးသာ ဦးတည်နေသည်ကို တွေ့ရသည်။ ယခု အခြေအနေမျိုးတွင် ပြည်တွင်းက အဖွဲ့အစည်းများ အနေဖြင့် ပြဿနာ ပြေလည်ရေး ကြားဝင်စေ့စပ်ပေးနိုင်ရန် မလွယ်ကူပေ။ လက်ရှိ အခြေအနေအရ နှစ်ဖက်အဖွဲ့အစည်း လက်ခံနိုင်မည့် အဖွဲ့အစည်းမျိုး မတွေ့ရသေးသလို အားပြိုင်မှု အပြင်းထန်ဆုံး အခြေအနေတွင် ရှိနေသည်။

    ဒါ့အပြင် ကမ္ဘာ့အင်အားကြီး နိုင်ငံများ ဖြစ်တဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယတို့က မြန်မာ့နိုင်ငံရေး အခင်းအကျင်းများတွင် ပါဝင်ပတ်သက်နေသော်လည်း မြန်မာ့ငြိမ်းချမ်းရေးအတွက် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ရန် ကြိုးပမ်းခြင်းမျိုး မတွေ့ရပေ။

    ဆူနာမီဘေးမှ အာချေးပဋိပက္ခပြေလည်မှု လမ်းကြောင်းပေါ် ရောက်ရှိလာကာ ငြိမ်းချမ်းရေး သဘောတူညီမှုရပြီး နောက်ဆက်တွဲအနေဖြင့် လုံခြုံရေးကဏ္ဍတွင် Free Ache Movement – GAM အဖွဲ့မှ လက်နက်စွန့်ခြင်း၊ အင်ဒိုနီးရှား အစိုးရတပ်ဖွဲ့များ အာချေးဒေသမှ ဆုတ်ခွာခြင်းများကို သဘောတူညီချက် အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

    မြန်မာပြည်တွင် လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဆုတ်ခွာရေးများ မဆိုနှင့် ငလျင်ဘေးဒဏ်သင့်နေသော ပြည်သူတို့အတွက် ကူညီကယ်ဆယ်ရေး လုပ်နေရမည့်အချိန်တွင် ယာယီအပစ်အခတ် ရပ်စဲရေးပင် မလိုက်နာနိုင်ကြပေ။

    ငြိမ်းချမ်းရေးကာလဟု ဆိုနိုင်သည့် ဦးသိန်းစိန်အစိုးရ နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရခေတ်တွင် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များ၊ စစ်တပ်၊ အစိုးရ တို့အကြား လုံခြုံရေးကဏ္ဍပြုပြင် ပြောင်းလဲရေး (SSR)၊ တပ်များ ပြန်လည်ပေါင်းစည်းခြင်း (DDR) စသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသော်လည်း လက်ရှိ DDR၊ SSR ဆိုသော အသုံးအနှုန်း ပြောဆိုသံပင် မကြားမိတော့ပေ။

    ငလျင်ဘေးမှသည် ယာယီအပစ်အခတ်ရပ်စဲရေး၊ ထိုမှတဆင့် ရှေရည်တည်တံ့သော ငြိမ်းချမ်းရေး ဖန်းတီးနိုင်မည်ဆိုပါက ပြည်သူတို့အတွက် မည်မျှပင် ကောင်းမည်နည်း။ သို့သော် ဖြစ်နိုင်ချေ အင်မတန် နည်းသည်။

    နိဂုံး

    ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသည် ခက်ခဲရှည်ကြာပြီး မအောင်မြင်နိုင်သေးသော လုပ်ငန်းစဉ်တစ်ခု အဖြစ် တည်ရှိနေခဲ့သည်။ ပြည်တွင်းစစ်နှင့် မြန်မာပြည်သားတို့သည် နိစ္စဓူဝ ကြုံတွေ့ခံစားနေကြရသော အခြေအနေမျိုး ဖြစ်နေပြီး စစ်ပွဲ နှင့် ပြည်သူတို့သည် နေသားကျလာသော သဘောပင် ဖြစ်နေပါသည်။

    နှစ်ပေါင်းများစွာ ကြုံတွေ့ခံစားလာရသော စစ်ဘေးဒဏ်ကြားတွင် သဘာဝဘေးဒဏ်၏ ရိုက်ခတ်မှုပါ ထပ်မံကြုံတွေ့ရပြီး ပြည်သူတို့၏ ဘဝသည် အလူးအလိမ့်ပင် ဖြစ်သည်။

    ပြည်သူလူထုတို့ ကြုံတွေ့ခံစားနေရသော ဘေးဒုက္ခအမျိုးမျိုး အတွက် ဖြေရှင်းနိုင်ရေးသည် လက်နက်ကိုင် ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းတိုင်းတွေ တာဝန်ရှိသည်ဟု ဆိုနိုင်သည်။

    ထို့အတူ ပဋိပက္ခဖြေရှင်းနိုင်ရေးသည် လက်နက်ဖြင့် အဆုံးအဖြတ် လုပ်မည်လော သို့မဟုတ် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြမည်လော။ မည်သို့သော လမ်းကြောင်းများသည် ငြိမ်းချမ်းရေးရရှိရန် အကောင်းဆုံးဖြစ်မည်နည်း။ မည်သို့သော ချဉ်းကပ်မှုမျိုးဖြင့် ပြည်တွင်းစစ်ကို အဆုံးသတ်မည်နည်း။ ပြည်သူလူထုတို့ကိုယ်၌သည်လည်း ရွေးချယ်ဆုံးဖြတ်ကြရပေလိမ့်မည်။

    ထိုသို့ ငြိမ်းချမ်းရေးရရှိရန် လုပ်ဆောင်ရာတွင် နိုင်ငံရေး၊ သံတမန်ရေး၊ ကြားဝင်ဖျန်ဖြေခြင်း၊ တွေ့ဆုံဆွေးနွေးမှုများ နှင့် လူထုဆန္ဒထုတ်ဖော်ခြင်းတို့ ပါဝင်ပြီး တစ်ဘက်နှင့်တဘက် အလျော့အတင်း၊ အပေးအယူများဖြင့်လည်း ပြေလည်နိုင်သည်။

    မည်သို့ပင်ဆိုစေ မြန်မာပြည်သားတို့သည်လည်း ငြိမ်းချမ်းသော တိုင်းပြည်၊ ဖွံ့ဖြိုးတိုးတက်၍ လွတ်လပ်သော၊ လုံခြုံသော စသည့် ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်၏ ငြိမ်းချမ်းရေး အသီးအပွင့်များကို ခံစားထိုက် ပေသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,800SubscribersSubscribe
    spot_img

    Latest posts