Homeသတင်းကျိုက်ထိုတွင် နှစ်ရက်အတွင်း အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရ

ကျိုက်ထိုတွင် နှစ်ရက်အတွင်း အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နှစ်ရက်အတွင်း အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ အသက် ၂၀ နှစ်ခန့်အရွယ် မောင်သီဟစိုးဆိုသူသည် ဧပြီလ ၂ ရက်နေ့က ၎င်း၏နေအိမ်တွင် တည်ရှိနေစဉ် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်ဟု ဆိုသည်။

“မောင်သီဟစိုး အသတ်ခံရတာက သမီးရည်းစားကိစ္စကြောင့်လို့ပြောနေကြတယ်။ ဒါပေမယ့် ဘာကြောင့် အသတ်ခံရလဲတော့ တိတိကျကျ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မောင်သီဟစိုးကို မည်သူက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်ကို မသိရသေးကြောင်း ပစ်သတ်ခံခဲ့ရသည့် မောင်သီဟစိုး၏ ရုပ်အလောင်းကို ဒေသခံတို့က ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အလားတူ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းကလည်း ကျိုက်ထိုမြို့နယ် စွပ်ပနူးကျေးရွာ သုဿန်အနီးတွင် ငါးကန်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အသက် ၅၀ နှစ်အရွယ် ဦးကျော်အောင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတို့၏ ပြောကြားချက်အရ သိရသည်။

ဦးကျော်အောင်ကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။

ကျိုက်ထိုမြို့နယ်အတွင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံတို့က ပြောသည်။

မတ်လ ၃၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနီး ရန်ကုန် – ‌မော်လမြိုင်ကားလမ်းဘေးရှိ PUMA စက်သုံးဆီအရောင်းဆိုင်အနီးတွင် မရမ်းချောင်းကျေးရွာနေ ကိုလင်း (ခ) အညာသား ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts