spot_img
Saturday, July 12, 2025
More
    spot_img
    Homeဆောင်းပါးငလျင်ဘေး စစ်ကောင်စီ ဘယ်လိုစီမံနေလဲ

    ငလျင်ဘေး စစ်ကောင်စီ ဘယ်လိုစီမံနေလဲ

    -

    ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း နေပြည်တော်၊ ရှမ်းပြည်နယ်အပါအဝင် ဒေသ ၆ ခုထက်မနည်းတွက် လူအသေအပျောက်များခဲ့ပြီး ထိခိုက်ပျက်စီးမှုလည်း များခဲ့သည်။

    ငလျင်ဘေးသင့်ဒေသများ စစ်ကောင်စီ၏ ကူညီကယ်ဆယ်မှု ထိထိရောက်ရောက်မရရှိခဲ့သည့်အပြင် ငလျင်လှုပ်ပြီး ရက်သတ္တပတ်ကြာလာသည်အထိ စစ်ကောင်စီ၏ ငလျင်အရေး လုပ်ဆောင်မှုများကို မတွေ့ရသေးပေ။

    ငလျင်ဘေးသင့်ပြည်သူများကို စစ်ကောင်စီက ကူညီကယ်ဆယ်မှုမရှိသော်လည်း ငလျင်ဘေးသင့်နေရာတို့တွင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တို့က လက်နက်ကိုယ်စီဖြင့် လုံခြုံရေး ယူနေကြကြောင်း မျက်မြင်တွေ့ရှိသူတို့က ပြောသည်။

    မန္တလေးမြို့ ငလျင်ဘေးကူညီနေသူ မသူဇာက “မန္တလေးမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတယ်လေ။ အခုဖြစ်တဲ့နေရာတွေက သူတို့နဲ့နီးတယ်။ လပခကနေ ကျုံးအပြင်ထွက်ရင်ကို ရောက်ပြီ။ အဲ့တာကို သူတို့ ရေတစ်ဗူးထွက်မကမ်းပေးခဲ့ဘူး။ အဲ့တာ စဖြစ်တဲ့နေ့ကနော်။ တခြားကယ်ဆယ်ရေးတွေရောက်လာတော့ သူတို့က သေနတ်ကြီးတကားကားနဲ့ လုံခြုံရေးလာယူတယ်။ ဒီအချိန်မှာလိုနေတာ လုံခြုံရေးမှ မဟုတ်တာ။ သူတို့ယူနေတာ ဘယ်သူ့အတွက်လုံခြုံရေးလဲ ကျွန်မတို့အတွက်ဆိုရင်တော့မလိုဘူး။ ကျွန်မတို့ကို ဘယ်သူမှ လာမတိုက်ဘူး” ဟု ပြောသည်။

    ငလျင်စတင်လှုပ်ခတ်သည့်နေ့တွင် မန္တလေးမြို့သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ကြည့်ရှု့ခဲ့သော်လည်း ထိရောက်သည့် ကူညီကယ်ဆယ်မှု မရရှိခဲ့ပေ။

    မန္တလေးမြို့ကဲ့သို့ ငလျင်ဒဏ် အပြင်းအထန်ခံခဲ့ရပြီး လူထိခိုက်မှုသေဆုံးမှုများခဲ့သည့် စစ်ကိုင်းမြို့တွင်လည်း စစ်ကောင်စီက ကူညီကယ်ဆယ်မှု မရရှိခဲ့ပေ။

    အလားတူ ငလျင်ဘေးဒဏ်ခံခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားတွင်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီတာဝန်ရှိသူများ လာရောက်ပြီး ဓာတ်ပုံရိုက် ပြန်သွားကြသည်ဟု ငလျင်ဘေး ကြုံနေရသည့် အစိုးရဝန်ထမ်းတို့က ပြောသည်။

    “စဖြစ်တဲ့နေ့ထဲက ကယ်ဆယ်ရေးက တစ်ဖွဲ့ပဲရှိတယ်။ သေနတ်ကိုင်ထားတဲ့ကောင်တွေတော့ရှိတယ်။ သူတို့က ဘာမှ ဝင်မလုပ်ပါဘူး။ ဟိုမတ်တပ်၊ ဒီမတ်တပ်ပေါ့။ နောက်ပြီး သူတို့ဝန်ကြီးတွေ တလှည့်စီ ဓာတ်ပုံလာရိုက်နေကြတာ၊ ဟိုဝန်ကြီးလာလိုက်၊ အဆင်ပြေလားမေးပြီး ပြန်သွားလိုက်ပဲ။ အခုထိ အလောင်းတောင် အကုန်မထုတ်နိုင်ဘူး” ဟု ဇမ္ဗူသီရိမြို့နယ်မှ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။

