spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းယာယီအပစ်ရပ်ထားသည့် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလိန်ပဒေါကျေးရွာမှ အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

    ယာယီအပစ်ရပ်ထားသည့် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလိန်ပဒေါကျေးရွာမှ အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကလိန်ပဒေါကျေးရွာကို ယာယီအပစ်ရပ်ထားသည့် စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင် သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ယမန်နေ့ ဧပြီလ ၅ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ကလိန်ပဒေါကျေးရွာ သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နေအိမ်တစ်လုံး မီးလောင်ပျက်ဆီးခဲ့ကာ အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

    “မနေ့က ညနေအချိန်လောက်မှာ ကလိန်ပဒေါကျေးရွာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံလိုက်ရတယ်။ နေအိမ်တစ်လုံးတော့ မီးလောင်သွားတယ်။ ပြီးတော့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကလည်း ဒဏ်ရာရသွားတယ်” ဟု ဒေသတွင်း သတင်းအရင်းအအမြစ်တစ်ဦး က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါလက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦးက ညာလက်ဖဝါးနှင့် ဝမ်းဗိုက်အား ထိမှန်ခဲ့ပြီး အမျိုးသမီးတစ်ဦးကလည်း ဘယ်လက်နှင့် ညာခြေထောက်တို့ ထိမှန်သွားခဲ့ကြောင်း သိရသည်။

    ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင် ရန် တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ယာယီအပစ်ရပ် မည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထားသော်လည်း အယုံအကြည်မရှိကြောင်း ကော့ကရိတ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

    “အပစ်ရပ်ဖို့ စာထုတ်ထားကြပေမဲ့ စကစကတော့ သူ့အလုပ်သူ့ပုံမှန် လုပ်နေတာပဲလေ။ အယုံအကြည် မရှိဘူး။ အခုတောင် ကျနော်တို့ နေရာတွေကို ဒရုန်းနဲ့ လာပတ်ကြဲတာမျိုး လုပ်နေတုန်းပဲ။ လုံးဝငြိမ်နေတာမျိုးတော့ မရှိနေဘူးဗျ” ဟု အထက်ပါ တော်လှန်ရေးရဲဘော်က ပြောသည်။

    သဘာဝကပ်ဘေးဒဏ် ခံစားနေရချိန်တွင် တော်လှန်ရေးတပ်များအနေဖြင့် အပစ်ခတ်ရပ်စဲထား သော်လည်း စစ်ကောင်စီက ၎င်းတို့ အပစ်ရပ်သည်ဟု ထုတ်ပြန်ထားသော်လည်း လိုက်နာခြင်း မရှိဘဲ ပုံမှန်အတိုင်း လုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် သတိပြုနေထိုင်သွားကြရန် တော်လှန်ရေးအဖွဲ့ တို့က တိုက်တွန်းပြောဆိုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks