ငလျင်ဒဏ်အပြင်းအထန်ကြုံခဲ့ရသည့် စစ်ကိုင်းမြို့ အရှေ့ပိုင်း၊ ရန်နိုင်ရပ်ကွက်မှ ငလျင်ဘေးသင့်ဒသခံပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ရှိနေသည်ဟု သတင်းအရင်းအမြစ်များအရ သိရသည်။
ဝမ်းရောဂါဖြစ်ပွားမှု ၅ ဦးခန့်သာရှိသေးသော်လည်း လက်ရှိ နေရာထိုင်ခင်း အခြေအနေကြောင့် ရောဂါပျံ့နှံ့မည်ကို ကျန်းမာရေးတာဝန်ရှိသူတို့က စိုးရိမ်နေကြသည်ဟု စစ်ကိုင်းမြို့အတွင်းရောက်ရှိနေသည့် ကယ်ဆယ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“အသိအဖွဲ့တွေပြောတာတော့ ကြားတယ်။ ဖြစ်တာတော့ဖြစ်နေကြတယ်။ ဒါမဲ့ ကျွန်တော်တို့က မန္တလေးမှာဆိုတော့ ကိုယ်တိုင်မတွေ့ရဘူးလေ။ တစ်ဆင့်ပြောသံတော့ကြားတယ်။ ပြီးတော့ ပိုးကိုက်တာတွေရောပဲ” ဟု ပြောသည်။

ဝမ်းရောဂါအပြင် အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ အင်းဆက်ပိုးမွှားကြောင့်ဖြစ်သည့် ငှက်ဖျားနှင့် အခြားကူးစက်ရောဂါများ ငလျင်သင့်ဒေသများတွင် ကူးစက်မှုဖြစ်ပွားနေကြောင်း သတင်းဌာနတို့ရေးသားချက်အရ သိရသည်။
ထို့ကြောင့် ဓာတ်ဆားထုတ်များ၊ အားဆေးများလိုအပ်နေပြီး အလှူရှင်များအနေဖြင့်လည်း ဆေးဝါးများ အဓိကထားလှူဒါန်းပေးကြပါရန် အထက်ပါသူက ဆက်ပြောသည်။
ငလျင်ဒဏ်ခံရပြီးနောက် ဒဏ်ရာ၊ အနာတရများကို ရောဂါပိုးဝင်ရောက်ခြင်းမှကာကွယ်ရန် အရေးပေါ်ကုသမှုခံယူရန်နှင့် အခြားကူစက်ရောဂါများ ကာကွယ်နိုင်ရန် ရေကိုကျိုချက်သောက်သုံး၍ သန့်ရှင်းသည့် စားအသောက်တို့ကို စားသုံးရန် စစ်ကောင်စီကျန်းမာရေးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ တိုက်တွန်းထားသည်။
နိုင်ငံတစ်ဝန်း ငလျင်ဒဏ်အပြင်းအထန်ကြုံတွေ့ခဲ့နေရသည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်စသည်တို့တွင် ဧပြီလ ၂ ရက်နေ့ ယနေ့ ၆ ရက်မြောက်နေ့အထိ ပျောက်ဆုံးနေသူတို့ကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
ယနေ့အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း မလုပ်ဆောင်နိုင်သေးသည့်နေအိမ်များရှိနေကြောင်းနှင့် အဆောက်အအုံပျက်တို့ လူအများအပြားကျန်ရှိနေသည်ဟု မြေပြင်တွင်ရောက်ရှိနေသည့် ရေးမြို့နယ်မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ခုလက်ရှိက အသက်ရှင်ဖို့လူတွေ အရမ်းနည်းသွားပြီး။ Dead Body တွေပဲ ကျန်တာ များတယ်။ အသက်ရှင်ဖို့ကမလွယ်တော့ဘူးလေ တစ်ပတ်ပြည့်တော့မယ်ဆိုတော့၊ ကျွန်တော်တို့လည်း DB တွေပဲ ထုတ်နေရတယ်။ အချို့ DB တွေဆို ထုတ်ဖို့တောင်မလွယ်ဘူး။ ဟိုးအောက်မှာ ပိညှပ်နေကြတာ ဆိုတော့လေ”ဟု ဆိုသည်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများမှ ကျန်ရှိနေသည့် အလောင်းများကို ရှင်းလင်းရာတွင် အုတ်၊ သံ၊ သွပ်တို့အကြား အထပ်ထပ်ညှပ်နေခြင်းကြောင့် ခေတ်မှီကယ်ဆယ်ရေးစက်ယန္တယား လိုအပ်ချက်ကြောင့် ကူညီကယ်ဆယ်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် သေဆုံးမှုလည်း မြင့်တက်လာနေသည့်အပြင် ပျောက်ဆုံးမှုလည်း များနေသည်ဟု သိရသည်။
ဧပြီလ ၄ ရက်နေ့ ယနေ့ မနက် ၈ နာရီအထိ အဆိုပါပြင်းထန်ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၉၁၁ ဦး၊ ဒဏ်ရာရသူ ၄၅၈၉ ဦးနှင့် ပျောက်ဆုံးနေသူ ၂၂၁ ဦးရှိလာပြီး မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းကာလအဖြစ် စစ်ကောင်စီမှ သတ်မှတ်ထားကြောင်း သိရသည်။