    နေပြည်တော် ကောင်စီနေမြေတွင် ငလျင်ကြောင့် ထိခိုက်သေဆုံးသူများ အကုန်မကယ်ထုတ်နိုင်သေးသော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်ရှိ ဘုရားများ ပျက်စီးမှုကို ဝန်ကြီးတစ်သိုက်နှင့် လက်နောက်ပစ်ကာ သွားရောက်ကြည့်ရှု့နေသည်ကို မြဝတီသတင်းတွင် တွေ့မြင်ရသည်။

    တဘက်တွင်လည်း စစ်ကောင်စီတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်ရန်ပုံငွေမရှိပေ။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် သီးသန့်ရန်ပုံငွေ ရှိခဲ့သည့်အပြင် နိုင်ငံတကာက သဘာဝဘေးအတွက် ထောက်ပံ့ပေးထားသည့် ရန်ပုံငွေများလည်း ရှိခဲ့သည်။

    သို့သော် အာဏာသိမ်းထားသည့် စစ်တပ်လက်ထက်မှာတော့ သဘာဝဘေးအတွက် သီးခြားရန်ပုံငွေ မရှိသည့်အပြင် NLD အစိုးရထက်ထက်က ရလာခဲ့သည့် သဘာဝဘေးရန်ပုံငွေများကိုလည်း လယ်ယာစိုက်ပျိုးရေးနှင့် အသေးစား၊ အလတ်စားကုမ္ပဏီများ ဖွံ့ဖြိုးရေးအတွက် စစ်ကောင်စီက ထုတ်ချေးခဲ့သည်။

    စစ်ကောင်စီက သဘာဝဘေးအတွက် ရန်ပုံငွေထားရှိရေးထက်ကို စစ်အသုံးစရိတ်ကိုသာ တိုးမြှင့်သုံးဆောင်နေသည့်အတွက် ယခုလို သဘာဝဘေးကြုံတွေ့လာချိန်တွင် စစ်ကောင်စီက သဘာဝဘေးသင့်ပြည်သူများအတွင် ထိရောက်သည့် ကူညီကယ်ဆယ်မှုများ မလုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

    “ကျွန်တော်တို့ အရှေ့မှာ စစ်တပ်က ကိုင်တွယ်ခဲ့တာတွေရှိတယ်။ နာဂစ်ရှိမယ်။အနီးဆုံးဆို ရေဘေးနဲ့မိုခါရှိမယ်။ဒါတွေမှာ စစ်တပ်က ဘယ်လိုကိုင်တွယ်ခဲ့လဲ။ စစ်တပ်ရဲ့အကူအညီကို ပြည်သူတွေဘယ်လောက်ရကြသလဲ။ နာဂစ်တုန်းကဆိုရင်လည်း နိုင်ငံတကာက ၁၀၀ ဖိုးကူညီရင် ပြည်သးက တကျပ်လောက်ရတာလေ။ ဒါတွေက သာဓကတွေပဲ။ဒီအချိန်မှာ နိုင်ငံတကာကလည်း ဒါတွေကို သတိပြုဖို့လိုပါတယ်။အခုဆိုရင်လည်း ​ကျွန်တော်တို့ကြည့်နေတယ် လမ်းပေါ်မှာ ထမင်းထုပ်ဝေပေးနေတာ စစ်တပ်လား၊ရဲလား၊ အကုန်လုံးက ပြည်သူကပဲ အလှူခံပြီး ပြည်သူကိုပြန်ကျွေးနေကြတာဖြစ်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီက နိုင်ငံတကာထံမှ ငလျင်ဘေးအတွက် အကူအညီ ဒေါ်လာ သန်း ၅၀ အထိရရှိထားပြီး အဆိုပါ အကူအညီများ ငလျင်ဘေးသင့်ပြည်သူများထံ မရောက်မည်ကို အရပ်ဘက်အဖွဲ့အစည်းများက စိုးရိမ်နေကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts