ငလျင်ကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင် ပြိုကျရာတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အကျဉ်းသားများ ဆေးကုသခွင့် ကန့်သတ်ခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်လာသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသမီးအဆောင် (၁)/(၂) နှင့် အမျိုးသမီးဆေးရုံဆောင်များ ပြိုကျပျက်ဆီးခြင်းနှင့်အတူ အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။

ငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်မှ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ကျား/မအတည်ပြုရန်လိုအပ်နေဆဲ ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးမှုရှိကြောင်း အတည်ပြုထားသည်ဟု PPNM ထုတ်ပြန်ထားသည်။
၎င်းပြင် ငလျင်ကြောင့် ပြင်းထန်ထိခိုက်ဒဏ်ရာကြောင့် စိုးရိမ်ရသူ ၉ ဦးရှိပြီး၊ ဆေးရုံတက်ရန်လိုအပ်သူ ၄၀ ကျော်ရှိသည်ဟုလည်း ဆိုသည်။
ထိခိုက်ဒဏ်ရာရသူအချို့သည် အကျဉ်းထောင်တွင် ဆေးကုသရန် မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရသူ များစွာရှိသည်ဟု PPNM က ဆိုသည်။
၎င်းပြင် ထိခိုက်ဒဏ်ရာရရှိသူများသည် မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့်အခြေအနေနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည်။
လက်ရှိ အကျဉ်းထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ ဂွမ်း၊ အနာကျက်ဆေးရည်၊ ပတ်တီး စသည့် ဆေးဝါးပစ္စည်းများ လိုအပ်လျှက်ရှိသည်ဟုလည်း PPNM က ထုတ်ပြန်ထားသည်။






